News

POST TYPE

PERSPECTIVE

ရာထူးမှ ထုတ်ပယ်ခံရသည့်ကျောင်းအုပ် ပညာရေးဝန်ကြီးထံ အယူခံလွှာတင်
15-May-2018 tagged as ပညာရေး

ရန်ကုန်၊ မေ ၁၅

ကျောင်းဖွံ့ဖြိုးရေး အလှူငွေ ကောက်ခံသည့်အပြင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်ရာတွင် ငွေကောက်ခံသည်ဆိုကာ အထက်တန်းကျောင်းအုပ်ရာထူးမှ ထုတ်ပယ်ခံရမှု မှန်ကန်မှုမရှိသဖြင့် မူလရာထူးအတိုင်း ပြန်ခန့်ထားပေးရန် ပညာရေးဝန်ကြီးထံ အယူခံလွှာ တင်ထားကြောင်း အဆိုပါကျောင်းအုပ်ဟောင်း ဦးကြည်သင်းက ပြောဆိုသည်။

ဖျာပုံမြို့ ဒေါ်ငြိမ်းအထက်တန်းကျောင်း ကျောင်းအုပ်ဦးကြည်သင်းသည် ကျောင်းအုတ်တံတိုင်း ဆောက်ရန်၊ ကွန်ကရစ်လမ်းခင်းရန်နှင့် ဝါဆိုသင်္ကန်းကပ်ရန် ကျောင်းသားမိဘများထံမှ အလှူငွေ ကောက်ခံပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတင်ရာတွင် ကျောင်းသားများထံမှ ကျပ် ၂၀၀၀ စီ ကောက်ခံခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပါ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်သည်ဆိုကာ အခြေခံပညာဦးစီးဌာနက ဧပြီလတွင် ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုအချက်အလက်များသည် မှန်ကန်မှုမရှိသည့်အပြင် တရားမျှတမှုမရှိသဖြင့် မူလရာထူးအတိုင်း ကျောင်းအုပ်တာဝန် ပြန်လည်ခန့်ထားပေးရန် မေလ ၁၄ ရက်က ပညာရေးဝန်ကြီးထံ အယူခံလွှာ တင်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီက နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် နိုင်ငံတော်သမ္မတရုံးသို့လည်း ဖြစ်စဉ်ကိုတင်ပြထားကြောင်း ရာထူးမှဖယ်ရှားခံရသည့် ဦးကြည်သင်းက ပြောကြားသည်။

အုတ်တံတိုင်းဆောက်ရန်နှင့် ရှယ်တာကွန်ကရစ်လမ်းခင်းရန် အလှူငွေ ကောက်ခံခြင်းမှာ မဟုတ်မှန်ဘဲ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌနှင့် မိဘဆရာအသင်း၏ ဆောင်ရွက်မှုသာ ဖြစ်ကြောင်း၊ ရှယ်တာကွန်ကရစ်လမ်းခင်းရန်၊ ကျောင်းသား၊ ကျောင်းသူများ သွားလာရေး အခက်အခဲရှိသဖြင့် ကျောင်းသားမိဘများက ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာအသင်းထံ လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ဝါဆိုသင်္ကန်းကပ်ရန် အတန်းအသီးသီးမှ သင်္ကန်း ၈၃ စုံနှင့် အလှူငွေ ၈၉၀,၀၀၀ ကျော်ကောက်ခံခြင်းမှာ မဟုတ်မှန်ဘဲ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၇၀၀ ကျော်က စုပေါင်း ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာအတွက် ၂၀၀၀ ကျပ် ကောက်ခံခြင်းမှာလည်း ၎င်းထောက်ကြန့် သင်တန်းတက်ရောက်နေစဉ် ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌနှင့် ဆရာ၊ ဆရာမများ ညှိနှိုင်းကောက်ခံခြင်းသာဖြစ်ကြောင်း ဦးကြည်သင်းက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနအနေနှင့် မည်သို့လုပ်ဆောင်မည်ကို ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာစည်သူကျော်နှင့် အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းရီထံ မေလ ၁၅ ရက်က ဖုန်းဆက်သွယ် မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးမင်းမင်းထွဋ်က “(ရာထူးမှ ဖယ်ရှားသည့်) အမိန့်စာမှာ ပါတဲ့အချက်တွေက အခြေခံပညာကဏ္ဍ တိုးတက်ရေးအတွက် မိဘတွေ၊ ဆရာတွေ၊ ကျောင်းအကျိုးတော်ဆောင်တွေ ပူးပေါင်းဆောင်ရွက်ရမယ့် ပညာရေးပြက္ခဒိန်ပါ လုပ်ငန်းတွေဆောင်ရွက်ရာမှာ အဟန့်အတားဖြစ်စေတယ်”ဟု ပြောကြားသည်။

ကော်မတီအနေနှင့်လည်း ကျောင်းအုပ်ဦးကြည်သင်း ရာထူးမှဖယ်ရှားခံရခြင်းသည် တရားမျှတမှု မရှိသောကြောင့် ပညာရေးဝန်ထမ်းများ၏ လက်မှတ်ကောက်ခံကာ ထိုကိစ္စကို ပြန်လည်စစ်ဆေးပေးရန် နိုင်ငံတော်အတိုင်ပင်ခံရုံး၊ နိုင်ငံတော်သမ္မတရုံးနှင့် ပညာရေးဝန်ကြီးထံသို့ စာပေးပို့မည်ဖြစ်ကြောင်း ကျိုက်လတ်မြို့နယ်မှ ကျောင်းအုပ်တစ်ဦးလည်းဖြစ်သူ ဦးမင်းမင်းထွဋ်က ပြောဆိုသည်။

အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီအနေနှင့် လက်ရှိအချိန်အထိ ပညာရေးဝန်ထမ်းများထံမှ ကောက်ခံထားသော လက်မှတ်တစ်ထောင်ကျော် ရရှိပြီးဖြစ်ကြောင်း၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆရာ၊ ဆရာမများလည်း ပါဝင်နိုင်ရန် သတင်းအချက်အလက် မျှဝေခြင်း၊ လက်မှတ်ကောက်ခံခြင်းကို လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေ အသိပေးထားကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

J-19