News

POST TYPE

PERSPECTIVE

အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုပြဿနာကို ဘယ်လိုအဖြေရှာမလဲ
ကျွန်တော်တို့နိုင်ငံမှာ ယနေ့အစိုးရသစ် ဖော်ဆောင်နေတဲ့ လုပ်ငန်း များစွာရှိတဲ့အထဲက ယခုအစိုးရသစ် လက်ထက်မှာ အရေးတကြီး အလျင်အမြန် ဖြေရှင်း အဖြေရှာသင့်တဲ့ ကိစ္စတစ်ရပ်ကို ပြပါဆိုရင် နိုင်ငံသားတွေဖြစ်တဲ့ လူငယ်၊ လူရွယ်များစွာအတွက် အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု ပြဿနာကိုပဲ လက်ညှိုးထိုးပြရမှာ ဖြစ်ပါတယ်။ ဒီလို ဘာဖြစ်လို့ ပြောရသလဲဆိုတော့ ကျွန်တော်တို့နိုင်ငံအထဲက လူငယ် မိန်းကလေးတွေ၊ ယောက်ျားလေးတွေ အတော်များများဟာ ယနေ့လက်ရှိ အချိန်အခါမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် ကိုရီးယား စတဲ့ ပြည်ပနိုင်ငံတွေမှာ သွားပြီး အလုပ်လုပ်နေကြတဲ့ လူအင်အားတွေ တစ်နေ့ထက် တစ်နေ့ များနေတာကို ကြည့်ပြီးတော့ပဲ ဒီလိုဆိုခဲ့ရခြင်းသာ ဖြစ်ပါတယ်။ 

လေ့လာဆန်းစစ်သူတွေရဲ့အဆိုအရ  ပြည်ပနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်နေကြတဲ့ ဦးရေဟာ ၅ သန်းကျော်လောက်ရှိမယ်လို့ ဆိုနေကြတာပါ။ ဒီလူဦးရေဟာ ကျွန်တော်တို့နိုင်ငံ လူဦးရေရဲ့ ၁၀ ပုံတစ်ပုံလောက်တောင် ရှိနေတာကို တွေ့ကြရမှာဖြစ်ပါတယ်။ အဲ့ဒီလို ကိုယ့်နိုင်ငံအတွင်းမှာ အလုပ်အကိုင်တွေ ရှားပါးပြီး တစ်နေ့လုပ်ခ ဝင်ငွေ နိမ့်ပါးတာကြောင့်  ပြည်ပကို အလုပ်သွားလုပ်နေကြတဲ့အခါ ပြည်ပမှာ အချို့အဆင်မပြေမှုတွေ၊ အချို့ အနိုင်ကျင့်ခံရတာတွေ၊ အချို့ကြားပွဲစားတွေ ကတစ်ဆင့် ပြန်ရောင်းစား ခံကြရတာတွေ၊ အကြောင်းအမျိုးမျိုးနဲ့ သေကျေနေကြတာတွေ ဒါတွေ အားလုံးကို သိပြီးကြားပြီးကြမယ် ထင်မိပါတယ်။

တစ်ဖက်က တွေးယူကြည့်ရရင် ဒါတွေကို သိရမြင်ရ ကြားရတဲ့  ကျွန်တော်တို့နိုင်ငံသားတွေ အတွက်တော့ ဒါဟာ သတင်းကောင်းတစ်ခု မဟုတ်သလို ဝမ်းသာ ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စတစ်ရပ်လည်း မဟုတ်ခဲ့ပါဘူး။ အမှန်တကယ်ဆိုရင်တော့ ကိုယ့်နိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံမှာပဲ အလုပ်အကိုင် အခွင့်အလမ်းတွေ များများရရှိပြီး ထိုက်သင့်တဲ့လုပ်ခ လစာလေး ပုံမှန်ရလို့ ကိုယ့်မိဘ ကိုယ့်ရပ်ရွာမှာပဲ အိုးအိမ်ကို မခွဲမခွာနေကြ၊ လုပ်ခွင့်ရနေကြရရင်ပဲ ကျေနပ်ကြမယ့်သူတွေလို့ ထင်ပါတယ်။ အမှန်တကယ် တော့လည်း ရေခြားမြေခြားမှာ မိဘညီအစ်ကိုတွေ၊ ငယ်ပေါင်းတွေ၊ ချစ်သူ ခင်သူတွေ၊ ဇာတိမြေတွေကို နှစ်ရှည်လများခွဲခွာပြီး တိုင်းတစ်ပါး ဘယ်သူကမှ အလုပ်သွားလုပ်ချင်ကြမယ် မထင်မိပါဘူး။

