News

POST TYPE

PERSPECTIVE

၂၄/၇ နတ်ကွန်း
(၁)

ကိုယ်တွေ့ ငြိမ်းချမ်းရေးကာလများ

ပွင့်ပွင့်လင်းလင်းပြောပြရမယ်ဆိုရင် ဦးခင်ညွန့်လက်ထက်လို့ပြောရမယ်။ အဲဒီတုန်းက လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်တဲ့စကား ညံဖူးတယ်။ တိုင်းရင်းသားတွေရဲ့ နယ်မြေဖွံ့ဖြိုးမှုအတွက်လည်း ဆောင်ကြဉ်းပေးမယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းရေးတွေ လုပ်လိုက်တာ တဝုန်းဝုန်းပဲ။ အဲဒီ တဝုန်းဝုန်းထဲ မျောပါလာတဲ့ ယောက်ဖတစ်ဝမ်းကွဲဟာ ကိုးကန့်လား၊ တရုတ်လား မကွဲပြားတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး ကားမောင်းသမားဘဝကနေ ငြိမ်းချမ်းရေးအဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံဆိုလား၊ ဘာလား မသိတဲ့ ရာထူးနဲ့ ကျွန်တော်တို့ဆီ ရောက်လာပြီး ဘွဲ့ရ အလုပ်လက်မဲ့ ယောက်ဖတော်ဖြစ်တဲ့ ကျွန်တော့်ကို သူတို့ ငြိမ်းချမ်းရေးအဖွဲ့ လုပ်ခွင့်ရ၊ ခုတ်ခွင့်ရတဲ့ ဆည်တော်ကြီးသစ်စခန်းကို လိုက်ခဲ့ဖို့၊ ငွေစာရင်းကိုင်ပေးဖို့ ခိုင်းတော့တာပဲ။ 

ဘွဲ့ရတစ်ယောက်ကို လေးတန်းအောင်ယောက်ဖက အပေါ်စီးနဲ့ခေါ်ပြီး အလုပ်ခန့်လိုက်တာပါပဲ။ မငြင်းသာပါဘူး။ သူတို့ရဲ့ သစ်ခုတ်ရာ၊ သစ်ထုတ်ရာ ငြိမ်းချမ်းရေးပါမစ်ရ ဆည်တော်ကြီးဆီ ချီတက်ခဲ့ရတာပါပဲ။

တွေ့ပါပြီ။ နဖူးတွေ့ ဒူးတွေ့။ ဒါလားဟဲ့ ငြိမ်းချမ်းရေး၊ ဆည်တော်ကြီးရဲ့ စိမ်းညို့သစ်ပင်သစ်တောအလှတွေဟာ ခုတ်ဟယ်၊ ထစ်ဟယ်၊ ဖြတ်ဟယ် အသံတွေ တညံညံ၊ လွှသံတွေ တငြီးငြီးနဲ့ အပျိုရည်ပျက်ခဲ့တာ မျက်မြင်ပါပဲ။ ခုတ်ပြီးသားသစ်လုံးတွေကို ရေထဲမျော၊ ဆင်တွေနဲ့ဆွဲ၊ ကားတွေပေါ် အသီးသီး အသက အသကတင်၊ ညသန်းခေါင်မှာ သစ်လုံးတင်ထားတဲ့ ကားတွေ တလှိမ့်လှိမ့်ထွက်ခွာ၊ အရှေ့ရပ်ဆီ ဂိတ်တစ်ခုစီ တစ်ခုစီကို “ပါးစပ်ပေါက်ပါရင် ရပြီ” ဆိုတဲ့ “ဂါထာမန္တရား” နဲ့ “ငွေယတြာ”တွေ ”ခွံ့”ပေးပြီး ခရီးဆက်ခဲ့ကြ။ 

ဒီလိုနဲ့ ...

