News

POST TYPE

PERSPECTIVE

ပြစ်မှုနှင့် ပြစ်ဒဏ် မျှတစေရန် လိုအပ်ပါသည်
16-May-2018

အခြေခံပညာအဆင့်မှ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးအား အခြေခံပညာဦးစီးဌာန၏ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၈ ရက် နေ့စွဲပါစာအမှတ် ဌာနခွဲ(၁-ခ)/ ၅၈၃၉/ (စီမံ)ထုတ်ပယ် (၇) ဖြင့် ရာထူးမှထုတ်ပယ်သည့် ရုံးအမိန့်စာတစ်စောင်ကို လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့မြင်နေရပါသည်။ ဖြစ်စဉ်မှာ ကျောင်းအုပ်ကြီး သည် (က) အုတ်တံတိုင်းဆောက်လုပ်ရန်အတွက် အတန်းအသီးသီးမှ လှူစေခဲ့ခြင်း၊ (ခ) ရှယ်တာကွန်ကရစ်လမ်းခင်းခြင်းအတွက် ကျောင်းသား မိဘများထံမှအလှူခံခြင်း၊ (ဂ) ဝါဆိုသင်္ကန်းကပ်လှူရန် အတန်းအသီးသီးမှ သင်္ကန်း ၈၃ စုံနှင့် ငွေ ၈၉၃,၅၅၀ ကျပ်ကို အလှူခံခြင်း၊ (ဃ) တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာအတွက် ၂၀၀ဝ ကျပ်ကောက်ခံခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ အခန်း (၁၅)၊ နည်းဥပဒေ ၁၆၂၊ နည်း ဥပဒေခွဲ (ဃ) အရ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်သည့်အတွက် ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ အဆိုပါကျောင်းအုပ်ကြီးအား လူချင်းမတွေ့ဖူးပါ၊ ရင်းနှီးကျွမ်းဝင်ခြင်း မရှိဖူးပါ။

၂၂-၃-၂၀၁၈ ရက်နေ့တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/၂၀၁၈) အစီအစဉ် (၁၅၄) သဘောတူဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဝန်ထမ်းတစ်ဦးကို အရေးယူအပြစ်ပေးရန်ရှိပါက အမှုတွဲတည်ဆောက်ရပါသည်။ ရှေးဦးစုံစမ်းစစ်ဆေးမှုပြုရပါသည်။ ပြစ်မှု၏အတိုင်းအတာအရ ဌာနဆိုင်ရာစစ်ဆေးမှုပြုရပါသည်။ အဆင့်ဆင့် စစ်ဆေးမှုများ၏ တွေ့ရှိချက်၊ သုံးသပ်ချက်များကို အခြေခံလျက်သက်ဆိုင်ရာဝန်ထမ်းအဖွဲ့ အစည်းအကြီးအမှူးက ထပ်ဆင့်စိစစ်ပြီး အမိန့်ထုတ်ပြန်ရပါသည်။ အဆိုပါလုပ်ငန်းစဉ်အဆင့်ဆင့်သည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အခန်း (၁၁)၊ ပုဒ်မ ၅၄၊ ဝန်ထမ်းအားပြစ်ဒဏ်ချမှတ်သည့်အခါ (က) ပညာပေးပြုပြင်ရေးနှင့် စည်းကမ်းထိန်းသိမ်းမှုထိရောက်ရေးတို့ကို ဦးတည်ချက်ထားရမည်၊ (ခ) ပြစ်မှုနှင့်ပြစ်ဒဏ်လိုက်လျောညီထွေရှိစေရမည်ဆိုသော လမ်းညွှန်ချက်နှင့်အညီ သုံးသပ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အခြေခံပညာဦးစီးဌာန၏ ရုံးအမိန့်စာအရ ရာထူးမှထုတ်ပယ်ခြင်းခံရသော အထက်တန်းကျောင်းအုပ်ကြီး၏ အမှုတွဲဖြစ်စဉ်ပါ ရှေးဦးသုံးသပ်ချက်များသည် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ကိုက်ညီမှုရှိခြင်း မရှိခြင်းကို သက်ဆိုင်သူများ ပြန်လည်စိစစ်သင့်ပါသည်။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၊ အခန်း (၆)၊ အခြေခံပညာရေး - အခွင့်အလမ်း၊ အရည်အသွေးနှင့် လူတိုင်းအကျုံးဝင်မှု၊ မဟာဗျူဟာ (၃) လုပ်ငန်းအစီအစဉ် (၃) တွင် မိဘရပ်ရွာစသော ပြင်ပပုဂ္ဂိုလ်များ ပူးပေါင်းဆောင်ရွက်မှုရှိရေး၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို ဦးတည်နေပြီဖြစ်ပါသည်။ ကျောင်းများတွင်မိဘပြည်သူနှင့် ရပ်ရွာလူထု၏ ပူးပေါင်းပါဝင်မှုကို တိုးမြှင့်ကာ ဆုံးဖြတ်ချက်များချမှတ်နိုင်ရေးအတွက် ကျောင်းအုပ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် လိုအပ်ပါသည်ဟု ဖော်ပြထားပါသည်။

ပညာရေးဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သော အခြေခံပညာကဏ္ဍ၊ ပညာရေးစီမံခန့်ခွဲမှု စွမ်းရည်မြင့်မားရေးလုပ်ငန်းဆွေးနွေးပွဲ ပို့ချချက်များစာအုပ်၊ စာမျက်နှာ ၂၀၂ ကျောင်းအုပ်ကြီးများ၏ ဦးစားပေးမှုအသစ်များတွင်-

(က) ကျောင်းဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးသင်ယူမှုသို့ ပြောင်းလဲပေးနိုင်သည့် မျှော်မှန်းချက်ကို တည်ဆောက်ခြင်း၊

(ခ) အပြုသဘောဆောင်သော ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာသင်ယူမှုပတ်ဝန်းကျင်ဖြစ်အောင် မျှော်မှန်းချက်များနှင့် စံသတ်မှတ်ချက်များကိုအခြေခံ၍ မြှင့်တင်ပေးခြင်း၊ 

(ဂ) ကျောင်းဖွံ့ဖြိုးတိုးတက်ရေးတွင် ရပ်ရွာကကျယ်ကျယ်ပြန့်ပြန့် ပါဝင်အောင်ပံ့ပိုးခြင်းနှင့် ရပ်ရွာလူနေမှုဘဝ တိုးတက်ဖွံ့ဖြိုးရေးတွင် ကျောင်းအနေနှင့်ပါဝင်ခြင်းဟု လမ်းညွှန်ထားပါသည်။

အုတ်တံတိုင်းဆောက်လုပ်ရန် အလှူခံခြင်း၊ ရှယ်တာကွန်ကရစ် လမ်းခင်းခြင်းအတွက် ကျောင်းသားမိဘများထံမှ အလှူခံခြင်းတို့သည် ပညာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်အတိုင်း အပြုသဘောဆောင်သော ရုပ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာ သင်ယူမှုပတ်ဝန်းကျင်ဖြစ်အောင်ဆောင်ရွက်ခြင်း၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးတွင် ရပ်ရွာက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်အောင်ပံ့ပိုးခြင်းနှင့် ရပ်ရွာလူနေမှုဘဝ တိုးတက်ဖွံ့ဖြိုးရေးတွင် ကျောင်းအနေနှင့် ပါဝင်ခြင်းဆိုသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။