ရေခြားမြေခြားမှာ အလုပ်သွား လုပ်ကိုင်ရသူတွေ အနေနဲ့လည်း မဖြစ်သာလို့သာ ဝမ်းရေးခက်လှတာမို့သာ သွားရောက် လုပ်ကိုင်နေကြရပေမယ့် သူတို့ပျော်ပိုက်နေကြမယ် မတွေးဆထားသလို ကျန်နေသူ မိဘဆွေမျိုးတွေရဲ့ ပူပန်မှုသောကတွေ ဘယ်လောက် လောင်မြိုက်နေမယ် ဆိုတာဟာလည်း တကယ်တော့ တွေးကြည့်မိရုံမျှ ကိုယ်ကိုယ်တိုင် ကိုယ်ချင်းစာတရားနဲ့ ဝင်ခံစားကြည့်ရုံမျှနဲ့သာ သိနိုင် ခံစားမိကြမှာပါ။ သို့သော်လည်း ကိုယ့်နိုင်ငံအတွင်းမှာ မပြေလည်တဲ့ စီးပွားရေးသောကတွေ၊ မတည်ငြိမ်တဲ့ နိုင်ငံရေးမူဝါဒတွေ၊ ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်လို့ မရနိုင်သေးတဲ့ စစ်ဘေးကျရောက်တဲ့ ဒေသတွေ၊ တိုင်းရင်းသား၊ ဆင်းရဲသားပြည်သူ တွေအတွက် အကောင်အထည်မဖော်ပေးနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုး မွေးမြူရေးစီမံကိန်းတွေ ဒါတွေကြောင့် ရှားပါးတဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေနဲ့ နိမ့်ပါးလွန်းတဲ့ ဝင်ငွေ လုပ်ခလစာတွေကြောင့်သာ သူတို့ တစ်တွေ တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်ရင်း ငွေရှာနေကြရသူတွေပါ။

ဒီကိစ္စဟာ ကျွန်တော်တို့နိုင်ငံ မြန်မာရွှေတွေအတွက်၊ ကျွန်တော်တို့လူမျိုးတွေ အတွက်၊ နောင်လာမယ့် မျိုးဆက်သစ်လူငယ်များစွာ အတွက်၊ ကျွန်တော်တို့ရဲ့ ဇာတိသွေးဇာတိမာန် အတွက်တော့ အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ ကိစ္စတွေပဲဆိုတာ ငြင်းလို့မရနိုင်တဲ့ အမှန်တရားတစ်ခုပါ ဖြစ်သလို နိုင်ငံတကာအလယ်မှာ မျက်နှာငယ်ကြရတဲ့အဖြစ်ပါ။ ကျွန်တော် တို့နိုင်ငံသားအချင်းချင်း ရေခြားမြေခြားမှာ ပြန်တွေ့ကြရင်တောင် ဝမ်းသာ ဂုဏ်ယူစွာနဲ့ နှုတ်မဆက် လက်မပြနိုင်တဲ့ ဘဝမျိုးတွေ များစွာရှိနေတာကို အမှန်အတိုင်း လက်ခံကြရမှာပါ။

ဒီလို အလုပ်အကိုင်ရှားပါးမှုတွေကို အဆုံးသတ်ပြီး ကိုယ့်နိုင်ငံအထဲက လူငယ်တွေအတွက် အလုပ်အကိုင်တွေ များများဖြစ်ပေါ်လာအောင် စီမံ ဆောင်ရွက်ပေးဖို့ ထိုက်သင့်တဲ့လုပ်ခလစာနဲ့ ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်ဇာတိဂုဏ၊် အမျိုးဂုဏ်နဲ့ အေးချမ်းတဲ့ဘဝတွေ ပိုင်ဆိုင်ဖို့ ဘယ်သူက လုပ်ပေးရကြမှာလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ ဘယ်သူတွေက ဒါကို အကောင်အထည် ဖော်ပေးပါ့မလဲဆိုတဲ့ မေးခွန်းတစ်ရပ်လည်း အစိုးရသစ်ရဲ့  လေးလတာခရီးကို မကြာမီ ပြီးဆုံးတော့မယ့် ဒီအချိန်ဒီကာလမှာ အမှန် ပေါ်ထွက်လာနေပါပြီ။