ငြိမ်းချမ်းရေးပါမစ်ရ လုပ်ကွက်ဧရိယာဟာ တစ်လလည်းမကုန်၊ နှစ်လလည်း မပြီး။ ဘိုးဘိုးအောင် “ဝ” လုံးလို ပွားစီးနေပုံများ ရင်သပ်ရှုမောဖွယ်လည်း ကောင်းလှသလို ရင်နာစရာလည်း ကောင်းလှပါတယ်။ စစ်ဆေးမယ့်သူလည်းမရှိ။ ငြိမ်းချမ်းရေးပါမစ်အစွမ်း အံ့မခန်းပြောရတော့မယ်။ 

ရပါတယ်။ ငွေစာရင်းကိုင်ခ မြိုးမြိုးမြက်မြက်။ ဒါပေမဲ့ဗျာ ကိုယ့်ဗိုက်ထဲက “ကလီစာ” တွေကို သွေးစိမ်းရှင်ရှင်နဲ့ ဆွဲထုတ်နေကြသလို မြင်ကွင်းတွေ မမြင်ရက်တာနဲ့ ငြိမ်းချမ်းရေးပါမစ်အဖွဲ့ထဲက ကျွန်တော် နုတ်ထွက်လိုက်ပါတယ်။ 

ဪ ... ကိုယ်တွေ့ ငြိမ်းချမ်းရေးကာလ ခံစားမှုများက အခုတွေးအခုပင် နွေးဆဲပါလား။ 

(၂)

နှလုံးသားမပါသော ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးပါမစ်နဲ့လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးက တကယ်တမ်း နှလုံးသားမှမပါလေတော့ ဘယ်အောင်မြင်မှာလဲဗျာ။ ခဏတာလေးမှာပဲ ပြန်ပစ်ကြ၊ ပြန်တိုက်ကြနဲ့ အမိမြန်မာပြည်ရင်ခွင်ကြီးမှာသာ တန်ဖိုးကြီး ကလီစာတွေ ဆုံးရှုံးပြီး ကျန်ရစ်ခဲ့ရတာပဲ အဖတ်တင်တယ်။ သစ်တွေ ပါသွားတယ်။ သစ်တောတွေ ပြုန်းသွားတယ်။ ကျောက်သံပတ္တမြားတွေ ပါသွားတယ်။ အမျိုးကောင်းသမီးတွေ ပါသွားတယ်။ ငြိမ်းချမ်းရေးကတော့ ဝေးနေဆဲ။ 

အဲဒီနောက် ဦးသိန်းစိန်လက်ထက်လုပ်တဲ့ NCA စာချုပ်နဲ့ ငြိမ်းချမ်းရေးခရီးဟာလည်း အခုဆိုရင် လိပ်ခဲတည်းလည်းအနေအထားကို ရောက်လို့နေတာ အများအမြင်ပါပဲ။ 

၂၁ ရာစုပင်လုံ ပထမအကြိမ်၊ ဒုတိယအကြိမ်တွေ ကျင်းပပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုဖို့ ကြိုးစားနေတာ အခုဆိုရင် တတိယအကြိမ် အစည်းအဝေး ကျင်းပဖို့ အချိန်အခါသမယကို ရောက်နေပါပြီ။ ကျင်းပခါနီး အချိန်တိုင်းမှာလည်း တိုက်တိုက်ဆိုင်ဆိုင် တိုက်ပွဲတွေ၊ ထိုးစစ်တွေ၊ သေနတ်သံတွေ ညံနေတတ်တာ သတိပြုမိရပြန်ပါတယ်။ 

တကယ်တော့ နှလုံးသားပါတဲ့ ငြိမ်းချမ်းပွဲတွေ ဖြစ်ဖို့ လိုနေတာ ဖြစ်ပါလိမ့်မယ်။ 

(၃)

မျက်လုံးချင်းတိုက်မိမယ့်နေ့

အားသွန်ခွန်စိုက်နဲ့လုပ်နေတဲ့ ငြိမ်းချမ်းရေးအတွက် တစ်ထောင့်တစ်နေရာက အမြင်တစ်ခုကို ဆွဲထုတ်ပြီးပြောပြချင်လာပါတယ်။ ပိတ်မိနေတဲ့ပြည်သူတွေ ကယ်ထုတ်ရေး၊ စစ်ပွဲတွေ ရပ်တန့်ရေး၊ လူအား၊ ငွေအား၊ ဉာဏ်အားတွေနဲ့ လုပ်နေကြတာလည်း အားတက်သရောပါပဲ။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်အတွင်းက ကိုယ့်လူမျိုး အချင်းချင်းဖြစ်တဲ့ တိုက်ပွဲမှာ အစိုးရက ပိတ်မိပြည်သူတွေ ကယ်ထုတ်ပေးနေရတယ်ဆိုတာလည်း တစ်မျိုးကြီးဖြစ်နေမလား စဉ်းစားရပြန်ပါတယ်။ 

