News

POST TYPE

PERSPECTIVE

ပညာမမြင့်သော်လည်း အခွင့်အရေးမြင့်စေရန် ဖန်တီးနိုင်သူများ
12-May-2018 tagged as ပညာရေး အိန္ဒိယ



ခေတ်သစ်အိန္ဒိယနိုင်ငံသည် ပေါများသည့် လူသားရင်းမြစ်များနှင့် ကောင်းစွာလုပ်စားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်နေသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့နည်းပညာ လောကကိုလည်း သူ့နိုင်ငံသားများဖြင့် လွှမ်းမိုးခွင့်ရစေရန် ကြံဆောင်နေသည်။ မိမိနိုင်ငံတွင် ကွန်ပျူတာနှင့်နည်းပညာ အသုံးပြုနိုင်ရန် အခွင့်အရေးများ မဖန်တီးပေးနိုင်သော်လည်း နိုင်ငံတကာတွင် အိန္ဒိယသားတွေက နည်းပညာရှင်တွေဖြစ်နေကြသည်။ 

အိန္ဒိယနိုင်ငံသည် လာမည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာ နည်းပညာလုပ်ငန်းစုထဲသို့ သူ့နိုင်ငံသားများ ၁၀၄ ဒသမ ၆၂ သန်းခန့်ရောက်ရှိစေရန် ကြံဆောင်မည်ဟု ဆိုထားသည်။ ထိုသို့ဖြစ်လာစေရန်အတွက် အိန္ဒိယသည် သူ့နိုင်ငံသား ၈ ဒသမ ၁ သန်းခန့်ကို နှစ်စဉ် အလုပ်အကိုင်အခွင့်အလမ်းရစေရန် ဖန်တီးပေးရမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်က အမှန်တကယ်လည်း ၅ ဒသမ ၅ သန်းကို နိုင်ငံတကာကိုလွှတ်နိုင်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ရသည်။

လာမည့်ဆယ်စုအတွင်း အိန္ဒိယနိုင်ငံသည် ကမ္ဘာ့စီးပွားရေး အဖွံ့ဖြိုးဆုံးနိုင်ငံစာရင်းတွင် အမေရိကန်နှင့်တရုတ်ပြီးလျှင် တတိယနေရာသို့ ရောက်လာနိုင်သည့် နိုင်ငံဖြစ်သည်။ သို့သော် လက်ရှိတွင် နိုင်ငံအတွင်း၌ အလုပ်လက်မဲ့အရေအတွက်က တိုးပွားနေဆဲဖြစ်သည်။ အိန္ဒိယ အဘယ်ကြောင့် ဖွံ့ဖြိုးတိုးတက်ရသနည်း။

အိန္ဒိယနိုင်ငံအတွင်း အမျိုးသားစီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ချက်ဖြင့် ကျွမ်းကျင်သူများ မွေးထုတ်နိုင်ရေးသည် ပထမဦးစားပေး လုပ်ငန်းဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံ GDP ၏ ၃ ဒသမ ၈ ရာခိုင်နှုန်းကို ပညာရေးအတွက် အသုံးပြုနေကြောင်း ၂၀၁၇ ခုနှစ် အိန္ဒိယစီးပွားရေးစစ်တမ်းတွင် ဖော်ပြထားသည်။ ဘရာဇီးနှင့် မလေးရှားနိုင်ငံတို့ထက် နည်းသည်ဆိုသော်လည်း သူတို့တတ်နိုင်သလောက် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ပညာရေးအတွက် ပြဋ္ဌာန်းချက်များကိုကြည့်လျှင်လည်း ကမ္ဘာ့စီးပွားရေးလိုအပ်ချက်နှင့် ကိုက်ညီမည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေကြောင်းတွေ့ရသည်။ သူတို့ပညာရေးဦးတည်ချက်က ကျွမ်းကျင် တတ်သိပညာရှင်များ မွေးထုတ်ရေးဖြစ်သည်။ အထူးသဖြင့် soft-skill ကို မွေးထုတ်နိုင်အောင်လုပ်သည်။ အဆင့်မြင့်နည်းပညာ အထောက်အကူများဖြင့် ကမ္ဘာကလက်ခံနိုင်မည့် ပညာရှင်များ ပေါ်ထွက်လာစေရန် လုပ်ဆောင်ရေးမှာ သူတို့အတွက် အဓိကဖြစ်သည်။

ဒုတိယအချက်မှာ ကမ္ဘာ့လိုအပ်ချက် အလုပ်တိုင်းကို အိန္ဒိယနိုင်ငံတွင် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်သည်။ ထို့ကြောင့်လည်း အလုပ်သမားဥပဒေတွေကို မည်သို့ဖြေလျှော့ပေးရမည်ကို စဉ်းစားနေကြသည်။ သူတို့နိုင်ငံမှ အလုပ်သမားများကို ကမ္ဘာ့ဈေးကွက်တင်နိုင်ရေးအတွက် အကာအကွယ်ပေးနိုင်မည့် ဥပဒေများကိုလည်း ပြဋ္ဌာန်းနိုင်စေရန် စီစဉ်နေကြသည်။ 