ယခင်အစိုးရဟောင်း လက်ထက်ကလည်း ဘာလို့မဆောင်ရွက် ပေးနိုင်ခဲ့သလဲ၊ လက်ရှိအစိုးရသစ် အနေနဲ့ကရော ဘယ်တော့အကောင် အထည်ဖော်ပေးလာမလဲ။ ဒါဆိုရင် နောက်နောင် အဆက်ဆက်တက်လာမယ့် အစိုးရ အသစ်အသစ်တွေ အနေနဲ့ရော ဒီကိစ္စကို ဦးစားပေးနေရာမှာ ထားပြီး လုပ်ပေးနိုင်ကြပါတော့မလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ပေါ်ထွက် လာနေခဲ့တာ ကြာနေခဲ့ပါပြီ။ ဒီမေးခွန်းတွေကို ပြည်သူတွေကလည်း မေးသင့်ကြပြီ။ ကျွန်တော်တို့ညီငယ်တွေ၊ ညီမငယ်တွေ တိုင်းတစ်ပါးမှာသွားပြီး အလုပ်လုပ်နေကြရတာတွေ အဆုံးသတ်သင့်ပြီ။ တိုင်းတစ်ပါးမှာ ရောင်း စားခံနေရတာတွေ၊ အသတ်ခံနေရတာတွေ ချုပ်ငြိမ်းသင့်ပြီ။ အခုဆိုရင် နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်ကြတဲ့သူ ဦးရေဟာ တစ်နေ့တခြား တိုးတိုးလာသလို ကိုယ့်နိုင်ငံထဲမှာလည်း လူဦးရေတွေ တဖြည်းဖြည်း ဆုတ်ယုတ်လို့ လုပ်ကိုင်နိုင်တဲ့အားတွေ ပိုပိုလျော့လျော့လာတာ ကြည့်တတ်မှ မြင်နိုင်ကြမှာပါ။

ကျွန်တော်သိရသမျှ ပြောပြရရင် ရွာငယ်တစ်ရွာကိုပဲ နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်သူဦးရေ အနည်းဆုံး ၄၀၊ ၅၀ ရှိသလို နယ်တွေမှာတောင် သူလယ်လုပ်သူတွေဆိုလို့ အသက် ၅၀ ကျော် လူကြီးတွေနဲ့ ကလေးတွေ ဘိုးဘွားတွေပဲ အများစု ကျန်ရှိနေပါတော့တယ်။ ဒီတော့ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ၊ ဘယ်သူတွေက စိတ်ဝင်စားမှာလဲ၊ ဘယ်တော့ အကောင်အထည်ဖော်မှာလဲ၊ ဘယ်သူတွေက ကိုယ်ချင်းစာတရားနဲ့ ပြည်သူတွေရဲ့ဘဝအမှန်ကို ပြည်သူ့ကြားထဲ ဝင်ကြည့်မှာလဲ၊ အခြေခံကျကျဘဝတွေကို ဘယ်သူသိနိုင်ကြမလဲ ဆိုတာတွေလည်း စဉ်းစားမိလာပါတယ်။

ယခင်အစိုးရ အဆက်ဆက်ကလည်း ကော်ဇောနီခင်းတဲ့ ပန်းမွေ့ရာလမ်း၊ ရာဇမတ်ကာ သဲဖြူခင်းတဲ့လမ်းတွေ အပေါ်မှာပဲ လျှောက်လှမ်းနေကြပြီး ခေါက်ရိုးကျိုးနေတဲ့ ဝါဒတွေကိုပဲ လက်ကိုင်ပြုပျော်မွေ့ရင်း မပြင်နိုင်ကြသေးတဲ့ ဟုတ်ပါတယ်ခင်ဗျ၊ မှန်ပါတယ်ခင်ဗျ ဆိုတဲ့ အလိုက်ထိုက် အကျင့်တွေ သံမှိုစွဲသလို စွဲကပ်နေရင်း အမှန်ကိုအမှန်အတိုင်း၊ အရှိကို အရှိအတိုင်း မတင်ပြရဲကြသူတွေ၊ ထိမ်ချန်ထားတဲ့သူတွေလည်း ယခုထိ ရှိနေတုန်းလို့ သုံးသပ်ကြရမှာပါ။ ဒီလိုအခြေခံကျတဲ့ အကြောင်းတရား တွေကို အစိုးရလူကြီးတွေကို ဘယ်သူတွေက အမှန်အတိုင်း တင်ပြပေးကြမလဲ ဆိုတာလည်း အရေးတကြီးစဉ်းစားမိဖို့ လိုလာနေပါပြီ။

