News

POST TYPE

PERSPECTIVE

သင်္ကြန်ချစ်သူများ ဖြစ်ကြပါစေ
05-Apr-2018

ကျွန်တော် သင်္ကြန်ကိုချစ်ပါသည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝက သင်္ကြန်ကာလအတွင်း ရေပြွတ်တစ်ချောင်းဖြင့် မြင်မြင်သမျှလူကို ရေလိုက်ပက်ရသည်များက အလွန်ပျော်စရာကောင်းပါသည်။ ကျွန်တော်တို့ ငယ်ငယ် ထားဝယ်မြို့တွင်နေခဲ့ရစဉ်က သင်္ကြန်မကျမီ သုံးရက်အလိုတွင် ကလေးသင်္ကြန်ဆိုပြီး ရေပက်ရပါသည်။ လူကြီးတွေထက် သုံးရက်ပို၍ ပက်ရသဖြင့် ထားဝယ်သင်္ကြန်ကို ယနေ့တိုင် အမှတ်တရဖြစ်ရပါသည်။ လူကြီးတွေ မြင်းလှည်းပေါ်မှ အော်ဟစ်သွားသော “သံရှပ်လည်းမှေ့ ရှင်းလည်းမှေ့၊ နို့ကေ့စားဖို့လာတယ်။ သံရှယ်လည်းမှေ့၊ ရှင်းလည်းမှေ့၊ ရှောက်ပတ်ကေ့ဖို့လာတယ်” အဓိပ္ပာယ်နှစ်ခွထွက်သည့် သံချပ်အပိုင်းအစကို အဓိပ္ပာယ်နားမလည်ဘဲ လိုက်၍အော်ဟစ်သီဆိုရသည်မှာလည်း ပျော်၍မဆုံးပါ။ (သံချပ်လည်းမရှိဘူး၊ သီချင်းလည်းမရှိဘူး၊ တို့လိုက်ကြည့်ဖို့လာတယ်။ သံချပ်လည်းမရှိဘူး၊ သီချင်းလည်းမရှိဘူး၊ တို့လျှောက်ပတ်ပြီး ကြည့်ဖို့လာတယ်ဟူ၍ အဓိပ္ပာယ်ထွက်ပါသည်။ သံရှပ်=သံချပ်၊ ရှင်း=သီချင်း၊ နို့=တို့၊ မှေ့=မရှိဘူး၊ ကေ့စား=ကြည့်သည်၊ ရှောက်ပတ်=လျှောက်၍လှည့်ပတ် ကြည့်ရှုသည်)။

လူပျိုပေါက်စအရွယ်သို့ရောက်သောအခါတွင် လမ်းလျှောက်သွားသူနောက်သို့ တစ်ကောက်ကောက်လိုက်၍ နို့ဆီခွက်ဖြင့် ခွက်စောင်းခုတ်လိုက်သည့်အခါ တစ်ဖက်သူနာကျင်၍ အော်ဟစ်သွားသည်ကိုပင် ပျော်စရာတစ်ခုလို သဘောထားမိခဲ့သည်။ အထက်တန်းကျောင်းသားအရွယ်သို့ ရောက်သည့်အခါ ဂျစ်ကားဖြင့်လည်ရခြင်း၊ မဏ္ဍပ်များရှေ့တွင် ခုန်ပေါက်မြူးထူးပျော်ပါးရခြင်းသည်ကား သင်္ကြန်၏ အပျော်ဆုံးနှစ်ကာလများပင် ဖြစ်ခဲ့သည်။ ထိုအချိန်က မန္တလေးတွင် ကျောင်းနေချိန်ဖြစ်ရာ ရုပ်ရှင်မင်းသားဝင်းဦးနှင့် ခင်သန်းနုတို့၏ “မောင်တို့ချယ်ရီမြေ”ဇာတ်ကား ရိုက်သည့်အချိန်နှင့် ကြုံကြိုက်နေရာ အများနည်းတူ နောက်မှလိုက်၍ကြည့်ရှုရသည်ကို ယနေ့တိုင်အမှတ်တရ ရှိနေဆဲပင်ဖြစ်ပါသည်။

