News

POST TYPE

PERSPECTIVE

ဖက်ဒရယ်စနစ်နှင့် ပဋိပက္ခ ဖြေရှင်းရေး
16-May-2018

မျက်မမြင်ပုဏ္ဏားခြောက်ယောက်

ယခုအချိန်တွင် ဖက်ဒရယ်ကို ဖွင့်ဆိုရသည်မှာလည်း မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်တစ်ကောင်ကို အဓိပ္ပာယ် ဖွင့်သလိုဖြစ်နေမည် စိုးပါသည်။ ဤသည်မှာလည်း အပြစ်မဆိုသာ။ မိမိရပ်တည်သောနေရာက စူးစမ်းလေ့လာရခြင်း ဖြစ်သည်။ ယုတ်စွအဆုံး အချုပ်အခြာအာဏာ သဘောတရားကို ဖွင့်ဆိုသည်မှအစ အငြင်းပွားဖွယ်နှင့် စတင် ဖွင့်ဆိုကြပါသည်။ ဖက်ဒရယ်နောက်ကြောင်းပြန်ကြည့်လျှင် ရောမ၊ ခေါမ(ဂရိ) အေသင် မြို့ပြနိုင်ငံများမှသည် မျက်မှောက်ခေတ်အထိ အပြောင်းအလဲ များစွာဖြင့် ဖြစ်တည်လာသော ကိစ္စဖြစ်၍ ဆင်တစ်ကောင်လုံးကို အမိအရ ဖက်တွယ်ရမည်မှာလည်း ဝန်နှင့်အားမမျှတပေ။ မလွှဲမရှောင်သာ ဆင်ဖမ်း၊ ကျားဖမ်း တာဝန်ကျပြန်တော့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ချဉ်းကပ်မျှဝေခြင်း ဖြစ်ပါသည်။ 

ဖက်ဒရယ်ကို ပညာရှင်များ၏ ဖွင့်ဆိုချက်များအနက် အချို့မှာ- 

“ဖက်ဒရယ် အခြေခံသဘောအရ ဗဟိုအစိုးရနဲ့ ဒေသအစိုးရတို့ကြား ညှိနှိုင်းအောင်ရွက်မှုနဲ့ လွတ်လပ်မှု နယ်ပယ်အတွင်းက အာဏာခွဲဝေသုံးစွဲတဲ့ နည်းလမ်းလို့ ကျုပ်ယူဆတယ်”
Wheare, Federal Government (1946)

“ဖက်ဒရေးရှင်းဆိုတာ သီးခြားဖြစ်နေတဲ့ အဖွဲ့အစည်းဆိုင်ရာပုံစံ သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေပြု အကာအကွယ်ယူပြီး ဗဟိုအစိုးရရဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ထုံးလုပ်နည်းတွေထဲမှာ ဆီလျော်တဲ့ အုပ်ချုပ်ရေးနယ်မြေ (Constituent Unit) (မဲဆန္ဒနယ်၊ တိုင်း၊ဒေသကြီး) စုဖွဲ့ထားတဲ့အရာဖြစ်တယ်။
Burgess and Gagnon (1993)

“ဖက်ဒရယ်လစ်ဇင်ဆိုတာဟာ (၁) ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရကြားမှာ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အာဏာ ပိုင်းခြားထားတယ်၊ (၂) အစိုးရအဆင့်တိုင်းမှာ အပြီးအပြတ် ဆုံးဖြတ်ချက် ချတာနဲ့ပတ်သက်တဲ့ အကြောင်းရပ် ကိုယ်စီရှိတယ်၊ (၃) ဖက်ဒရယ်လစ်ဇင်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေအတွက် စီရင်ဆုံးဖြတ်တဲ့ ပြည်ထောင်စုအဆင့် ခုံရုံးရှိတယ်”
Kelemen (2003)