ပညာရေးဝန်ကြီးဌာန၏ ၁၉၉၉ ခုနှစ်၊ ပညာရေးမြှင့်တင်မှုအစီအစဉ် (ဒုတိယအဆင့်) သို့ တင်သွင်းသည့် စာတမ်းအမှတ် (၉) တွင် အခြေခံပညာရေးကဏ္ဍ၊ ပညာသင်နှစ်အလိုက် ပညာရေးပြက္ခဒိန်ရေးဆွဲအသုံးပြုရေး အစီအစဉ်ကို ဖော်ပြထားပါသည်။ ပညာသင်နှစ်တစ်နှစ်အတွင်း ပုံမှန်သင်ကြားရေးလုပ်ငန်းများအပြင် ကျောင်းတွင်းလုပ်ငန်းများ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းဆိုင်ရာလုပ်ငန်းများနှင့် နေ့ကြီးရက်ကြီး အထိမ်းအမှတ်လုပ်ငန်းများတွင် အခြေခံပညာကျောင်းအလိုက် ဆောင်ရွက်ရမည့် ပုံမှန်လုပ်ငန်းများကို သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး လမ်းညွှန်ထားခြင်းဖြစ်ပါသည်။ အဆိုပါလမ်းညွှန်ချက်အရ ဇူလိုင်လတွင် ဝါဆိုသင်္ကန်းကပ်လှူခြင်းဆိုသော လုပ်ငန်းစဉ်တစ်ရပ်ကို ထည့်သွင်းဖော်ပြထားပါသည်။ မိမိတို့ကျောင်းအခြေအနေအလိုက် စီစဉ်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်းသည် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ခြင်းသာ ဖြစ်ပါလိမ့်မည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားများထံမှ ၂၀၀ဝ ကျပ် ကောက်ခံသောဖြစ်စဉ်တစ်ခုကို တွေ့ရပါသည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြရာတွင် စာမေးပွဲကြီးကြပ်ရေးမှူးအဖြစ် တစ်နေရာမှ တစ်နေရာသို့ လှည့်လည်ဆောင်ရွက်ကြရပါသည်။ အဆိုပါကြီးကြပ်ရေးမှူးများအတွက် စာမေးပွဲကာလအတွင်း စားသောက်နေထိုင်စရိတ်ကို သက်ဆိုင်ရာ ပင်မကျောင်းများက ကျခံကြရပါသည်။ တစ်ခါတစ်ရံ အထက်အဆင့်အသီးသီးမှ လာရောက်သောပုဂ္ဂိုလ်များအတွက်လည်း ပင်မကျောင်းများကပင် ကျခံသုံးစွဲကြရပါသည်။ အဆိုပါကုန်ကျစရိတ်အတွက် အသုံးပြုရမည့် ငွေစာရင်းခေါင်းစဉ်မရှိသောကြောင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများသည် မိမိတို့အစီအစဉ်ဖြင့် ကြိတ်မှိတ်ဖြေရှင်းနေကြရသည်ကို အခြေခံပညာအဆင့်၌ ကျောင်းအုပ်လုပ်ဖူးသူတိုင်း ကိုယ်ချင်းစာ နားလည်လက်ခံကြလိမ့်မည် ဖြစ်ပါသည်။ 

အချို့သောကျောင်းအုပ်ကြီးများ၏ လုပ်ငန်းဆောင်ရွက်ခြင်း မပြေလည်မှုများကြောင့် ကျောင်းသားများထံမှ ငွေကြေးမကောက်ရဆိုသော အမိန့်ညွှန်ကြားချက်ကို ၂၀၀၆ ခုနှစ်ခန့်က စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ငွေကို စနစ်တကျအသုံးပြုနိုင်ရေးအတွက် စီမံခန့်ခွဲရမည့်အစား မည်သည့်ပိုက်ဆံမျှ မကောက်ကြရဟု အမိန့်ထုတ်ပြန်လိုက်ခြင်းကြောင့် အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများအနေနှင့် အခက်အခဲအမျိုးမျိုးဖြင့် ရင်ဆိုင်ဖြေရှင်းနေကြရပါသည်။ ငွေကြေးကို စနစ်တကျအသုံးပြုမှု ရှိခြင်း မရှိခြင်းကို အသေးစိတ်လေ့လာ စိစစ်သုံးသပ်ပြီး အလွဲသုံးစားလုပ်ပါက ဝန်ထမ်းစည်းကမ်းအရ အရေးယူ အပြစ်ပေးခြင်းသည်သာလျှင် မှန်ကန်သော ပညာရေးစီမံခန့်ခွဲမှု ဖြစ်စေပါလိမ့်မည်။ နိုင်ငံ့ဝန်ထမ်းဥပဒေအရ လမ်းညွှန်ထားပြီးဖြစ်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်မျှတစေရေးဆိုသောအချက်နှင့် လျော်ကန်သင့်မြတ်မည်ဖြစ်ပြီး စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခြင်းဆိုသော ဝန်ထမ်းအခွင့်အရေးကိုလည်း ရယူခံစားနိုင်မည်ဖြစ်ပါသည်။ 