သင်္ကြန်ကြောက်တဲ့ အုပ်ချုပ်ရေးဝန်ထမ်းဘဝ

အုပ်ချုပ်ရေးဝန်ထမ်းဘဝသို့ရောက်သည့်အခါ သင်္ကြန်အပျော်တို့သည်လည်း တန်ခူးလေနှင့်အတူ လွင့်မျောကွယ်ပျောက်ကြရသည်။ မိမိတာဝန်ထမ်းဆောင်ရာ မြို့နယ်အတွင်း (မဏ္ဍပ်တည်ဆောက်ရေးရန်ပုံငွေ အပါအဝင်၊ ယိမ်းသမများ၏ဝတ်စုံစရိတ်၊ ချီးမြှင့်ရမည့်ဆုကြေးငွေများ၊ ဧည့်ခံကျွေးမွေးစရိတ်များစသည့် အခက်အခဲများစွာကို ကျော်ဖြတ်၍) ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုကို မဖြစ်မနေဆောင်ရွက်ရသည်။ တစ်ချိန်က ယခုလို စပွန်ဆာပေးမည့်သူများ ခေတ်မစားသေးသဖြင့် အလှူခံ၍ရသမျှ ငွေဖြင့် ခက်ခဲစွာဆောင်ရွက်ရသည်။ ထိုမျှသာမက သင်္ကြန်ကာလအတွင်း ပြည်သူများလွတ်လပ်ပျော်ရွှင်စွာ ရေကစားနိုင်ရန် မိမိမြို့နယ်အတွင်းရှိ မဏ္ဍပ်များ၏လုံခြုံရေးအတွက် လှည့်လည်ကြီးကြပ်ဆောင်ရွက်ရသည်။ ခိုက်ရန်ဖြစ်ပွားသူများ၊ အရက်သေစာမူးယစ်သောက်စား၍ သောင်းကျန်းသူများကို ချက်ချင်းဖမ်းဆီးအရေးယူစေရသည်။ ထိုစဉ်က နေ့စဉ်တရားရုံး များဖွင့်လှစ်၍ တရားစွဲဆိုတင်ပို့စေရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် တွင်ဖြစ်ပွားခဲ့သည့် X2O မဏ္ဍပ်ဗုံးပေါက်ကွဲမှုကဲ့သို့ ပြဿနာကြီး ကြီးမားမားဖြစ်ပွားပါက သင်္ကြန်ကာလကျော်လွန်ပြီးသည့်တိုင် ဖြေရှင်း၍ မဆုံးတော့ပါ။

ငယ်စဉ်က ချစ်ခင်မြတ်နိုး နှစ်သက်ခဲ့ရသည့်သင်္ကြန်ကို မမုန်းသော်လည်း သင်္ကြန်ကာလရောက်မည်ကိုတော့ ကြောက်ခဲ့ရသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ယနေ့တိုင်လည်း မျိုးဆက်သစ် အုပ်ချုပ်ရေးဝန်ထမ်းများက လူမှုကွန်ရက်များတွင် တင်နေကြသည်မှာ သင်္ကြန်ရုံးပိတ်ရက် ဆယ်ရက်မှသည် ငါးရက်ဖြစ်သွားရသည့်အထဲ သင်္ကြန်ကာလအတွင်း ဂျူတီစောင့်ရသည့်အတွက် သင်္ကြန်ကာလကိုမုန်းသည်ဟု မပြောသော်လည်း သင်္ကြန်တွင် မလည်ရ မပျော်ရ၍ စိတ်ညစ်နေသည်များကို ဖော်ပြနေကြသည်။