ပထမဖွင့်ဆိုချက်သည် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်သည့် နည်းလမ်းဘက်ကို အဆိုပြုထားသည်။ ဒုတိယ ဖွင့်ဆိုချက်သည် ပြည်ထောင်စုစစ်စစ်အဆင့်သို့ ပြီးပြည့်စုံအောင် မရောက်သေးသည့် ဖွဲ့စည်းပုံတစ်ရပ်ရပ်ဖြင့် အုပ်ချုပ်နေသော ဖက်ဒရေးရှင်းနိုင်ငံတစ်ခုကို ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် အဆင့်ဆင့် ဆောင်ရွက်ရန်အလို့ငှာ ဖက်ဒရယ်အသိတိုးပွားရန်လိုအပ်ကြောင်း ထောက်ပြချက်အဖြစ် ယူဆနိုင်ပြီး၊ တတိယအဆိုမှာ ဖက်ဒရယ်ပီသရန် မည်သည့် အင်စတီကျူးရှင်းများနှင့် ပြည့်စုံရမည်ဟူသော သတိပေးချက်အဖြစ် ရှုမြင်နိုင်ပါသည်။

ဖက်ဒရယ်မော်ဒယ်လ်များကို လေ့လာသည့်အခါလည်း တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ဖြစ်နေပါသည်။ သို့သော် ယင်းဖြစ်စဉ်ကပင်လျှင် မတူညီသော အခြေအနေပေါ်တွင် မူတည်၍ ညီညွတ်မျှတသော ဖြည့်ဆည်းဆောင်ရွက်မှုများ (Accommodations) ပြုလုပ်ရကြောင်း ထင်ရှာစေပါသည်။ ယင်းမော်ဒယ်လ်များကို အကြမ်းအားဖြင့် ဂန္ထဝင်ပုံစံ (Classic Model)၊ တစ်ပြည်ထောင်စနစ်မှ ဆင့်ကဲဖြစ်တည်လာသောပုံစံ (Evolution from Unitary)၊ လူမျိုးစုပဋိပက္ခမှ ပေါ်ထွက်လာသောပုံစံ (Emerging from ethnic conflicts)၊ လက်တင် အမေရိက ဖက်ဒရေးရှင်းပုံစံ (Latin American federations)၊ ကိုလိုနီ ခေတ်လွန်ပုံစံ (Post-Colonial federation) ဟူ၍ ခွဲခြားနိုင်သည်။ ယင်းကို နိုင်ငံအလိုက်ဥပမာပေးရသော်-

(၁) ဂန္ထဝင်မော်ဒယ်လ် (အမေရိကန် (၁၇၈၀)၊ ဆွစ်ဇာလန် (၁၈၄၈)၊ ကနေဒါ (၁၈၆၈)၊ ဩစတြေးလျ (၁၉၀၁)
(၂) တစ်ပြည်ထောင်စနစ်မှ ဆင့်ကဲဖြစ်တည်လာသောပုံစံ (ဘယ်လ်ဂျီယံ(၁၉၉၃)၊ အီသီယိုးပီးယား (၁၉၉၅)
(၃) လူမျိုးစုပဋိပက္ခမှ ပေါ်ထွက်လာသော ပုံစံ (ဘော့စနီးယား ဟာဇီဂိုဗီးနား (၁၉၉၅)၊ တောင်အာဖရိက (၁၉၉၆)
(၄) လက်တင် အမေရိက ဖက်ဒရေးရှင်းပုံစံ (ဗင်နီဇွဲလား (၁၈၁၁)၊ မက္ကဆီကို (၁၈၂၄)၊ အာဂျင်တီးနား (၁၈၅၃)၊ ဘရာဇီး (၁၈၉၁) (ယင်းတို့သည် ဖက်ဒရယ်ပုံစံနှင့်စ၍ အာဏာရှင်များလက်အောက်သို့ ရောက်ခဲ့ကြပြီး ၂၀ ရာစု အကုန်ပိုင်းတွင် ဒီမိုကရေစီစနစ်ကို ပြန်ပြောင်းကျင့်သုံးပြီး၊ ဖက်ဒရယ်နိုင်ငံများ ပြန်ဖြစ်လာသည်။
(၅) ကိုလိုနီခေတ်လွန် ဖက်ဒရယ်ပုံစံ နိုင်ငံများမှာ အိန္ဒိယ (၁၉၄၉)၊ နိုင်ဂျီးရီးယား (၁၉၅၄)၊ ပါကစ္စတန် (၁၉၅၆)၊ မလေးရှား (၁၉၅၇) တို့ဖြစ်ပါသည်။

