News

POST TYPE

PERSPECTIVE

နိုင်ငံတော်လုံခြုံရေး ရှုမြင်ချက်များဖြင့် မြန်မာအပေါ် လျှပ်တစ်ပြက် အကဲဖြတ်ခြင်း
15-May-2018
နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အမျိုးသားလုံခြုံရေးဆိုသည်နှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးက လက်ခံသည့် တူညီသော အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသေး။ နိုင်ငံတိုင်းက မိမိတို့၏ လက်ရှိအခြေအနေပေါ်မူတည်၍ ရှုမြင်ပုံအယူအဆများမှာ အမျိုးမျိုးကွဲပြားခြားနားကြသည်။ နိုင်ငံတော်လုံခြုံရေးဆိုသည်မှာ မူလအားဖြင့် ပြင်ပ၏ စစ်ရေးအရ ခြိမ်းခြောက်ခံရမှုမှ ကင်းလွတ်ရေးနှင့် နိုင်ငံရေးအရ အတင်းအကျပ်ဖိအားပေးခံရခြင်းမှ ကင်းဝေးရေးဆိုသည့် အခြေခံအချက်နှစ်ချက်ကို ဆိုလိုခြင်းဖြစ်ပြီး အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလာသော နောက်ပိုင်းအခြေအနေများအရ စစ်ရေးနှင့်မသက်ဆိုင်သော လုံခြံရေးဆိုင်ရာကိစ္စများ၊ ဥပမာအားဖြင့် သံတမန်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာတို့အပြင် စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးကိစ္စများကိုပါ ထည့်သွင်းစဉ်းစားလာကြသည်။

အမေရိကန်ပြည်ထောင်စုက လက်ခံထားသော နိုင်ငံတော်လုံခြုံရေးဆိုသည်တွင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာလုံခြုံရေးများအပြင် စွမ်းအင်နှင့် သဘာဝသယံဇာတဆိုင်ရာလုံခြုံရေး၊ ပတ်ဝန်းကျင်လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေး စသည်တို့ပါဝင်သည်။ လုံခြုံရေးကို ခြိမ်းခြောက်သူများတွင် တိုင်းတစ်ပါးနိုင်ငံများကဲ့သို့ သမားရိုးကျရန်သူများသာမက နိုင်ငံအစိုးရမဟုတ်သည့် အကြမ်းဖက်အဖွဲ့များ၊ မူးယစ်ဆေးဝါးဂိုဏ်းများ၊ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ၊ အစိုးရမဟုတ်သော NGO များ၏ ခြိမ်းခြောက်မှုများကိုလည်း ထည့်သွင်းထားသည်။ တချို့သောသူများက သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းနှင့် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေသည့်ဖြစ်ရပ်များကိုလည်း အမျိုးသားလုံခြုံရေး ခြိမ်းခြောက်သူစာရင်းတွင် ထည့်သွင်းစဉ်းစားသည်။

၁၉၉၀ ခုနှစ်က ဟားဗတ်တက္ကသိုလ် သမိုင်းပါမောက္ခ ချားလ်စ်မာရီယာက “အမျိုးသားလုံခြုံရေးဆိုတာ လူ့အဖွဲ့အစည်းတစ်ရပ်မှာရှိတဲ့ ပြည်သူလူထုက ကိုယ့်ကြမ္မာကိုဖန်တီးနိုင်ဖို့၊ ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်နိုင်ဖို့နဲ့ ကြီးပွားချမ်းသာရေးတို့အတွက် လိုအပ်တယ်လို့ ယုံကြည်တဲ့၊ ပြည်တွင်းနဲ့ ပြည်ပအခြေအနေတွေကိုထိန်းချုပ်နိုင်တဲ့ စွမ်းရည်လို့အဓိပ္ပာယ်ဖွင့်ဆိုတာဟာ အသင့်တော်ဆုံးပါပဲ”ဟု ဆိုခဲ့သည်။ 

