News

POST TYPE

PERSPECTIVE

ဘယ်သူတွေ ဘာထင်ထင်
21-Apr-2018



ငယ်စဉ်ကတည်းက ပညာသင်ကြားခွင့် မရခဲ့သော အသက် ၃၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် သမီးဖြစ်သူ အသက်ငါးနှစ်ပြည့်သဖြင့် သူငယ်တန်းကို လာအပ်သည့်အခါ သူကိုယ်တိုင်လည်း ကျောင်းတက်ပါရစေဟု ဆိုလိုက်သဖြင့် ဆရာတွေက အံ့အားသင့်ကုန်ကြသည်။ 

သူ့အမည်က ရှီရှောင်ကျင်းဖြစ်သည်။ ကလေးနှစ်ယောက်မိခင်ဖြစ်ကာ တရုတ်နိုင်ငံတောင်ပိုင်း ကွေ့ကျိုးနယ်တွင် နေထိုင်သူတစ်ဦးလည်း ဖြစ်သည်။ သူက ကလေးကို ရွာရှိကျောင်းတွင် လာအပ်ရင်းက သူ့ကိုလည်း ကျောင်းအပ်သွားသည်ကို Ynet.com တွင် ဖော်ပြလိုက်ရာ အားလုံးဝိုင်းဝန်းအားပေးကုန်ကြသည်။

ရှီရှောင်ကျင်းကလည်း သူ့အနေနှင့် မည်သူ့ကိုမှ ဂရုစိုက်မည်မဟုတ်၊ မည်သူက မည်သို့ထင်ထင်၊ စာတတ်အောင်သင်မည်ဟု ဆိုလိုက်သည်။ 

“ကျွန်မအနေနဲ့ ဘယ်သူဘာထင်ထင် ဂရုမစိုက်ပါဘူး။ သမီးနဲ့အတူ ကျောင်းလာတက်ရတာ ပညာတိုးတာပေါ့၊ ပြီးတော့ ကျွန်မသမီးလေးကိုလည်း အိမ်မှာကောင်းကောင်း ပြန်သင်ပေးနိုင်တယ်လေ”ဟု ဆိုသည်။ 

“ကျွန်မ စာရေး စာဖတ်တတ်သွားခဲ့ရင် အိမ်မှာ သမီးကို ကောင်းကောင်းပြန်သင်နိုင်မယ်။ သမီးက ပညာတတ်ကြီးဖြစ်မှ ကြီးလာရင် အလုပ်ကောင်းကောင်းရမယ်လေ”ဟု သူ့ရင်ထဲကရှိသည့်အတိုင်း ထုတ်ဖော်ပြောကြားသည်။ 

ရှီရှောင်ကျင်းသည် မိသားစုနှင့်အတူ ကျေးရွာလေးတစ်ရွာတွင် နေထိုင်သည်။ ကလေးဘဝကတည်းက ကျောင်းသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်တက်နိုင်ခြင်းမရှိခဲ့သဖြင့် စာမတတ် ပေမတတ် ကြီးပြင်းခဲ့ရသည်။ သို့သော် အခွင့်အရေးရလျှင် ပညာသင်ရန် အမြဲအားထုတ်နေသူတစ်ဦးဖြစ်သည်။

ရှီနှင့် သူ့ခင်ပွန်းဖြစ်သူတို့သည် တရုတ်နိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများဖြင့် ဘဝကို ရပ်တည်နေရသူများဖြစ်သည်။ သူတို့သည် ဖူကျင်း၊ ဟိုင်နန်း၊ ဂွမ်တောင်း နယ်များတွင် ပြောင်းရွှေ့ပြီး ကြုံရာကျပန်း လုပ်စားနေကြရသည်။ သို့သော် သူ့အနေနှင့် စာမတတ်ခြင်းက သိမ်ငယ်စိတ်များကို အမြဲဖြစ်နေစေပြီး စာသင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပြောပြသည်။