ဖက်ဒရယ်ပုံစံသည် ပုံတူကူး၍မရပါ။ သင်ခန်းစာယူသော် ရနိုင်ကောင်းသည်။ ဦးစားပေး၍ လေ့လာလိုလျှင် ကိုလိုနီခေတ်လွန်နိုင်ငံများနှင့် လူမျိုးစု ပဋိပက္ခများ အလွန်တွင် တည်ဆောက်ထားသော နိုင်ငံများနှင့် တွဲဖက် လေ့လာသင့်သည်ဟု မြင်ပါသည်။ လက်တွေ့တွင်ကား မိမိတို့ နိုင်ငံတွင်း လက်ရှိ အခြေအနေတွင်မူတည်၍ တည်ဆောက်ရမည်ဖြစ်ပါသည်။ တည်ဆောက်နေဆဲလည်း ဖြစ်ပါသည်။

ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများ၏ လက္ခဏာများ

(၁) ဗဟို (ပြည်ထောင်စု) အစိုးရနှင့် ပြည်နယ်အစိုးရကြား ဖွဲ့စည်းပုံ အခြေခံသဘောအရ ခွင့်ပြုထားသော အာဏာခွဲဝေသုံးစွဲမှု ရှိသည်။ (distribution/division of power) 
(၂) ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်များကို ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ပေးထားသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတော်၏ စည်းလုံးညီညွတ်မှုကို တစ်ခုတည်းသော အချုပ်အခြာအာဏာအောက်တွင် တစ်ခုတည်းသော ဗဟိုအစိုးရက ထိန်းသိမ်းဆောင်ရွက်ပြီး၊ နိုင်ငံတကာအဆင့်တွင်လည်း သွင်ပြင်လက္ခဏာတစ်ခုတည်း ရှိရမည့်အပြင် နိုင်ငံတော်သည် အားလုံးကို ကိုယ်စားပြုရမည်။ 
(၃) နိုင်ငံတော်အတွင်း မှီတင်းနေထိုင်သော နိုင်ငံသားအားလုံးသည် အားလုံးနှင့်သက်ဆိုင်သည့် တစ်ခုတည်းသော နိုင်ငံသားဖြစ်ရမည်။ 
(၄) ပြည်သူလူထု အချင်းချင်းနှင့် စီးပွားရေးတို့တွင် တစ်စည်းတစ်လုံးတည်းရှိသည်။ 
(၅) အနည်းဆုံး ပြည်နယ်နှစ်ခုရှိပြီး ပြည်နယ် တစ်ခုချင်းစီတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းများ ကိုယ်စီရှိကြသည်။ 
(၆) ပြည်ထောင်စု နိုင်ငံတော်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ ပုဂ္ဂလဓိဋ္ဌာန်သဘောသာ ဖြစ်သည်။ ပြည်နယ်များအတွက်မဟုတ်။ အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ တာဝန်ရှိမှုအောက်တွင် လိုက်နာကျင့်သုံးခြင်း၊ ဂရုမစိုက်ဘဲနေခြင်းသည် ဥပဒေအရ တရားဝင် အသိအမှတ်ပြုထားသည့် ပြည်ထောင်စုနှင့်သာ တစ်သီးပုဂ္ဂလဆိုင်သည်။ ပြည်နယ်များအတွက် မဟုတ်။