ဟာရိုးလ်ဘရောင်း (Harold Brown)၊ ဂျိုးဇက်ရွမ်း (Joseph J.Romm) နှင့် ပရာဗ်ဟာကရမ် ပလာရီ (Prabhakaran Paleri) တို့၏ အမြင်အယူအဆများကို အတိုချုပ်၍ ယူပီကာ ပရီမာရတ္တနီး (Upeka Premaratne) က အဓိပ္ပာယ်ဖွင့်ဆိုထားချက်မှာ တိုတိုနှင့် ထိထိမိမိရှိသည်။

“ရန်စကျူးကျော်သူများက အကြမ်းဖက်သည့်နည်း သို့မဟုတ် တရားမျှတမှုမရှိသည့်အကြောင်းများဖြင့် အမျိုးသား အကျိုးစီးပွားများကို ရည်ရွယ်ချက်ရှိရှိ ထိပါးနှောင့်ယှက်လာသည့်အခါ အချုပ်အခြာအာဏာ၊ နိုင်ငံနယ်နိမိတ်ဂုဏ်သိက္ခာ၊ နိုင်ငံသားများနှင့် တစ်မျိုးသားလုံး၏ လူမှုစီးပွားရေးဘဝ ပုံမှန်လည်ပတ်နိုင်ရေးတို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း” ဖြစ်သည်ဟု ဆိုလေသည်။
 
အမျိုးသားလုံခြုံရေး၏ အခြေခံအချက်များ

အမျိုးသားအင်အားတွင် စစ်ရေးအရလုံခြုံရေးမှာ အဓိကကဏ္ဍမှ ပါဝင်သည်မှန်သော်လည်း အမျိုးသားလုံခြုံရေးကိစ္စတွင်မူ စစ်ရေးအရ လုံခြုံရေးမှာ တစ်ခုတည်းသောအကြောင်းအချက်မဟုတ်ချေ။ တကယ်တမ်း လုံခြုံမှုရရန်အတွက် နိုင်ငံတော်တစ်ရပ်အနေနှင့် တခြားသောလုံခြုံမှုပုံစံများလိုအပ်သည်။ စစ်ရေးကဏ္ဍအပြင် သံတမန်ရေးကဏ္ဍ သို့မဟုတ် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်နှင့် သဘာဝသယံဇာတ စသည်တို့မှာ ယေဘုယျအားဖြင့် ထည့်သွင်းတွက်ချက်ရမည့်ကဏ္ဍများ ဖြစ်လေသည်။

စစ်ရေးလုံခြုံမှု

အစောဆုံးခေတ်ကာလများက အမျိုးသားလုံခြုံရေးဟုဆိုလျှင် စစ်ရေးဆိုင်ရာလုံခြုံရေးကို အသိအမှတ်ပြုပြောဆိုခြင်း ဖြစ်သည်။ စစ်ရေးလုံခြုံမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအနေနှင့် ပြည်ပ၏ စစ်ရေးအရ ကျူးကျော်စွက်ဖက်မှုကို ခုခံနိုင်စွမ်းကိုဆိုလိုသည်။ “စစ်ရေးလုံခြုံမှု” ဆိုသည့် စကားလုံးကို “လုံခြုံရေး” ဆိုသည့် စကားလုံးနှင့် အနက်တူသုံးစွဲလေ့ရှိကြသည်။ မျက်မှောက်ကာလတွင် မြန်မာအနေနှင့် အိမ်နီးချင်းနိုင်ငံများနှင့် စစ်ရေးအရ ပဋိပက္ခမရှိသေးသော်လည်း ၎င်းတို့နှင့်မြန်မာအကြား ရန်မီးကူးစက်နိုင်သော ပြည်တွင်းမီးပွားကလေးများရှိနေသဖြင့် သတိကြီးစွာ ထားနေသင့်သလို၊ လုံလောက်သည့်စစ်အင်အား ရှိထားသင့်သည်။

