News

POST TYPE

PERSPECTIVE

ပုဂ္ဂလိကပညာရေးလုပ်ငန်းများ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် လုပ်ငန်းအတည်ပြုမိန့်တင်ရမည်
15-May-2018

ရန်ကုန်၊ မေ ၁၄

ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ တရားဝင်စနစ်တကျဖြစ်ရန် အဆိုပါလုပ်ငန်းများအနေနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် လုပ်ငန်းအတည်ပြုမိန့် တင်ရမည်ဖြစ်ကြောင်း ယင်းဌာနညွှန်ကြားရေးမှူး ဦးလင်းထွဋ်က ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါရှိသည့် ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှုလုပ်ငန်းဖြစ်စေ၊ ပြည်တွင်းမှ နိုင်ငံသားများသာ ရင်းနှီးမြှုပ်နှံသည့် ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှုလုပ်ငန်းဖြစ်စေ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် လုပ်ငန်းအတည်ပြုမိန့်တင်ရမည်ဖြစ်ကြောင်း ယင်းဌာနထံမှသိရှိရသည်။

ထိုသို့ အတည်ပြုမိန့်တင်ရခြင်းသည် ပုဂ္ဂလိကပညာရေးဥပဒေကြမ်း အတည်မပြုနိုင်သေးမီ တရားဝင်စနစ်တကျ ဖြစ်စေရန်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်လိုသော ရည်ရွယ်ချက်လည်း ပါဝင်ကြောင်း၊ မေလဒုတိယ သီတင်းပတ်အထိ လုပ်ငန်းအတည်ပြုမိန့်တင်သည့် နိုင်ငံတကာကျောင်း ၃ ကျောင်းခန့်သာ ရှိသေးကြောင်း အဆိုပါဌာနထံမှသိရှိရသည်။

သို့သော် လုပ်ငန်းအတည်ပြုမိန့်တင်ရမည့် နောက်ဆုံးရက်ကိုမူ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ကန့်သတ်ထားခြင်းမရှိသေးပေ။ ထိုသို့ လုပ်ငန်းအတည်ပြုမိန့်တင်ခြင်းဖြင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိအမှတ်ပြုသကဲ့သို့ ပညာရေးဝန်ကြီးဌာနကလည်း အသိအမှတ်ပြုမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ ညှိနှိုင်းဆွေးနွေးပြီးနောက် ကော်မရှင်က ဧပြီလ ၂၀ ရက်တွင် ထုတ်ပြန်သော ပုဂ္ဂလိကပညာရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ခွင့်ပြုကြောင်း အမိန့်အရ လုပ်ငန်းအတည်ပြုမိန့် တင်ရခြင်းဖြစ်ကြောင်း ယင်းဌာနထံမှသိရှိရသည်။

လုပ်ငန်းအတည်ပြုမိန့်တင်ရာတွင် ကျောင်းတည်နေရာ၊ အကျယ်အဝန်း၊ သင်ကြားမည့် အကြောင်းအရာ၊ သင်ရိုးပုံစံ၊ အသိအမှတ်ပြုမှု၊ အရည်အသွေးထိန်းချုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုအပိုင်းစသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များ တင်ပြရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရှိရသည်။

လတ်တလောတွင် နိုင်ငံတကာ ကျောင်းများအနေနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီလိုင်စင်လျှောက်ထားကာ ပညာရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေခြင်းသာဖြစ်သည်။

အခြေခံပညာအဆင့် ကိုယ်ပိုင်ကျောင်းများနှင့် ဘာသာရပ်သင် ကျောင်းများမှာမူ ပညာရေးဝန်ကြီးဌာန၏ ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့်မှတ်ပုံတင်ဥပဒေအရ တိုင်း၊ ပြည်နယ်၊ မြို့နယ် ပညာရေးမှူးရုံးများ၏ အသိအမှတ်ပြုမှုဖြင့် လုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်သည်။