မြန်မာနိုင်ငံအဖို့ ဖက်ဒရယ်မူကို အစိုးရဖွင့်ဆိုပုံ၊ တပ်မတော်၏ ဖွင့်ဆိုပုံ၊ တိုင်းရင်းသား လူမျိုးများ၏ ဖွင့်ဆိုပုံနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ဖွင့်ဆိုပုံ မတူညီကြပေ။ ယင်းမှာလည်း ရေခံမြေခံပေါ်တွင် မူတည်၍ ကွဲပြားခြင်းဖြစ်ရာ အလွန် သဘာဝကျပေသည်။ ဖက်ဒရယ်ဝါဒီတို့မှာ မည်သူ့ကိုမှားသည်၊ မည်သူက မှန်သည်ဟူ၍ အဖြေထုတ်ရန် တာဝန်မရှိပါ။ သို့သော် ဥပဒေသဘောအရ၊ ဖွင့်ဆိုမှုအရ မူလအဓိပ္ပာယ်မှ သွေဖည်သွားလျှင် အပြုသဘောနှင့် အကြံပြု ဆောင်ရွက်ပေးရမည်ဖြစ်သည်။ မတူညီမှုများကိုလည်း မျက်နှာချင်းဆိုင် လက်တွေ့ကျကျ ဆွေးနွေး၍ win win ဖြစ်အောင် ဆောင်ရွက်ရပေမည်။ သို့မှသာ အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ကြမည်ဖြစ်သည်။ မိမိလိုချင်သော အရာကိုသာ တစ်ဖက်နှင့်တစ်ဖက် ပြောနေလျှင် အဖြေ ထွက်လာစရာမရှိ။ အဖြေထွက်စရာမရှိလျှင်ပင် ဆွေးနွေးညှိနှိုင်းဖို့ နောက်တစ်ခါ တွေ့ကြစို့ဟူသည့် အပြုသဘော မျှော်မှန်းချက်ထားရပေမည်။

ပဋိပက္ခ စီမံခန့်ခွဲမှုနှင့် ဖက်ဒရယ်လစ်ဇင်

ဖက်ဒရယ်စနစ် ဖြစ်ပေါ်လာရခြင်းအကြောင်းသည် မတူကွဲပြားမှုကို ညီညွှတ်မျှတအောင် ပြုလုပ်ခြင်း ဖြစ်သည်။ မတူကွဲပြားမှု စီမံခန့်ခွဲရေး (Diversity Management) ဟုလည်း ဆိုနိုင်သည်။ မတူကွဲပြားခြင်း၊ အင်အားမညီမျှခြင်း၊ လူနည်းစုဖြစ်နေခြင်းတို့သည် စိန်ခေါ်မှုကို အမြဲတမ်းပေးလေ့ရှိပါသည်။ ထိုစိန်ခေါ်မှုသည် မြန်မာနိုင်ငံ သာမက အိန္ဒိယ၊ အင်္ဂလန်၊ စပိန် စသော ဒီမိုကရေစီနိုင်ငံများအတွက်လည်း စိန်ခေါ်မှုဖြစ်ပါသည်။ အထူးသဖြင့် လူသားမျိုးနွယ်စု မတူညီသော လူနည်းစုက ဗဟိုအစိုးရအပေါ် နိုင်ငံရေးအရ စိန်ခေါ်မှု အရှိနိုင်ဆုံး ပြဿနာလည်း ဖြစ်ပါသည်။ ယင်းမှာ လူများစုက လူနည်းစုအပေါ် အခွင့်အရေး တန်းတူမရခြင်း၊ ခွဲခြားဆက်ဆံမှုရှိခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း စသည့်ဖြင့် စိတ်ပိုင်းဆိုင်ရာအရ ခံစားနေရသည့် အခြေအနေမှ စတင်သည်။ ယင်းအခြေအနေမှစ၍ ဆန္ဒပြဆူပူအုံကြွသည့် အဆင့်၊ ထိုမှတစ်ဆင့် အဆုံးတွင် လက်နက်စွဲကိုင် တော်လှန်သည်အထိ ဖြစ်ကြရသည်။