နိုင်ငံရေးလုံခြုံမှု

နိုင်ငံရေးလုံခြုံမှုဆိုသည်မှာ အမျိုးသားလုံခြုံရေး၏ အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် အစီအစဉ်တကျဖြင့် တည်ငြိမ်အေးချမ်းမှုရှိရေးကို ဆိုလိုသည်။ အထူးသဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုကို ခြိမ်းခြောက်မခံရရေးဖြစ်သည်။ ပြဿနာ တက်တတ်သောအရာများမှာ ပြည်ပနိုင်ငံများ၊ လူမျိုးများ၊ နိုင်ငံရေးအရ အရေးပါသောမျိုးနွယ်စုများ၊ လူနည်းစုတိုင်းရင်းသားများ၊ တချို့သော ဘာသာရေးအဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂကဲ့သို့သော နိုင်ငံစုံအဖွဲ့အစည်းများ စသည်တို့ဖြစ်ကြသည်။ သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းဖြင့်လည်းကောင်း၊ အခြားသော အပြန်အလှန် တုံ့ပြန်ဆောင်ရွက်မှုတို့ဖြင့်လည်းကောင်း၊ အချင်းချင်းကြား ပြဿနာများကို ဖြေရှင်းရလေ့ရှိသည်။ မြန်မာနိုင်ငံအနေနှင့် မျက်မှောက်ရင်ဆိုင်နေရသော အရှေ့မြောက်ဒေသပြဿနာနှင့် အနောက်ဘက်နယ်စပ်ဒေသပြဿနာများမှာ စစ်ရေးအရထက် နိုင်ငံရေးအရ ပိုမိုဇောင်းပေးဖြေရှင်းရမည့်ပြဿနာများဖြစ်ပြီး နိုင်ငံရေးလုံခြုံမှုအပြည့်အဝမရှိသော အနေအထားဖြစ်သည်။

စီးပွားရေးလုံခြုံမှု

သမိုင်းတွင် စစ်နိုင်သောနိုင်ငံများက လုယက်၊ အနိုင်အထက်ပြုကျင့်ခြင်းဖြင့် ချမ်းသာလာကြသည်။ သယံဇာတအရင်းအမြစ်များကို သိမ်းပိုက်ခြင်းဖြင့် အသိမ်းပိုက်ခံတိုင်းပြည်၏စီးပွားရေးကို ထိန်းချုပ်ကာ ကုန်သွယ်ရေးကို တိုးချဲ့လာသည်။ မျက်မှောက်ကာလတွင် နိုင်ငံတကာ သဘောတူညီချက်များဖြင့်လည်းကောင်း၊ သဘာဝသယံဇာတများရရှိရေးအပေါ် အပြန်အလှန် အားထားမှီခိုရေးစာချုပ်များ ချုပ်ဆို၍လည်းကောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်မည့် ပေါ်လစီတို့ကို လွတ်လပ်စွာရွေးချယ်ခြင်းဖြင့် နိုင်ငံတကာကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုစနစ်များကို ကျင့်သုံးကြသည်။ ဤနည်းဖြင့် စီးပွားရေးလုံခြုံမှုကိုရှာဖွေသည်။ ပစ္စုပ္ပန်ကာလ၏ စီးပွားရေးလုံခြုံမှုဆိုသည်မှာ စစ်ရေးလုံခြုံမှုကဲ့သို့ပင် အမျိုးသားလုံခြုံရေး၏ အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ နိုင်ငံသားများ၏ အလုပ်အကိုင်ဖန်တီးပေးရေးနှင့် အကာအကွယ်ပေးရေးသည် အမျိုးသားလုံခြုံရေးတွင် အရေးကြီးသည်။ တတိယကမ္ဘာ့နိုင်ငံများအနေနှင့် သူတို့၏နိုင်ငံသားများကို အပြည့်အဝအလုပ်အကိုင်ဖန်တီးမပေးနိုင်သဖြင့် လုံခြုံမှုနည်းပါးသည်။ အရှေ့ တောင်အာရှဒေသအတွင်း မြန်မာနိုင်ငံသည် မိမိနိုင်ငံသားများကို အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးပေးနိုင်ဆုံးနိုင်ငံ ဖြစ်နေသေးသည်။