လုပ်ငန်းအတည်ပြုမိန့်တင်ခြင်းဖြင့် ပညာရေးဝန်ကြီးဌာနကပါ အသိအမှတ်ပြုခြင်းဖြစ်၍ နိုင်ငံတကာကျောင်းများနှင့် ဆက်ဆံရာတွင် တရားဝင်ဖြစ်သော်လည်း အရည်အသွေးပိုင်း စစ်ဆေးမှု၊ ထိန်းချုပ်မှုမရှိလျှင် စီးပွားရေးဆန်ဆန် လုပ်ငန်းများအတွက် တရားဝင်လုပ်ကိုင်ခွင့်ပေးသလို ဖြစ်သွားနိုင်ကြောင်း ပုဂ္ဂလိက ပညာရေးလုပ်ငန်းရှင်အချို့က သတိပေးသည်။

ထိုသို့ စီးပွားရေးဆန်ဆန် လုပ်ငန်းများအတွက် တရားဝင်လုပ်ကိုင်ခွင့် ပေးသလိုဖြစ်သွားပြီး အရည်အသွေးညံ့ဖျင်းမှု ကြာရှည်လာလျှင် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှုလုပ်ငန်းအပေါ် နိုင်ငံတကာအယုံအကြည် ကျဆင်းလာမည်ဖြစ်ကြောင်း ၎င်းတို့က အကျိုးဆက်ကို ထောက်ပြသည်။

ကိုယ်ပိုင်ကျောင်း တည်ထောင်သူတစ်ဦးက “ဥပဒေ (ပုဂ္ဂလိကပညာရေး ဥပဒေ) အတည်မပြုသေးခင် ဒီညွှန်ကြားချက်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်တယ်ဆိုပေမယ့် အာမခံချက် ဘယ်လောက်ရှိသလဲဆိုတာ ပြန်ဆန်းစစ်ရပါမယ်။ အခုအခြေအနေက ခပ်ကျဉ်းကျဉ်း ချောင်းထဲကို သင်္ဘောကြီးနဲ့ မောင်းလာခိုင်းသလိုဖြစ်နေတယ်”ဟု ပြောဆိုသည်။ 

လုပ်ငန်းအတည်ပြုမိန့်တင်ပြရခြင်းနှင့် မူဝါဒရေးရာပိုင်းကိုင်တွယ်မှု ပညာရေးဝန်ကြီးဌာနက မည်သို့ဆောင်ရွက်မည်ကို ပညာရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲထံ ဖုန်းဆက် သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဧပြီလ ၂၀ ရက်ထုတ် အမိန့်ကြော်ငြာစာတွင် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ သတ်မှတ်သင်ရိုးညွှန်းတမ်း သို့မဟုတ် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသောကျောင်းများကို ပုဂ္ဂလိကကျောင်းများအဖြစ် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခွင့်ပြုမည်ဟု ဖော်ပြထားသည်။

ခွင့်ပြုမည့် ကျောင်းအမျိုးအစားများမှာ အခြေခံပညာပုဂ္ဂလိကကျောင်း၊ နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး ပုဂ္ဂလိကကျောင်း၊ အဆင့်မြင့်ပညာ ပုဂ္ဂလိကကျောင်း၊ ဘာသာရပ်သင် ပုဂ္ဂလိကကျောင်းနှင့် ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် ပုဂ္ဂလိကကျောင်းဟူ၍ အမျိုးအစား ၅ မျိုးကို ခွင့်ပြုပေးမည်ဖြစ်သည်။

ထိုကျောင်းအမျိုးအစားများကို မြန်မာနိုင်ငံသားများသာ စုပေါင်းရင်းနှီး မြှုပ်နှံသည်ဖြစ်စေ သို့မဟုတ် နိုင်ငံခြားသားနှင့် စုပေါင်းရင်းနှီးမြှုပ်နှံသည်ဖြစ်စေ သို့မဟုတ် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်စေ ရင်းနှီးမြှုပ်နှံပြီး ကျောင်းဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ကော်မရှင်၏ အမိန့်ကြော်ငြာစာတွင်ပါရှိသည်။

J-01

  • VIA