ဒါနဲ့ပတ်သက်လို့ သတင်းကောင်းတစ်ပုဒ် အနေနဲ့ကတော့ ဇူလိုင်လ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ အစိုးရဌာနပိုင် စက်ရုံအလုပ်ရုံ အတော်များများကို နိုင်ငံခြားသားများနဲ့ နိုင်ငံသားများကို ဖက်စပ်ပေးလုပ်တော့မယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီသတင်းအရ အစိုးရပိုင်စက်ရုံအလုပ်ရုံ အတော်များများကိုလည်း ယခု ထက်ပိုမိုလို့ ဒီလိုသာ ဖက်စပ်ပေးသင့်တာပေးပြီး ကိုယ့်နိုင်ငံသားတွေကို အလုပ်ပေးခဲ့မယ် ဆိုရင်တော့ ထိုက်သင့်တဲ့ အခွင့်အလမ်းတွေကိုတော့ ပြန်လည်ရရှိစေလာမယ် လို့တော့ သုံးသပ်လေ့လာမိပါတယ်။

အမှန်တကယ်တော့ ဒါတွေဟာ အခြေခံအရင်းအမြစ်တွေ ပြည့်စုံနေပြီးဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံမှာ စေတနာကောင်းထားပြီး ပြည်သူ့မျက်နှာကိုပဲ ကြည့်တဲ့သူတွေ၊ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည် ရှိတဲ့သူတွေ၊ စိတ်ဓာတ်ကောင်းမွန်တဲ့သူတွေ အတွက်တော့ လွယ်ကူလှတဲ့ လုပ်ငန်းစဉ် တစ်ရပ်ပဲလို့ သုံးသပ်လို့ ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ မြို့နယ်တစ်မြို့နယ်၊ မြို့တစ်မြို့ ဝန်းကျင်စီတိုင်းမှာ အရင် စက်မှုဝန်ကြီးဌာနက တည်ခဲ့တဲ့ သကြားစက်ရုံတွေ၊ စက္ကူစက်ရုံတွေ၊ ဆပ်ပြာ စက်ရုံတွေ စတဲ့အခြားစက်ရုံတွေအပြင် ယခင် နယကအစိုးရ လက်ထက်က မကြာမကြာ တည်ဆောက်ခဲ့ကြတဲ့ စက်မှုဇုန်လို နေရာမျိုးတွေဟာ မှိုလိုပေါပြီး မြေနေရာအတော်အသင့် ကျယ်ကျယ်ပြန့်ပြန့် ရှိနေကြတာ အတော်များများ သိရှိကြမှာပါ။

ဒီစက်ရုံအများစုဟာ ကောင်းမွန်တဲ့စီမံခန့်ခွဲမှု၊ သန့်ရှင်းတဲ့ဘတ်ဂျက် သုံးစွဲမှု၊ မှန်ကန်တိကျတဲ့ ကြီးကြပ်မှု၊ အရည်အသွေးပြည့်မီတဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှုတွေ မပြည့်စုံဘဲ အဘက်ဘက်က အားနည်းချက်တွေနဲ့ ပြည်သူအများ ကြားလို့တောင်မကောင်းတဲ့ မအောင်မြင်မှု၊ ပြည်သူအများ အားကိုးလို့မရတဲ့ ကုန်ပစ္စည်း အရည်အသွေးနိမ့်ကျမှု၊ ထုပ်ပိုးမှုစနစ် ညံ့ဖျင်းမှုတွေကြောင့် မအောင်မြင်တဲ့ စီမံကိန်းတွေအဖြစ် ရပ်တန့်ထားရတာတွေ ဒုနဲ့ဒေး ရှိနေတာပါ။ ဒီလိုထုနဲထည်နဲ့ရှိတဲ့ စက်ရုံတွေကို(PPP) လို့ခေါ်တဲ့အချို့ကို Private ပေး၊ အချို့ကို အစိုးရက အခုလို နိုင်ငံခြားသားတွေနောက် ကိုယ့်နိုင်ငံသားတွေနဲ့ Partnership အစုအစပ်လုပ်ပြီး အချို့ကို Public ပိုင် နည်းနဲ့ အောင်မြင်အောင် လုပ်ခဲ့ရင် နိုင်ငံသားတွေအတွက် ကိုယ့်နိုင်ငံ အတွင်းမှာတင် အလုပ်အကိုင် အခွင့်အလမ်းများစွာရလို့ နိုင်ငံခြားတောင် ထွက်စရာ မလိုလောက်အောင်ပါပဲ။