သင်္ကြန်ကိုမုန်းတဲ့ ဆရာဝန်

ကျွန်တော်သည် ယခုရက်ပိုင်းအတွင်း ကျန်းမာရေးမကောင်း၍ ဆေးစစ်၊ ဆေးကုသခြင်း ဆောင်ရွက်နေရပါသည်။ တစ်နေ့တွင် ဆရာဝန်မကြီးတစ်ဦးက စမ်းသပ်စစ်ဆေးနေစဉ် သူ့လက်ထောက်တပည့်များကို ပြောလိုက်သည်မှာကား “နင်တို့နော် သင်္ကြန်ကျရင်တော့ ငါ့ကိုလုံးဝလာမခေါ်နဲ့၊ ငါမလာဘူး၊ ငါသင်္ကြန်ကိုမုန်းတယ်”ဟူ၍ ဖြစ်ပါသည်။ သူ့တပည့်လေးတစ်ဦးက “ဟာအန်တီကလည်း သင်္ကြန်က ပျော်ဖို့ကောင်းပါတယ်”ဟု ပြန်ပြောလိုက်ရာ၊ ၎င်းက “သင်္ကြန်ဆိုရင် လူတွေက သောက်စား၊ မူးရူးပြီးတော့ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်ကြတယ်၊ မိန်းကလေးတွေကလည်း ဘီယာသောက်ကြပြီး ဝတ်ချင်သလိုဝတ်စားနေကြတာ၊ ငါကြည့်လို့ကိုမရဘူး”ဟု ပြန်ပြောလိုက်ပါသည်။ ဆရာဝန်မကြီးက အသက်အရွယ်ကြီးရင့်ပြီး အငြိမ်းစားဝန်ထမ်းဖြစ်ပုံရသည့်အပြင် ပုဂ္ဂလိကဆေးရုံဖြစ်သည့်အတွက် ၎င်းမလာချင်လျှင်လည်း မလာဘဲနေလို့ရသည့်သဘောဖြစ်ပါသည်။ သည်တော့လက်ရှိနိုင်ငံပိုင် ဆေးရုံဝန်ထမ်းများ၏ သင်္ကြန်နှင့်ပတ်သက်သည့် ခံစားချက်ကား မည်သို့ရှိမည်နည်း။

ဆေးရုံမှအပြန်လမ်းခရီးတွင် ကျွန်တော်ကသားဖြစ်သူဆရာဝန်ကို မေးလိုက်ပါသည်။ “ဆရာဝန်မကြီးပြောတာ သားကြားတယ်နော်။ သားတို့အစိုးရဆေးရုံက ဆရာဝန်တွေကရော သင်္ကြန်နဲ့ပတ်သက်လို့ ဘယ်လို ခံစားချက်များရှိကြလဲ”ဟု မေးလိုက်ရာ။ 

“မပြောချင်တော့ပါဘူး အဖေရာ၊ ငယ်ငယ်တုန်းက သင်္ကြန်ဆိုရင် ပျော်ခဲ့ရသလောက်အခုကျတော့ သင်္ကြန်ဆိုတဲ့အသံကို ကြားတောင်မကြားချင်တော့ဘူး။ အရင် သင်္ကြန်ရုံးပိတ်ရက် ဆယ်ရက်ရှိတုန်းကတော့ ဂျူတီက သုံးလေးရက်လောက်ဝင်ရတယ်၊ အခုငါးရက်ပိတ်တယ်ဆိုတော့ နှစ်ရက်လောက်တော့ ဝင်ရမယ်ထင်တယ်။ သင်္ကြန်ကာလဂျူတီကျရင် လာလိုက်ကြတဲ့ အကွဲအပြဲ အကျိုးအပဲ့တွေအဖေရာ၊ ကားမှောက်လို့၊ ကားနဲ့ဆိုင်ကယ်တိုက်လို့၊ ရန်ဖြစ်လို့လာလိုက်ကြတဲ့လူနာတွေ၊ သွေးသံရဲရဲ၊ ရေတွေကလည်း ရွှဲရွှဲစိုလို့ တော်တော်စိတ်ညစ်စရာကောင်းပါတယ်။ ဒါကြောင့်သားတို့က သင်္ကြန်ရောက်မှာကို သိပ်ကြောက်တာ။ သားတို့ကတခြားရုံး၊ ဌာနကဝန်ထမ်းတွေလို ဂျူတီကျတယ်ဆိုရင် တယ်လီဖုန်းလေးနားမှာ ထိုင်နေရတာမဟုတ်ဘူး။ ခွဲစိတ်၊ ဖြတ်တောက်နေရတာ။ ဆရာဝန်တွေသာမကပါဘူး သူနာပြု ဆရာမတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေအားလုံး သင်္ကြန်ကိုကြောက်ကြတာပါပဲ” ဟု ပြောပြပါသည်။