ဆီးရီးယားက အာဆတ်ကို ပြည်တွင်းစစ်အတွင်း ကျူးလွန်မှုတွေအတွက် ဘာမှမဆိုင်တဲ့ ကမ္ဘာ့ပြည်သူတွေက အော့နှလုံးနာနေကြပါတယ်။ တကယ်တော့ ငြိမ်းချမ်းနေရင် ရင်နာစရာမလိုသလို အော့နှလုံးနာစရာလည်း မလိုပါဘူး။ အချင်းချင်းတွေပဲဗျာ။ တစ်ပြည်တည်းသားချင်းတွေပဲဗျာ။ ဘာလို့ ညှိနှိုင်းမရကြသေးတာလဲ စဉ်းစားနေမိပြန်တယ်။ 

အဲဒါစဉ်းစားရင်း ဆရာကြီးရွှေဥဒေါင်း စကားတစ်ခွန်း သွားပြီးသတိရလို့ ဝေမျှလိုက်ချင်တာပါ။ 

“မျက်လုံးချင်း တိုက်မိဖို့လိုတယ်။ ဆိုလိုတာက တစ်ဦးနဲ့တစ်ဦး မျက်လုံးချင်း တိုက်မိဖို့ဆိုတာက တစ်ဦးကိုတစ်ဦးက ငုံ့ကြည့်နေတာမျိုး၊ တစ်ဦးကိုတစ်ဦးက မော့ကြည့်နေရတာမျိုး မရှိတော့ဘဲ မျက်လုံးချင်း တိုက်မိတဲ့နေ့ ငြိမ်းချမ်းရေးရပြီ...” တဲ့ဗျ။

(၄)

ရောမလူမျိုးတွေကိုးကွယ်တဲ့ နတ်ဘုရားတစ်ပါး ရှိပါတယ်။ ယေးနပ်စ်လို့ခေါ်ပါတယ်။ အဲဒီယေးနပ်စ်မှာ မျက်နှာနှစ်ဖက်ပါတယ်။ တစ်ဖက်က အတိတ်ဘက်မျက်နှာမူပြီးတော့ ကျန်တစ်ဖက်က အနာဂတ်ကို မျက်နှာမူ နေတတ်ပါသတဲ့။ သူတို့ရောမလူမျိုးတွေက ဘာလို့ကိုးကွယ်ကြသလဲဆိုရင် အဲဒီယေးနပ်စ်နတ်ဘုရားက ဉာဏ်ပညာကြီးလို့ ဖြစ်ပါတယ်တဲ့။ 

ယေးနပ်စ်နတ်ကွန်းကိုတော့ စစ်ပွဲမရှိ ပကတိငြိမ်းချမ်းတဲ့ကာလတွေမှာ ပိတ်ထားလေ့ရှိပါတယ်။ 

မှတ်တမ်းတွေအရတော့ အဲဒီယေးနပ်စ်နတ်ကွန်းဟာ နှစ်ပေါင်းတစ်ထောင်အတွင်းမှာ ၉ ကြိမ်ပဲ ပိတ်ထားရတာလို့ ဆိုပါတယ်။ 

ကျွန်တော်တို့မြန်မာပြည်မှာများ ယေးနပ်စ်နတ်ကွန်းရှိခဲ့ရင် ၂၄/၇ နတ်ကွန်းဖြစ်နေဖို့ များပါတယ်။ 

၂၄ နာရီလုံး ၇ ရက်လုံး ပိတ်ရက်မရှိ နတ်ကွန်းဖြစ်နေပေလိမ့်မယ်။ 

မျိုးသည်မင်း