News

POST TYPE

PERSPECTIVE

ငြိမ်းချမ်းရေးဖြစ်စဉ်သည် NCA နှင့် ၂၁ ပင်လုံညီလာခံဖြင့် မလုံလောက်ဟု လွိုင်ကော်ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ ဆုံးဖြတ်
ရန်ကုန်၊ မေ၂၈

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) နှင့် ၂၁ ရာစုပင်လုံ ညီလာခံအပါအဝင် ၂၀၀၈ အခြေခံဥပဒေတို့ဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် မလုံလောက်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အပါအဝင် အရပ်ဘက်နိုင်ငံရေး အင်အားစုများ ပါဝင်ဆွေးနွေးသည့် လွိုင်ကော်ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲက ဆုံးဖြတ်ခဲ့သည်။

အဆိုပါနှီးနှောဖလှယ်ပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့၌ မေလ၂၆ ရက် မှ ၂၈ ရက်အထိ တိုင်းရင်းသားပါတီအများစုဖြင့် ဖွဲ့စည်းထားသော UNA၊ ပြည်တွင်းမှ နိုင်ငံရေးအင်အားစုများနှင့် နိုင်ငံရေးပါတီအချို့ စုဖွဲ့ထားသည့် တိုးတက်သော ဒီမိုကရက်တစ်အင်အားစု (PDF) နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃၅၈ ကျော် တက်ရောက်ခဲ့သည်။

“၂၁ ရာစုပင်လုံနဲ့ မလုံလောက်ဘူးဆိုတာကတော့ ရှင်းပါတယ်။ အားလုံး ပါဝင်ခွင့် မရကြဘူး။ ပြီးတော့ ငြိမ်းချမ်းရေးဆိုတာ တစ်နိုင်ငံလုံးရဲ့ အရေးကိစ္စဗျ။ ဒါကို လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေကပဲ အဆုံးအဖြတ်လုပ်တာက မဖြစ်သင့်ဘူး”ဟု အဆိုပါနှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့သည့် လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆိုသည်။

မြန်မာ့တပ်မတော်မှ တစ်နိုင်ငံလုံး အပစ်ရပ်စဲကြောင်း ကြေညာရန်၊ အစိုးရက အခြေခံလူ့အခွင်ရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများကို တားဆီးနေသော ဥပဒေများနှင့် အမိန့်ညွှန်ကြားချက်များကို ဖျက်သိမ်းပေးရန်၊ စစ်ရေးအမြင်ဖြင့် တိုင်းရင်းသားဒေသများတွင် လမ်း၊ တံတားဖောက်လုပ်ခြင်း၊ ဒေသခံများ ကန့်ကွက်သော စီမံကိန်းများကို ရပ်ဆိုင်းပေးရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA မထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း ပါဝင်ခွင့်ပြုရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူလူထုပါဝင်ခွင့်ရရှိရန် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

လက်ရှိအချိန်တွင် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်မြောက် အစည်းအဝေး ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းထားပြီး ကချင်၊ ရှမ်းမြောက်၊ ရခိုင်ဒေသတို့ရှိ NCA မထိုးသားသည့် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိကာ မေလဆန်းပိုင်းကလည်း NCA ထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့်ပါ စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့သည်။

ထို့အပြင် နိုင်ငံရေးဆွေးနွေးမှု အဆင့်ဆင့်တိုင်းတွင် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုကို အလေးပေးဆောင်ရွက်ရန်၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီရေးတို့ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကို ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု စံနှုန်းများဖြင့် ဖော်ဆောင်ရန်နှင့် ပြဿနာများဖြေရှင်းရာ၌ စစ်ရေးနည်းလမ်း အသုံးမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန် UNA က မေလ ၂၇ ရက်၌ သဘောထားကြေညာခဲ့သည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် အစိုးရ၊ တပ်မတော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ကြပြီး နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အလွတ်သဘော ဆွေးနွေးခဲ့ပြီး ထိုဆွေးနွေးပွဲမှ အချက်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ခေါင်းဆောင်များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေလ ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်ကြာ ပြန်လည်ညှိနှိုင်းလျက်ရှိသည်။

ဝေလင်း