ယင်းကို မည်သို့ ဆီလျော်ညီညွတ်မှုရှိအောင် ဖြေရှင်းဆောင်ရွက်ပေးမည်နည်း။ ဗဟိုမှ မည်သည့်အခန်းကဏ္ဍများကို ဖြေလျှော့ပေးမည်နည်း၊ မည်သည့်အရာကို စုဖွဲ့တည်ဆောက်ပေးမည်နည်း (ဖွဲ့စည်းပုံ၏ သဘော)၊ မည်သူများကို စုဖွဲ့ပေးမည်နည်း (Ethical Identity) စသည် တို့ကို ဦးစွာ ပထမစဉ်းစားရာသည်။

နိုင်ငံရေးအရ ဖြေရှင်းနည်းလေးခုမှာ အောက်ပါအတိုင်းဖြစ်သည်။ 

(၁) မျိုးတုံးသတ်ဖြတ်ခြင်း (Genocide)
(၂) စုစည်းသိမ်းသွင်းခြင်း (Assimilation)
(၃) နှစ်ဖက်သဘောတူ ပူးတွဲဆောင်ရွက်ခြင်း (Integration)
(၄) မိမိကြမ္မာ မိမိဖန်တီးနိုင်အောင် ဆောင်ရွက်ပေးခြင်း (Accommodation) 
(၅) ခွဲထွက်ခြင်း (Secession) တို့ဖြစ်ပါသည်။ 

မတူညီသောနမူနာအတွက် ဗြိတိန်မှ စကောတလန်နှင့် စပိန်မှ ကာတာလိုနီယားတို့၏ ခွဲထွက်မှုအကြောင်းကို တင်ပြပါမည်။

စကော့တလန်ဖြစ်ရပ် (ဗြိတိန်)

ဗြိတိန်နိုင်ငံ၏ဆင့်ကဲဖြစ်စဉ်တွင် ဆဲလတစ်စကော့ (Celtic Scots) လူမျိုးများနှင့် ဝေးလ် (Welsh) လူမျိုးများကို ရာစုနှစ်များစွာက အန်ဂလို ဆက်ကဆွန် (Anglo-Saxon) လူမျိုးများက တိုက်ခိုက်ကာ နယ်စွန် နယ်ဖျားသို့ ပို့ခြင်းခံခဲ့ကြရ၍ အင်္ဂလန်နှင့်ယင်းတို့၏ခြားနားမှုကို အမြဲလိုလို နှလုံးပိုက်လျက်ရှိသည်။ စကော့နှင့် ဝေးလ်လူမျိုးများသည် အင်္ဂလန်မှ အုပ်ချုပ်မှုကို အခဲမကျေ ဖြစ်နေခဲ့သည်။ မူလက ဗြိတိန်သည် ဝေးလ်နှင့် ၁၅၃၆၊ စကော့တလန်နှင့် ၁၇၀၇၊ မြောက်အိုင်ယာလန်နှင့် ၁၈၀၁၊ အိုင်ယာ လန်တစ်ခုလုံးနှင့် ၁၉၂၂ တွင် ပေါင်းစည်းခဲ့သည်။ သက်ဆိုင်ရာ ပြည်နယ်များ၏ အခြေအနေနှင့် ကြွယ်ဝမှုအလိုက် အသွင်မတူသော အုပ်ချုပ်မှုစနစ်ရှိသည်။ (ကျွန်ုပ်တို့က သွေးခွဲအုပ်ချုပ်သည့်စနစ် (Divided in Rule) ဟုခေါ်သည်)။ 