သဘာဝပတ်ဝန်းကျင်လုံခြုံရေး

အမျိုးသားလုံခြုံရေးကို တစ်နည်းနည်းဖြင့် ခြိမ်းခြောက်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများကို သဘာဝပတ်ဝန်းကျင်လုံခြုံရေးအဖြစ် ယူဆသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖြစ်အပျက်အားလုံးကို ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်နိုင်သော်လည်း တစ်ကမ္ဘာလုံးကိုရော၊ ဒေသဆိုင်ရာကိုပါ ရိုက်ခတ်သည့် ပြဿနာများမှာ အမျိုးသားလုံခြုံရေးအပေါ် သက်ရောက်မှုရှိသည်။ ဥပမာ ရာသီဥတုပြောင်းလဲခြင်း၊ ကမ္ဘာလုံးဆိုင်ရာပူနွေးလာမှု၊ သစ်တောပြုန်းတီးမှု၊ သက်ရှိဇီဝမျိုးကွဲများ ပျောက်ကွယ်လာမှု စသည်တို့ဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့် ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးသည့်အချိန်ကစ၍ အလွန်အကျွံသစ်ခုတ်ခြင်း၊ သတ္တုတူးဖော်ခြင်း စသည်တို့ကြောင့် သစ်တောများပြုန်းတီးခြင်း၊ မြစ်ရေကြီး ရေလျှံဖြစ်ခြင်း၊ လေမုန်တိုင်းဒဏ်ခံရခြင်း စသည့် ခြိမ်းခြောက်မှုများ ရှိလာနေသည်။

စွမ်းအင်နှင့် သဘာဝသယံဇာတ လုံခြုံရေး

သဘာဝသယံဇာတဆိုသည်တွင် ရေ၊ စွမ်းအင်အရင်းအမြစ်များ၊ ကုန်းမြေနှင့် ဓာတ်သတ္တုများ စသည်တို့ပါဝင်သည်။ နိုင်ငံတစ်နိုင်ငံအဖို့ စက်မှုလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လုံလောက်သော သဘာဝအရင်းအမြစ်များရရှိရန် အရေးကြီးသည်။ သယံဇာတအရင်းအမြစ် ချို့တဲ့ခြင်းကြောင့် ဂျပန်အနေနှင့် အင်အားကြီးထွားရေးအတွက် အခက်အခဲများရှိနေရာ စိန်ခေါ်မှုများရှိသလို စင်ကာပူသည်လည်း ကြီးမားသည့် အခက်အခဲရှိသည်။ ၁၉၉၁ ခုနှစ်ကဖြစ်ပွားခဲ့သော ပါရှန်ပင်လယ်ကွေ့ စစ်ပွဲတွင် အီရတ်က ကူဝိတ်ကိုတိုက်ခိုက်ခြင်းမှာ ရေနံတွင်းများကို သိမ်းပိုက်လိုခြင်းက အကြောင်းအချက်တစ်ခုဖြစ်သည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့ အငြင်းပွားအချင်းများနေကြခြင်းတွင် ရေအရင်းအမြစ် ခွဲဝေအသုံးချရေး ပြဿနာလည်းပါဝင်သည်။ မြန်မာနိုင်ငံသည် ဒေသတွင်းတွင် သဘာဝသယံဇာတ ပေါကြွယ်သောနိုင်ငံဖြစ်သလို ပထဝီအရလည်း အချက်အချာကျသည့်အနေအထားဖြစ်သည်။ သို့ဖြစ်၍ ဤအချက်က အားသာချက်ဖြစ်သလို ဤအချက်ကြောင့်ပင်လျှင် အင်အားကြီးနိုင်ငံတို့၏ အားပြိုင်ရာ စစ်မျက်နှာဖြစ်လာတတ်သဖြင့် ကြီးစွာသတိထားသင့်လှသည်။