အမှန်တကယ်ဆို ဒီစက်ရုံတွေကို အစိုးရက နည်းပညာနဲ့ အရင်းအနှီး မတတ်နိုင်ရင် တတ်နိုင်တဲ့ ကိုယ့်နိုင်ငံသား လုပ်ငန်းရှင်တွေနောက် နိုင်ငံခြားသားတွေနဲ့ အစုအစပ်လုပ်ပြီး အဆိုပါ စက်ရုံမြောက်မြားစွာကို လည်ပတ် စေခဲ့မယ်ဆိုရင် သူ့ဒေသတစ်ဝိုက်မှာတော့ ဒေသခံလူငယ် အတော်များများကို အလုပ်အကိုင် အခွင့်အလမ်းတွေ စီမံပေးနိုင်မယ် ထင်မိပါတယ်။

အနီးစပ်ဆုံးတစ်ခုနဲ့ ဥပမာပေး တင်ပြရရင် ယခုကျွန်တော်နေတဲ့ နယ်မြို့လေးမှာရှိတဲ့ တောင်ကိုရီးယားနဲ့ ဖက်စပ်လုပ်တဲ့ အထပ်သားစက် ရုံလေးတစ်ရုံကတင် မြို့နယ်တစ်မြို့နယ်ရဲ့ တစ်ဝက်လောက် ဧရိယာက လူငယ်တွေ၊ လူကြီးတွေကို အလုပ်အကိုင် အတော်များများ ဖန်တီးပေးနိုင်တာ တွေ့နေရပါတယ်။ အခြားတစ်ခု ထပ်မံတင်ပြရရင် ယခင်က မအောင်မြင် အရည်အသွေးမမီတဲ့ စက္ကူစက်ရုံကြီးနှစ်ရုံကို ပုဂ္ဂလိကပေးပြီး အထည်ချုပ် စက်ရုံကြီးတွေအဖြစ် ပြောင်းလဲပစ်လိုက်တာ အခုဆိုရင် ရေနီ၊ မြို့လှ၊ သာဂရတစ်ဝိုက်က အမျိုးသမီးငယ် ၁၀၀၀ ဦးလောက်ကို အခု အလုပ်အကိုင် ပေးထားနိုင်တာကိုလည်း လေ့လာကြည့်ရင် သိမြင်နိုင်ပါတယ်။ ကိုယ့်နိုင်ငံအတွင်းမှာပဲ အိုးမကွာအိမ်မကွာ လုပ်နိုင်ကြပြီး မိဘတွေကလည်း ပူပန်သောကတွေကင်းလို့ ပြုံးပျော်ရွှင်စွာနဲ့ မနက်ခင်းတိုင်း ချိုင့်ငယ်လေးတွေ အစီစီအရီရီ ကိုင်ပြီး ကားလမ်းဘေးမှာ အလုပ်သွားဖို့ ဖယ်ရီစောင့်နေကြတဲ့ လူငယ်များစွာကိုလည်း ကျွန်တော် ဝမ်းသာစဖွယ် တွေ့ခဲ့ရပါသေးတယ်။