သင်္ကြန်ကိုမုန်းသည်ဟု မပြောသော်လည်း သင်္ကြန်ကိုကြောက်နေသည်ကတော့ သေချာပါသည်။

ရဲတွေကရော သင်္ကြန်ကို မုန်းကြသလား

သင်္ကြန်ရောက်လျှင် ရုံးပိတ်ရက် မနားရဘဲ တာဝန်ထမ်းဆောင်ရသည့်ဝန်ထမ်းများအနက် အပင်ပန်းဆုံးမှာ ယာဉ်ထိန်းရဲအပါအဝင် ရဲတပ်ဖွဲ့ဝင်များပင်ဖြစ်မည်ဟု ယူဆပါသည်။ သူတို့တစ်တွေမှာ နေပူပူ၊ မိုးရွာရွာ၊ ရေတွေရွှဲရွှဲစိုလည်း အဝတ်အစားလဲ၍မရ၊ အများသူငါလို အချမ်းပြေဆေးသောက်လို့မရ၊ အထူးသဖြင့် ယာဉ်တိုက်မှု၊ ရန်ဖြစ်မှုစသည်တို့ဖြစ်လာလျှင် တားဆီးရသည်၊ လူစုခွဲရသည်၊ ထိုသို့မှမရလျှင် ဖမ်းဆီး၍ ဥပဒေ အရအရေးယူရသည်။ ဖမ်းဆီးသည်ဟုဆိုရာ၌ ပြောရသည်မှာလွယ်သော်လည်း လက်တွေ့မှာခက်ခဲသည်။ မူးရူးနေသူများက အများစုဖြစ်သည်။ ရဲအင်အားနည်းလျှင်မလွယ်။ မိမိကပြန်ခံရဖို့များသည်။ လူတွေကလည်း ရဲဟုဆိုလျှင် ဆိုင်သူရော၊ မဆိုင်သူတွေကပါ ဘေးကနေဝင်၍ ရောသမမွှေချင်သည်။ သည်တော့မဏ္ဍပ်များတွင် ငှားရမ်းထားသော ပုဂ္ဂလိကလုံခြုံရေးအဖွဲ့များ၏ အကူအညီကိုယူရသည်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏ အကူအညီကိုယူရသည်။ သင်္ကြန်ကာလဆိုလျှင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှာလည်း နားရသည်ဟူ၍မရှိပေ။

ထို့ကြောင့် သူတို့တစ်တွေက သင်္ကြန်ကို မုန်းသည်ဟူ၍ နှုတ်ကမဆိုကြသော်လည်း သင်္ကြန်ရောက်မည်ကို ကြောက်ကြသူများဖြစ်ကြပါလိမ်မည်။

သင်္ကြန်ကိုမုန်းကြသူများ

သင်္ကြန်ကာလတွင် တာဝန်ဝတ္တရားများ ထမ်းဆောင်ရသဖြင့် နားရက်မရသူများ၊ မိဘရပ်ထံမပြန်နိုင်သူများ၊ သာရေးနာရေးနှင့် ဘာသာရေးမလုပ်နိုင်ကြသူများမှာ သင်္ကြန်ကာလနှင့် သင်္ကြန်ပွဲတော်တွင် အများသူငါ ပျော်ရွှင်ကြည်နူးကြသော်လည်း မိမိတို့မှာ မပျော်ရ၊ မပျော်နိုင်သဖြင့် သင်္ကြန်ကာလကို မုန်းတီးသူများမဟုတ်ကြသော်လည်း သင်္ကြန်ရောက်လာမည်ကို စိုးရွံ့ကြသူများဖြစ်ကြသည်။ သို့ရာတွင် သင်္ကြန်ကာလကို မုန်းတီးသူများ၊ သင်္ကြန်ဟူသောအသံကိုပင် မကြားချင်သူများကား အမှန်တကယ် ပင်ရှိကြပါသည်။