ကမ္ဘာ့နိုင်ငံများသည် ၎င်းတို့လိုအပ်သော သဘာဝသယံဇာတလုံခြုံရေးအတွက် အင်အားသုံးခြင်းဖြင့်သော်လည်းကောင်း၊ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သော်လည်းကောင်း၊ အရောင်းအဝယ်ပြုခြင်းဖြင့်သော်လည်းကောင်း ဖြေရှင်းကြသည်။

ဆိုက်ဘာလုံခြုံရေး

မကြာသေးသောကာလများကစတင်၍ ဆိုက်ဘာလုံခြုံရေးကို အမျိုးသားလုံခြုံရေးကိစ္စတစ်ရပ်အဖြစ် ရှုမြင်လာကြသည်။ အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန် နိုင်ငံတိုင်းအတွက် အီလက်ထရောနစ်သတင်းပြန်ကြားရေးစနစ်မှာ အရေးကြီးသည်။ အစိုးရ၏ ဆက်သွယ်ရေးဆိုင်ရာကွန်ရက်ကို အခြားအစိုးရတစ်ရပ်ရပ်ကဖြစ်စေ၊ အစိုးရမဟုတ်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ ကြားဖြတ်ဖောက်ယူခြင်း၊ နှောင့်ယှက်ခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးလုံခြုံမှုကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့် ၂၀၁၆ ရွေးကောက်ပွဲကာလက ဒီမိုကရက်တစ်ပါတီ၏ အတွင်းသတင်းများကို ရုရှားနိုင်ငံက ကြားဖြတ်ဖောက်ယူကာ ရွေးကောက်ပွဲတွင် ၎င်းတို့နိုင်စေလိုသော ဒေါ်နယ်ထရမ့်ကို ကူညီခဲ့သည်ဆိုသည့် စွပ်စွဲချက်များ လူသိရှင်ကြားပေါ်လာခဲ့ပြီး၊ ရုရှားသံတမန်များကို အမေရိကန်အိုဘားမားအစိုးရက နှင်ထုတ်ခဲ့သည်။

သမ္မတအိုဘားမားက “ဆိုက်ဘာခြိမ်းခြောက်မှုဟာ နိုင်ငံတော်တစ်ရပ်ရဲ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးကို ဆိုးဆိုးဝါးဝါး ဒုက္ခအပေးနိုင်ဆုံး စိန်ခေါ်မှုများထဲက တစ်ချက်ဖြစ်လာနေပါပြီ။ ၂၁ ရာစုအတွင်း အမေရိကန်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းဟာ ဆိုက်ဘာလုံခြုံရေးရှိမှု-မရှိမှုအပေါ် မူတည်နေပါလိမ့်မယ်” ဟု ကြေညာသွားခဲ့လေသည်။

မြန်မာနိုင်ငံအနေနှင့်မူ အစိုးရယန္တရားက အီလက်ထရောနစ် ဆက်သွယ်ရေးကွန်ရက်ကို ကောင်းစွာအသုံးမချနိုင်သေး။ e-Government ဖြစ်ရန် အချိန်လိုဦးမည်။ 

နိုင်ငံတွင်းရှိ ပုဂ္ဂလိကဘဏ်စနစ်များတွင် စတင်ကျင့်သုံးသည်မှာလည်း မကြာလှသေးချေ။ သို့သော် ATM စက်များတွင် တရားမဝင် ကြားဖြတ်ငွေခိုးယူမှုများ စတင်ရှိလာနေပြီဖြစ်သည်။ သို့ဖြစ်၍ e-Government  စနစ်ဖော်ဆောင်သည့် တစ်ပြိုင်နက်တည်းမှာပင် ဆိုက်ဘာလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်လှပေသည်။

ရဲထွန်း (သီပေါ)

ကိုးကား Wikipedia အွန်လိုင်းစွယ်စုံကျမ်း