ဒါပေမဲ့လည်း သူတို့လေးတွေဟာ လုပ်ခလစာနဲ့ လုပ်ရတဲ့အလုပ်ချိန်၊ နောက် အချိန်ပိုကြေးတွေ နည်းကြပေမယ့်လည်း ကိုယ့်မြေကိုယ့်အိမ် ကိုယ့်မိဘတွေနဲ့ ညပြန်အိပ် တစ်နေကုန် သွားလုပ်နေကြရတဲ့ အလုပ်ကလေး ရနေတာကိုပဲ ဝမ်းသာ ကျေးဇူးတင်နေကြတဲ့ မျက်နှာလေးတွေ၊ အပြုံးလေးတွေ တွေ့နေခဲ့ရဖူးပါတယ်။ ဆိုလိုချင်တာကတော့ သူတို့လေးတွေဟာ ကိုယ့်နိုင်ငံအတွင်းမှာပဲ အိုးမကွာအိမ်မကွာနဲ့ ထိုက်သင့်တဲ့ အလုပ်လေး တစ်ခု၊ ထိုက်သင့်တဲ့ လစာဝင်ငွေလေးရနေရင်ပဲ ကျေနပ်နေကြတဲ့ နိုင်ငံသားတွေပါ။ သူတို့ ILO ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ဆိုတာတွေ၊ အချိန်ပိုကြေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ခွင့်ခံစားမှုတွေကို ကြားတောင် မကြားဖူးသလို အပြည်ပြည်ဆိုင်ရာက သတ်မှတ်ထားတဲ့ အလုပ်ချိန်၊ နာရီ၊ စားသောက်ချိန်၊ လုပ်ခလစာ၊ ဆေးဝါးကုသမှု၊ ဘေး ပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းရေး၊ အလုပ်ရှင်၊ အလုပ်သမား အပြန်ပြန် အလှန်လှန် လေးစားလိုက်နာရမယ့် အချက်တွေ ဘာမှမသိကြပါဘူး။ ဒါ့အပြင် ကိုယ့်ပြည်တွင်းက အလုပ်သမားတွေနဲ့ ဆိုင်တဲ့ Labour Law ဆိုတာတွေကိုလည်း ယောင်လို့တောင် ကြားဖူးကြမယ် မထင်ပါဘူး။

အချုပ်အားဖြင့် အစိုးရသစ်အနေနဲ့လည်း ယနေ့အချိန်မှာ ပြည်ပ ရောက်နေတဲ့ ကိုယ့်နိုင်ငံသား အလုပ်သမားတွေ အကျိုးစီးပွားအတွက် မိဘနေရာကနေ သဘောထားပြီး သူတို့ခံစားသင့် ခံစားထိုက်တာတွေကို ပြည်ပသံရုံးတွေက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက အစိုးရတွေ ညှိနှိုင်းဆောင်ရွက်ပြီး နားလည်မှုစာချွန်လွှာတွေ ချုပ်ဆိုလို့ ဆောင်ရွက်ပေးနေတာ ကိုလည်း အမှန်အတိုင်း အားတက်ဖွယ်ရာ တွေ့နေရပါတယ်။ 

ကျွန်တော့်ဆိုလိုရင်း ကတော့ အလားတူ ပြည်ပရောက်နိုင်ငံသား တွေအတွက် ပြည်ပမှာ ဆောင်ရွက်ပေးနေတာနဲ့ နည်းတူ ကိုယ့်ပြည်တွင်း မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ရင်းနှီးမြှုပ်နှံမှုများများ တိုးလုပ်တာမျိုးတွေ၊ နောက် ကိုယ့်နိုင်ငံသားတွေလည်း ကျွမ်းကျင်သလို မိရိုးဖလာ အသက်မွေးဝမ်းကျောင်း အလုပ်လည်းဖြစ်တဲ့ ကာလတိုစီမံကိန်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကိုလည်း အဆင့်မြှင့်တင်ပြီး အားပေးအားမြှောက်ပြု တိုးချဲ့ပေးတာမျိုးတွေ လုပ်ပေးခြင်းအားဖြင့် ပြည်တွင်းက လူငယ်တွေလည်း အလုပ်အကိုင်တွေ ရရှိစေလာပြီး ပြည်ပကို ရောက်နေတဲ့ ကိုယ့်နိုင်ငံသား တွေလည်း ကိုယ့်ပြည်တွင်းကို အမှန်တကယ်ပင် ပြန်လည်ဝင်ရောက် အလုပ် လုပ်ကိုင်နိုင်ကြမှာ အမှန်ပင်ဖြစ်ပါကြောင်း အကြံပြုလို့ ရေးသား တင်ပြ လိုက်ရပါတယ်။ 

သန်းဖြိုးနိုင် (မြန်ပြည်သား)

ABOUT AUTHOR

(သန်းဖြိုးနိုင်)