ကျောင်းအုပ်ဆရာကြီးဆိုသည်မှာ ကျောင်းအုပ်ကြီးနှင့် ဆရာကြီးဆိုသောလုပ်ငန်းနှစ်ရပ်ကို တာဝန်ယူဆောင်ရွက်နေရသူ ဖြစ်ပါသည်။ ကျောင်းအုပ်ကြီးသည် ပညာရေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို ဦးဆောင်စည်းရုံးအကောင်အထည်ဖော်နေရသူဖြစ်သကဲ့သို့ ဆရာကြီးဆိုသည်မှာ သင်ကြားသင်ယူမှု အောင်မြင်ပေါက်မြောက်စေရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများကို လမ်းညွှန်ဖြည့်ဆည်း လေ့ကျင့်ပေးရင်းဖြင့် မိဘရပ်ရွာအဖွဲ့အစည်းများ၏ ငွေအား အကြံဉာဏ်အား လူအား အကူအညီများကို စည်းရုံးရယူနိုင်သူ ဖြစ်ကြရပါသည်။ ထို့ကြောင့် ကျောင်းအုပ်ဆရာကြီးသည် ရာထူးအရ ပေးအပ်ထားသောလုပ်ငန်းတာဝန်များ ကျေပွန်နိုင်စေရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ ရပ်ရွာ ပြည်သူလူထုအဖွဲ့အစည်းများကို စည်းရုံးရယူဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကို ပညာရေးသဘောတရားများနှင့်အညီ ပွင့်လင်းမြင်သာစွာ အသုံးပြုနိုင်ခွင့် ရှိစေရပါမည်။ 

သို့မှသာ အမျိုးသားပညာရေးမဟာဗျူဟာအရ မျှော်မှန်းထားသည့် အခြေခံပညာရေး - အခွင့်အလမ်း အရည်အသွေးနှင့် လူတိုင်းအကျုံးဝင်မှုဆိုသော လုပ်ငန်းစဉ်များကို ထိရောက်ပေါက်မြောက်အောင် စွမ်းဆောင်နိုင်မည် ဖြစ်ပါသည်။ အစဉ်အလာထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိသော ပညာရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နေခြင်းအား ကန့်သတ်ထားမည်ဆိုပါက ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအတွက် ကြီးစွာသော အဟန့်အတားများ ဖြစ်လာစေပါလိမ့်မည်ဆိုခြင်းကို အခြေခံပညာအဆင့်မှ တာဝန်ရှိသူများ သတိပြုသင့်ကြပြီဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း (၄) အပိုဒ် ၁၀၊ အပိုဒ်ခွဲ (ဋ) လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်းဆိုသည်မှာ ငွေကြေးကောက်ခံပြီး မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်းမျှသာဖြစ်သည့်အတွက် စနစ်တကျစိစစ်ပြီး ဝန်ထမ်းစည်းကမ်းအရ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန အထူးသဖြင့် အခြေခံပညာဦးစီးဌာနသည် ဌာနမှထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များသည် ပညာရေးသဘောတရားများနှင့် ကိုက်ညီမှု ရှိခြင်း မရှိခြင်းဆိုသည်ကို လေ့လာဆန်းစစ်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။ အမျိုးသားပညာရေးဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေပါအချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ပါပြီလားဆိုခြင်းကို ပြန်လည်သုံးသပ်သင့်ပြီ ဖြစ်ပါသည်။ မကောင်းသူထိပ် ကောင်းသူထိပ် မဖြစ်ရလေအောင် အမှုစစ်ဆေးကြသူများ၏ အရည်အသွေးနှင့် လုပ်ငန်းကျွမ်းကျင်မှု အတွေ့အကြုံများကိုလည်း ထည့်သွင်းစဉ်းစားပြီး သင့်တော်မည့်သူများကို ရွေးချယ်တာဝန်ပေးကြမှသာလျှင် အခြေခံပညာအဆင့်ရှိ အတွေ့အကြုံရင့်ကျက်ပြီး ကြိုးစားလိုစိတ်ရှိသော အရည်အချင်းပြည့် ပညာရေးဝန်ထမ်းကောင်းများ၏ ပြုန်းတီးမှုမှ ကင်းဝေးစေနိုင်မည် ဖြစ်ပါသည်။

အငြိမ်းစား ပညာရေးဝန်ထမ်းတစ်ဦး