၁၉၇၀ ပြည့်နှစ်များတွင် စကော့နှင့်ဝေးလ် အမျိုးသားပါတီများသည် ပါလီမန်များတွင် နေရာများစွာ ရွေးချယ်တင်မြှောက်ခံကြရသည်အထိ အင်အားကြီးထွားလာခဲ့ကြသည်။ ၁၉၇၇ လေဘာပါတီအစိုးရသစ်မှ ဝန်ကြီးချုပ်တိုနီဘလဲလက်ထက်တွင် စကော့တလန်၊ ဝေးလ်နှင့် မြောက် အိုင်ယာလန် (North Ireland) တို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးသည့် အဆင့်ဆင့် ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်မူကြမ်းကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့သည်။ စကော့ပါလီမန်သည် ၁၉၉၉ တွင် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ် အတည်ပြုခံခဲ့ရပြီး အမေရိကန်တို့ကဲ့သို့ အခွန်စည်းကြပ်သည့် အခွင့်အာဏာ၊ စကော့ပညာရေးစနစ် အကောင်အထည်ဖော်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ တရားစီရင်ရေးနှင့် ဒေသန္တရအစိုးရအဖွဲ့တို့ပါရှိသည့် စကော့နတ် (Scot Nats) အစိုးရတစ်ရပ် ရှိနေပေပြီ။ အချို့က ဗြိတိန်သည် တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်စနစ်ဟု ဆိုကြသော်လည်း တရားဝင်အားဖြင့် တစ်ပြည်ထောင်စနစ်ပင်ဖြစ်သည်။ သို့သော် ဘုရင်မကြီးက အခေါင် အချုပ်ဖြစ်၍ ကာကွယ်ရေး တာဝန်ကို ဗဟိုက တာဝန်ယူထားသဖြင့် တစ်ပြည်ထောင်သဘောဟု ဆိုရခြင်းဖြစ်သည်။ ယင်းသည် ငြိမ်းချမ်းစွာ ဖြေရှင်းသော ဖက်ဒရယ်၏နမူနာဖြစ်သည်။ စကော့လူမျိုးများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-rule) ကိုရရှိသဖြင့် ကျေနပ်နေကြသည်။ စကော့တို့အတွက် ဆန္ဒခံယူပွဲ ကျင်းပခွင့်ဥပဒေကို ၂၀၁၁ တွင်ပြဋ္ဌာန်းပြီး ၂၀၁၄ တွင် ရွေးကောက်ပွဲကျင်းပရာ မဲပေးပိုင်ခွင့်ရှိသူ၏ ၈၄ ဒသမ ၆ ရာခိုင် နှုန်းမဲပေး၍ ခွဲမထွက်လိုသည့်ဘက်က ၅၅ ရာခိုင်နှုန်းနှင့် ခွဲထွက်လိုသည့်ဘက်က ၄၅ ရာခိုင်နှုန်းဖြစ်၍ အထမမြောက်ခဲ့။ မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီနှင့် ငြိမ်းချမ်းမှုကို ထိန်းသိမ်းနိုင်ခဲ့သည်။

ကတ်တလိုးနီးယား(စပိန်)

စပိန်နိုင်ငံသည် အာဏာကို ခွဲဝေအုပ်ချုပ်ခဲ့သည်။ ဤတွင် အရေးကြီးသည့် ပြဿနာ ပေါ်ပေါက်လာခဲ့သည်။ ဖရန်စစ္စကို ဖရန်ကို (Francisco Franco) ၏ အာဏာရှင်အုပ်ချုပ်မှုအောက်တွင် ကာလရှည်စွာ ဖိနှိပ်ခြင်းခံခဲ့ရသောဒေသအတွင်း မကျေနပ်မှုများက ဒေါသအသွင်နှင့် ပေါ်ထွက်လာခဲ့သည်။ စပိန်နိုင်ငံ၏ ဒေသစွဲ ပြဿနာသည် ဥရောပတွင် အခက်ခဲဆုံးဖြစ်ပြီး၊ ယူဂိုဆလားဗီးယားက ဒုတိယလိုက်သည်။ ဘတ်စ်ခ်စ် (Basques) နှင့် ကက်တလန် (Catalan) တို့သည် စပိန်နိုင်ငံမြောက်ပိုင်းတွင်ရှိပြီး ကက်တလန် ဘာသာစကားမရှိ၊ ထင်ရှားသော ယဉ်ကျေးမှုလည်းမရှိပေ။ ဥပမာ - ဘတ်စကစ်တို့သည် အခြားသူများနှင့် ဆက်စပ်မှုမရှိသော ဘာသာစကားကို ပြောဆိုကြပြီး၊ ယင်းအတွက် အကြီးအကျယ် ဂုဏ်ယူနေကြသည်။ ထို့အပြင် စပိန်နယ်ပယ်အတော်များများတွင် ရာစုနှစ်များစွာမှ ယင်းတို့ တန်ဖိုးထားခဲ့သည့် အလယ်ခေတ်က Feuros ဟုခေါ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခဲ့ကြသည်။ စပိန်မှ ဗဟိုအာဏာပိုင်များက အလွန်ကြီးမားသည့် ဒေသတွင်း ကွဲပြားမှုများ၏ အထက်တွင် ပြင်သစ်ပုံစံအတိုင်း တစ်ပြည်ထောင်စနစ်ကို ထူထောင်ရန် ကြိုးပမ်းခဲ့ကြသည်။ အကျိုးဆက်ကား စပိန်ဒီမိုကရေစီကို တီထွင်ကြံဆသည့်အခါတိုင်း ကြီးမားသည့် မကျေနပ်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၁၈၇၄ တွင် ခွဲထွက်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာပြီး အလေးအမြတ် ပြုထိုက်သည့် နိုင်ငံ၏ စည်းလုံးညီညွတ်မှုအတွက် ၁၉၃၀ ခုနှစ်တွင် စပိန်တပ်မတော်က ချေမှုန်းခဲ့ရသည်အထိဖြစ်ခဲ့သည်။