သူတို့၏မိသားစုဝင်များဖြစ်ကြသည့် ဖခင်၊ မိခင်များ၊ သားသမီးများ၊ ညီအစ်ကိုမောင်နှမများ စသည့် ဆွေမျိုးသားချင်းများသည် တစ်ခုသော သင်္ကြန်ကာလအတွင်းတွင် ယာဉ်မတော်တဆမှုကြောင့်ဖြစ်စေ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့်ဖြစ်စေ၊ သင်္ကြန်ကာလကိုအကြောင်းပြုသော အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ၊ ပြင်းထန်သောထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းစသည်တို့ဖြစ်ပေါ်ခဲ့ပါက ထိုသူတို့အနေနှင့် သင်္ကြန်ဆိုသော အသံကို မကြားချင်အဆုံးရှိကြမည့်အပြင် သင်္ကြန်ကိုမုန်းတီးစိတ်များပင် ရှိနေကြလိမ့်မည်ဖြစ်ပါသည်။

နိဂုံး

ထို့ကြောင့်လည်း သင်္ကြန်ကာလတွင် ပျော်ရွှင်ကြမည့်သူများအနေဖြင့် ရိုးရာလည်းမပျက် ယဉ်ကျေးမှုလည်း မပျောက်၊ မိမိ၏အသက်နှင့်ကိုယ်ကို ထိခိုက်မှုအန္တရာယ်လည်း မဖြစ်စေသောငှာ အရက်သေစာသောက်စားမူးယစ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ယာဉ်ကိုအရှိန်ပြင်းစွာမောင်းနှင်ခြင်းတို့ မပြုလုပ်ကြဘဲ အချင်းချင်း အပြန်အလှန် ထိန်းသိမ်းဆောင်ရွက်ကြမည်ဆိုပါက ရဲတပ်ဖွဲ့ဝင်များနှင့် ဆရာဝန်များလည်း အလုပ်များကြမည်မဟုတ်ပါ။ သို့မဟုတ်ပါက မိမိတို့၏မိတ်ဆွေ၊ သူငယ်ချင်းကို ဘဝတစ်ပါးသို့တွန်းပို့လိုက်သလိုဖြစ်သွားကာ သူ၏မိသားစုများမှာလည်း သင်္ကြန်မုန်းသူများဖြစ်သွားကြပါလိမ့်မည်။

နိုင်ငံ့ဝန်ထမ်းများအနေနှင့်လည်း အများသူငါ ပျော်ရွှင်မြူးထူးနေကြချိန်တွင် မိမိတို့မှာမပျော်ရ၊ မပါးရဘဲ တာဝန်ဝတ္တရားများကို ထမ်းဆောင်နေရသည်ဟူ၍ သင်္ကြန်ကိုမလိုလားမနှစ်မြို့သော စိတ်သဘောထားများမထားရှိဘဲ အများသူငါ ပျော်ရွှင်နိုင်ကြစေဖို့အတွက် ငါတို့၏မိသားစု ပျော်ရွှင်ရမည့်အချိန်တို့ကို ပြည်သူနှင့်နိုင်ငံအတွက် ပေးဆပ်နေရသည်ဟူ၍ မြင့်မြတ်သောစိတ်သဘောထားများကို ထားရှိကြစေလိုပါသည်။

အဓိကနှင့်အရေးအကြီးဆုံး အကြံပြုတင်ပြလိုသည်မှာ တစ်နှစ်တွင် တစ်ခါသာရရှိသည့် သင်္ကြန်ကာလရုံးပိတ်ရက်ရှည်တွင် မနားရသူများ၊ အများသူငါကဲ့သို့ မပျော်ရသူများ၊ အများသူငါကဲ့သို့ လူမှုရေး၊ ဘာသာရေးကိစ္စများကို မဆောင်ရွက်နိုင်ဘဲ ကိုယ်ကျိုးစွန့်အနစ်နာခံကာ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြသူများကို “ဘုရားပြီးငြမ်းဖျက်”ဆိုသည့်သဘော မျိုးမထားဘဲ တာဝန်ရှိသူအကြီးအကဲများက (စက္ကူလက်မှတ်တစ်စောင် မဟုတ်သော) ထိုက်တန်သည့် ဂုဏ်ပြုချီးမြှင့် မြှောက်စားမှုတစ်ခုခုကို ပြုလုပ်ပေးသင့်ပါကြောင်းတင်ပြရင်း “သင်္ကြန်ချစ်သူများဖြစ်ကြပါစေ” ဟု ဆန္ဒပြုလိုက်ပါသည် ...။

သိန်းထက်အောင်