ငယ်စဉ်က စာသင်ရန် အခွင့်အရေးတစ်ကြိမ်ရပြီး စာသင်ခဲ့သော်လည်း မသင်ရသည့်နှစ်တွေ ကြာသွားသဖြင့် စာလုံးတွေကို သူမေ့ကုန်သည်။ စာမတတ်သောကြောင့်လည်း သူ့ဘဝတွင် ပင်ပန်းဆင်းရဲကြီးစွာ လုပ်ကိုင်လှုပ်ရှားခဲ့ရသည်။ 

သူ့ခင်ပွန်းဖြစ်သူသည် ဆောက်လုပ်ရေးလုပ်ငန်း ဆိုက်များတွင် လုပ်ကိုင်နေရသည့် အလုပ်ကြမ်းသမားဖြစ်ပြီး အိမ်နှင့်အလွန်ဝေးသည့် နေရာများတွင် သွားရောက်လုပ်ကိုင်နေရသူဖြစ်သည်။ သူတို့တွင် တစ်နှစ်အရွယ် သမီးလေးတစ်ယောက်လည်းရှိပြီး အလွန်ဆင်းရဲပင်ပန်းစွာဖြင့် ဘဝကို ဖြတ်သန်းနေကြရသူများဖြစ်သည်။ 

ဆရာမ ချီမင်းရှကလည်း သူ့တပည့်ကြီး ရှီတစ်ယောက် အလွန်ကြိုးစားကြောင်းကို
“ရှီရှောင်ကျင်းက အရမ်းကြိုးစားတာ။ သူ ငယ်ငယ်ကသင်ခဲ့တဲ့ တရုတ်စာတွေကို မှတ်မိနေပါသေးတယ်။ သူက ကျွန်မအတွက်တော့ အခြားကျောင်းသားတွေ စံပြုလောက်တဲ့သူတစ်ယောက်ပါပဲ”ဟု ဆိုသည်။

ဆရာမချီက သူ့ကို ကျောင်းက လက်ခံရသည်ကိုပင် ပျော်ရွှင်နေမိကြောင်း ပြောသေးသည်။ တကယ်တော့ ရှီရှောင်ကျင်းသည် သူ့ဆရာမ ချီထက်ပင် အသက်ကကြီးနေသေးသည်။ သို့သော် ဇွဲနှင့်သတ္တိ အလွန်ရှိသူရှီကို ဆရာမကလည်း အထင်ကြီးလေးစားစွာဖြင့် သင်ကြားပေးသည်။ 

နေ့ခင်း အားလပ်ချိန်များတွင် ရှီတစ်ယောက် အခြားကျောင်းသားများနှင့်အတူ ကစားကွင်းထဲ ထွက်ကစားသည်။ သူက အခြားကလေးများကိုလည်း ဝိုင်းဝန်းထိန်းပေးသလို ပြုလုပ်ပေးနေခြင်းကြောင့် ကျောင်းအတွက်လည်း များစွာ အထောက်အကူဖြစ်စေသည်။

ကျောင်းဆင်းလျှင် သမီးနှင့်အတူ အိမ်ပြန်သွားပြီး အိမ်တွင်လည်း ချက်ပြုတ်ရ၊ လျှော်ဖွပ်ရသည့်အပြင် သမီးနှစ်ယောက်နှင့် ဘိုးဘွားများကိုလည်း ပြုစုစောင့်ရှောက်ရသေးသည်။ အားလုံးအိပ်သော်လည်း သူမနားနိုင်သေး ကျောင်းကပေးလိုက်သည့် အိမ်စာတွေကို လုပ်ဆောင်ရသေးသည်။ မည်သို့ဆိုစေ ပညာကိုလိုလားသည့် ရှီရှောင်ကျင်းတစ်ယောက်မှာ ရွာအတွက်တော့ စံပြုစရာဖြစ်ခဲ့ရသည်။ 

E-01
(Ref: South China Morning Post)

  • VIA