ထိုနောက်ခံအခြေအနေနှင့်အတူ ၁၉၇၀ နောက်ပိုင်းတွင် စပိန်နိုင်ငံသည် ပြန်လည် အသက်ဝင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်များတွင် အော်တိုနိုမီယာ့စ် (Autinomias) ဟုခေါ်သည့် ဒေသဆိုင်ရာ အစိုးရအဖွဲ့ ၁၂ ခုပါဝင်သော ဖရန်ကို ခေတ်လွန် ဒီမိုကရေစီကို ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့သည်။ အနောက်မြောက်ပိုင်းမှ လူသတ်၊ ဗုံးခွဲခြင်းဖြင့် ဘက်စ်ခ်စ်၏ လုံးဝ လွတ်လပ်ရေးအတွက် အကြမ်းဖက်သမားများဖြစ်သော ETA (The Euskadi Ta Askatasuna, Basque for ]Basque Homeland and Liberty}) ၏ လှုပ်ရှားမှုများရှိနေသည့် ဘက်စ်ခ်စ် (Basques) ဒေသတွင် ကြီးမားသည့် ပြဿနာများ ရှိနေသေးသည်။ ဒေသစွဲကြီးသူများ၏ ခံစားချက်ကို ပြေလျော့စေရန် ကတ်တလိုးနီးယား (Catalonia)၊ ဂယ်လ်စီယာ (Galicia)၊ အန်ဒါလူစီယာ (Andalusia) နှင့် အခြားဒေသများတွင် ပို၍ မျှမျှတတ ရှိသောပုံစံများလည်း ပေါ်ထွက်လာခဲ့သည်။ မက်ဒရစ် (Madrid) အနေနှင့် ဒေသန္တရ ပါလီမန်များ၊ အခွန်စည်းကြပ်ပိုင်ခွင့်၊ ဘာသာစကား လွတ်လပ်ခွင့်များ၊ ဒေသဆိုင်ရာ ကိစ္စရပ်များကို စီမံထိန်းချုပ်ပိုင်ခွင့်တို့နှင့်အတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးအပ်ခဲ့သည်။ စပိန်နိုင်ငံသား အများစုသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သဘောတူညီကြသော်လည်း၊ အထူးသဖြင့် ကတ်တလိုးနီးယားဒေသတွင် ဗဟိုနှင့် အစွန်အဖျားဒေသ တင်းမာမှုများက အခွန်စည်းကြပ်မှုနှင့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုတွင် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်သည်။ ထို့ကြောင့် ၂၀၀၆ တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဥပဒေကို လွှတ်တော်မှ ပြဋ္ဌာန်းပေးခဲ့သည်။ ကက်တလန်ပါလီမန်နှင့် ကက်တလန် ခွဲထွက်ခွင့်အတွက် လွှတ်တော်နှစ်ရပ်က လက်ခံ အတည်ပြုခဲ့သည်။ သို့သော် ၂၀၁၇ အောက်တိုဘာ ၁ တွင် ကတ်တလိုးနီးယား ပြည်နယ်အတွက် ဆန္ဒခံယူပွဲပြုလုပ်ရာ မဲပေးပိုင်ခွင့်ရှိသူဦးရေ၏ ၄၇ ရာခိုင်နှုန်း မဲထည့်ကာ ၉၀ ရာခိုင်နှုန်းက ခွဲထွက်ရန်ဆန္ဒပြုခဲ့သည်။ စပိန်တွင် သွေးထွက်သံယိုဖြစ်သည်အထိ နှိမ်နင်းရခြင်းမှာ ဆန္ဒခံယူပွဲသည် ဒီမိုကရေစီစံတစ်ခုဖြစ်သော်လည်း ဖွဲ့စည်းပုံနှင့်အညီ မဟုတ်ဟု ခုံရုံးက ဆုံးဖြတ်သောကြောင့်ဖြစ်သည်။ ယင်းသည် ဗဟို ချုပ်ကိုင်လွန်းသော ဖွဲ့စည်းပုံနှင့် ဒီမိုကရေစီကို ကျင့်သုံးသောအခါ ပေါ်ပေါက်လာတတ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာပင်ဖြစ်ပါသည်။ စပိန်အဖြစ်ကို သင်ခန်းစာယူကြကုန်။

