News

POST TYPE

PERSPECTIVE

COE မရှိဟုဖြေဆိုခဲ့မှု ပြန်ရှင်းပေးရန် ပညာရေးဝန်ကြီးထံ စာတင်မည်
17-May-2018

ရန်ကုန်၊ မေ ၁၆

တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်၌ COE (Center of Excellent - စံပြတက္ကသိုလ်ဟု ယူဆနိုင်မည်) ဟု အမည်တပ်၍ ဖော်ပြထားသည့်တက္ကသိုလ် မရှိကြောင်း ပြောဆိုခဲ့မှု ပညာရေးဝန်ကြီးအနေနှင့် ပြန်ဖြေရှင်းရန် ယခုသီတင်းပတ်အတွင်း စာတင်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး မေလ ၁၄ ရက်တွင် မင်းလှမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးသန်းအောင်စိုးက COE (Center of Excellent) ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ဘွဲ့ရရှိသူများသည် အခြားတက္ကသိုလ်များမှ ဘွဲ့ရသူများနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရာတွင် မည်သို့ကွာခြားကြောင်း မေးမြန်းခဲ့သည်။ 

ထိုမေးခွန်းကို ပညာရေးဝန်ကြီးက တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်၌ COE ဟု မပါရှိကြောင်းနှင့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် ဝိဇ္ဇာချွန်ဆုနှင့် သိပ္ပံချွန်ဆုများကိုသာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ တာဝန်ခံ ကိုဘုန်းထက်နောင်က “ကျောင်းသားတွေက COE ဆိုလို့ လာတက်ကြတာများတယ်။ COE မရှိလည်း ဘာမှထူးခြားသွားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ (ပညာရေးဝန်ကြီး) လုပ်တာက ပွင့်လင်းမှုမရှိဘူး။ ကျွန်တော်တို့ ကျောင်းသားတွေကို အသိမပေးဘူး။ ပြောင်းမယ်ဆိုမှ ဝုန်းဒိုင်းကြီးပြောင်းလိုက်တာ။ ဒါကို ကျောင်းသားတွေက မကျေနပ်ကြဘူး”ဟု ပြောကြားသည်။ 

ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ ပုံမှန်အတိုင်းပြန်ဖွင့်သည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ ထိုတက္ကသိုလ်နှစ်ခုကို COE အဖြစ် သုံးနှုန်းခဲ့သည်။ ထို့ကြောင့် ကျောင်းသားများက ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်ကို ကျန် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များထက် ထူးခြားသည်ဟုယူဆကာ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ သဘောထားထုတ်ပြန်စာတွင် ဖော်ပြထားသည်။ 

သို့သော် ယခုအခါ COE သတ်မှတ်ခြင်းမဟုတ်ကြောင်း ပြောကြားမှုကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် နောက်ဆက်တွဲ ပညာရေးလမ်းကြောင်းများအတွက် အခက်အခဲရှိကြောင်း၊ ထိုသို့ မပြောဆိုမီအချိန်က ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ကို စံပြတက္ကသိုလ် (COE) အဖြစ် သတ်မှတ်ယူဆထားကြကြောင်း၊ ကျောင်းသားများက ပြောဆိုကြသည်။

ရန်ကုန်တက္ကသိုလ်တွင် ဒုတိယနှစ် တက်ရောက်ရမည့် နိုင်ငံရေးသိပ္ပံ ဘာသာရပ် အထူးပြုကျောင်းသား ကိုအောင်ကောင်းဆက်နိုင်က “ကျောင်းသားတွေက COE ဆိုတဲ့ ဂုဏ်ကိုလိုချင်လို့ အရင်ကတည်းက အမှတ်အများကြီးရအောင်ကြိုးစားပြီး တက်ကြတဲ့သူတွေရှိတယ်။ အဲလိုကျောင်းသားတွေကိုလည်း အသိမပေးဘဲ ပြည်သူတွေကိုလည်း အသိမပေးဘဲ COE မရှိပါဘူးလို့ ပြောတာကို လက်မခံဘူး”ဟု ပြောဆိုသည်။

COE သည် တက္ကသိုလ်ဝင်တန်းအမှတ်များသူများသာ တက်ရောက်ခွင့် ရရှိခြင်းဖြစ်သော်လည်း ဘွဲ့ရပါက အလုပ်အကိုင်အခွင့်အလမ်းရရှိမှုသည် အခြားတက္ကသိုလ်များနှင့် ကွာခြားမှုမရှိသည့်အတွက် ယခင်ကတည်းက COE သတ်မှတ်ချက်ကို မကြိုက်သော်လည်း  ပညာရေးဝန်ကြီးက ကျောင်းသားများကိုအသိမပေးဘဲ ပြောင်းလဲလိုက်ခြင်းကို လက်မခံနိုင်ကြောင်း ကိုအောင်ကောင်းဆက်နိုင်က ပြောကြားသည်။ 

မြန်မာနိုင်ငံတက္ကသိုလ်များတွင် COE ဟု သတ်မှတ်ထားသည့်တက္ကသိုလ် မရှိကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၏ ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင်လည်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကြား သူ့အမြင်၊ ကိုယ့်အမြင်ဝေဖန်မှုများ အသီးသီး ရေးသားနေကြသည်ကို တွေ့ရှိရသည်။ 

မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်၌ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်စုစုပေါင်း ၄၈ ကျောင်း၊ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ် ၆၀ ကျောင်း၊ ပညာရေးကောလိပ် ၂၅ ကျောင်း စုစုပေါင်း ၁၃၃ ကျောင်းရှိကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။ 

J-19


  • VIA