ကမ္ဘာ့ဈေးကွက်လိုအပ်ချက်သည် အသက်မွေးဝမ်းကျောင်းပညာဖြင့် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန်ဖြစ်သည်။ အိန္ဒိယက တီထွင်ဖန်တီးမှုဗဟိုဌာနကြီး တစ်ခုအဖြစ် ဖန်တီးရေးအတွက် သူတို့ဦးတည်နေကြသည်။ မည်သည့်လုပ်ငန်းကိုမဆို အိန္ဒိယသားတွေက လက်ခံလုပ်ပေးနိုင်ရန် ကျွမ်းကျင်ကြသည်ဆိုသော အနေအထားကို သူတို့ဖော်ဆောင်နေခြင်းဖြစ်သည်။ 

ထို့ကြောင့် အိန္ဒိယအစိုးရသည် Vocational Training Institutes for Women, Basic Training Centers and Related Instructions Centers, Industrial Training Institutes  ဆိုသည့်ဌာနများ ထူထောင်ပြီး လက်တွေ့ကျွမ်းကျင်သူများ မွေးထုတ်နိုင်စေရန် စီစဉ်နေသည်။ 

ပညာရေးတွင် နည်းပညာဆိုင်ရာ ပစ္စည်းများမရှိ၊ ကွန်ပျူတာမရှိ၊ ဆရာမရှိဆိုသည့် အကြောင်းပြချက်နှင့် ငြင်းချက်များကို သူတို့လက်မခံပေ။ ချမ်းသာချင်လျှင် ဘဝမြင့်မားချင်လျှင်၊ ကြီးပွားတိုးတက်ချင်လျှင် မဖြစ်မနေ၊ မရမက ကြိုးစားကြရန်သာ သူတို့လူ့ဘောင် အဖွဲ့အစည်းက ဖန်တီးပေးထားသည်။ Flipkart ဆိုသည့် ကုမ္ပဏီက ကွန်ပျူတာတွေထောင်ပေးပြီး အွန်လိုင်းကတစ်ဆင့် ပညာရှာနိုင်ရေးကို ဖန်တီးပေးသည်။ ကျေးလက်အထိ ဆင်းကြသည်။ လိုအပ်သည့် ကွန်ပျူတာနှင့် အင်တာနက်များကို ထူထောင်ပေးပြီး အွန်လိုင်းကပညာရှာ၊ အွန်လိုင်းက ဘွဲ့ယူနိုင်သည်အထိ လိုက်လုပ်ပေးသည်။ အွန်လိုင်းလက်မှတ်တွေ ရသည်အထိ တာဝန်ယူ သင်ကြားပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ပုဂ္ဂလိကကုမ္ပဏီတွေက ချဲ့ထွင်ပြီး လူသစ်တွေ စုဆောင်းနေခြင်းကလည်း အိန္ဒိယပညာရေးအတွက် အားတက်စရာဖြစ်သည်။ 

နိုင်ငံတကာပညာရေးက ရင်ဆိုင်နေရသည့် ပြဿနာမှာ စာတွေ့ထက် လက်တွေ့သမားတွေကို ပိုမိုတောင်းဆိုလာကြခြင်းဖြစ်သည်။ ပညာတတ်ဘွဲ့ရ မဟုတ်တော့။ ပညာတတ်ကျွမ်းကျင်တွေ ဖြစ်လာသည်။ ထို့ကြောင့် ဘွဲ့လက်မှတ်တွေ တစ်ထပ်ကြီးကိုင်လာပါသည်ဆိုသော သူထက် လက်တွေ့လုပ်ငန်းခွင်ထဲတွင် တီထွင်ပြသူ၊ ဖော်ဆောင်ပြသူတွေကိုသာ တောင်းဆို လာကြောင်းကိုလည်း သတိပြုသင့်ပါသည်။ အိန္ဒိယအစိုးရက ကုမ္ပဏီအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ ဖော်ဆောင်နေသည့် ပညာတတ်မွေးထုတ်ရေး၊ ကျွမ်းကျင်သူများမွေးထုတ်ရေး အစီအစဉ်နောက်ကို အမှန်အကန်နှင့် အထိရောက်ဆုံးသူများ ပေါ်ထွက်ရန် ဥပဒေဖြင့် အကာအကွယ်ပေးပြီး ထိန်းသိမ်းရင်း မျောလိုက်သွားရန်သာဖြစ်သည်။ 

အိန္ဒိယနိုင်ငံသည် လူဦးရေများပြီး အစဉ်အလာကို လက်ကိုင်ထားလွန်းသည့် နိုင်ငံဖြစ်သော်လည်း သူတို့နိုင်ငံ သူတို့လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် နည်းပညာဖြင့် ပြောင်းလဲရန်မှတစ်ပါး အခြားမရှိဆိုသည့် သဘောတရားကို လက်ကိုင်ထားကြသည်။ နေရာတိုင်းတွင် နည်းပညာကို မဖြစ်ဖြစ်သည့် နည်းများဖြင့် ဖြည့်စွက်အစားထိုးကာ သူတို့သားသမီးများဘဝ တိုးတက်မြင့်မားနိုင်ရေးကို ကြိုးစားရမည်ဆိုသည့် သဘောတရားတွေကိုလည်း တောရောမြို့ပါမကျန် နားလည်သဘောပေါက်လာကြသည်။ 

လူငယ်အင်အား၊ နည်းပညာအင်အား၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုများဖြင့် အိန္ဒိယသည် ပြန်လည်နုပျိုသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရမည်ဟု ပညာရေးကိုအခြေခံထားကာ ပြုပြင်ပြောင်းလဲနေကြသည်မှာ အတုယူဖွယ်ရာဖြစ်သည်။ 

E-01
(Ref: Forbes)