ကတိကဝတ်များနှင့် ဥပဒေများကို လေးစား

စကော့တလန်ဖြစ်ရပ်မှာ ဗြိတိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသော်လည်း ဗဟိုနှင့် ပြည်နယ်ကြား ကတိကဝတ်နှင့် တည်ဆဲဥပဒေများက ခိုင်မာပြီး လုပ်ပိုင်ခွင့်များ ရှင်းရှင်းလင်းလင်းရှိ၍ တစ်ဦး၏ပြဋ္ဌာန်းခွင့်ကို တစ်ဦးက လေးစားပြီး ကတိလည်း တည်ကြသောကြောင့် ဖြစ်ပေသည်။

ကမ္ဘာပေါ်၏ အရှေ့အလယ်ပိုင်း ဒေသများတွင်လည်း ကာ့ဒ်နှင့် အစ်ဇ်ဘိုလာတို့သည် သမိုင်းနှစ်ပေါင်း ထောင်ချီက ဆုံးရှုံးခဲ့သော အီရတ်နယ်မြေအတွင်းမှ နယ်မြေများကိုပြန်ရရန် ကြိုးစားလျက်ရှိပြီး အလားတူ လူ့သမိုင်း အစပျိုးသည့်ခေတ်ကပင် တည်ရှိခဲ့သော ပါလက်စတိုင်းတို့မှာ လည်း လူမျိုးနှင့်နယ်နိမိတ် ရှိနေသော်လည်း ယင်း၏နိုင်ငံကို နိုင်ငံအဖြစ် အသိအမှတ် မပြုကြသေးပေ။ တရားခံကား မည်သူနည်း။ ဤနေရာတွင် သမိုင်းလည်း အရေးပါသကဲ့သို့ နိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စု တည်ဆောက်ရေး (State Building, Nation Building) တို့ကလည်း သမိုင်းနှင့် ထပ်တူ အရေးကြီးကြောင်း သက်သေပြနေသကဲ့သို့ရှိသည်။ 

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည့် အမေရိကန်နှင့် ဂျာမနီကဲ့သို့ ဖက်ဒရယ်နိုင်ငံများသည်ပင်လျှင် ဗဟိုနှင့်အစွန်းအဖျားကြား ဟန်ချက် အစစ်အမှန်ကို ရှာနေဆဲဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်သည် သားစဉ်မြေးဆက် လုပ်ရမည့်အလုပ် ဖြစ်သည်။ 

ထင်အောင်အောင် 
Ref : Decentralization and minority right: Comparing Scotland and Catalonia, Paul Anderson;