News

POST TYPE

PERSPECTIVE

မျက်ရည်နှစ်စက်၏ လျှို့ဝှက်ချက်
04-Apr-2018

“မျက်ရည်နှစ်စက်”အကြောင်း မပြောတော့ပါဘူးရယ်လို့ ဆုံးဖြတ်ထားကာမှ ဝန်းကျင်၏လှုံ့ဆော်မှုကြောင့် မပြောဘဲ မနေနိုင်တော့။ ဒီမျက်ရည်နှစ်စက်အကြောင်းက ကြာပြီဆိုပေမယ့် ဒီနေ့အထိ ဟောင်းမသွားသေးတဲ့ အကြောင်းတရားလေး ဖြစ်နေတာမို့ ပြောချင်လာခြင်းပင် ဖြစ်ပါ၏။ 

မျက်ရည်နှစ်စက်ပိုင်ရှင်လေးက မြန်မာပြည်တစ်ပြည်လုံး ၁၀ တန်း စာမေးပွဲမှာ နံပါတ်တစ်ချိတ်ခဲ့သူလေးတစ်ဦးပါပဲ။ The Whole (Burma) Myanmar First ပေါ့။ အကြောင်းသင့်တော့ အဲဒီကလေးမလေး အရှေ့တောင်အာရှနိုင်ငံတွေက ကိုယ်စားလှယ်ကျောင်းသူကျောင်းသားလေးတွေနဲ့ တွေ့ဆုံဖို့ နိုင်ငံတော်က စေလွှတ်ခြင်းခံခဲ့ရပါသတဲ့။ ရင်းနှီးချစ်ကြည်မှု၊ ပေါင်းသင်းဆက်ဆံမှု၊ ပညာရေးဖလှယ်မှုတွေအတွက် ရည်ရွယ်ပြီး စီစဉ်ထားတဲ့ ညီလာခံလေး ပြောရမလားမသိ။ အဲဒီမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပညာရေးအတွေ့အကြုံ ဖလှယ်ကြ၊ ယဉ်ကျေးမှုချင်းဖလှယ်ကြ၊ ဘာသာစကားချင်း ထိတွေ့ကြ။ ပျော်စရာကြီးပါ။ ဒါပေမဲ့ မပျော်နိုင်သူက မြန်မာပြည်က “The Whole Burma First” လေးပါပဲတဲ့။ 

ပညာရေးဖလှယ်ခြင်းအစီအစဉ်တစ်ခုမှာ လက်တွေ့ခန်းဝင်ရပါတယ်တဲ့။ ဓာတ်ငွေ့တစ်ခုကို လက်တွေ့ထုတ်ဖော်ကြရပါတယ်တဲ့။ The Whole Burma First လေးတစ်ယောက် တုန်တုန်ရီရီနဲ့ ဟိုဟာကိုင်ရနိုးနိုး၊ ဒီဟာကိုင်ရနိုးနိုး ဖြစ်နေပါသတဲ့။ သတ်မှတ်အချိန်အတွင်း ပြီးရမှာမို့ သွက်လက်ဖျတ်လတ်စွာ လုပ်ကိုင်နေတဲ့ တွဲဖက်ကျောင်းသား (ထိုင်းကျောင်းသားလေး) ကို တပြုံးပြုံးနဲ့ ချော့မော့နေရသူလေးဟာ The Whole Burma First လေးပါတဲ့။ 

ထိုင်းကျောင်းသားလေးက သွက်သွက်လက်လက် ကျွမ်းကျွမ်းကျင်ကျင် လုပ်လိုက်တာမို့ အချိန်မီဓာတ်ငွေ့ကို ထုတ်လိုက်နိုင်ပါတယ်။ အဲဒီထိုင်းကျောင်းသားလေးက ၉ တန်းကျောင်းသားလေးပါတဲ့။ The Whole Burma First လေးဟာ ရှက်သွေးကလေးဖြာဖြာနဲ့ ဓာတ်ခွဲခန်းထဲက ချွေးလေးတစို့စို့နဲ့ ထွက်လာရပါတယ်တဲ့လေ။ 

ကောင်းပါပြီ။ 

The Whole Burma First ကလေးရဲ့အရှက်ဟာ ကျွန်တော်တို့ အရှက်ပါပဲ။ သူမဟာ မြန်မာပြည်တစ်ပြည်လုံး “ပထမ” ဆုကြီးကို ဆွတ်ခူးနိုင်သူလေးမဟုတ်လား။ မြန်မာတစ်ပြည်လုံး ပထမရသူလေးက ထိုင်း ၉ တန်းကျောင်းသားလေးကို “ဘာကြောင့် ခယ” ခဲ့ရပါသလဲ။ 

ကောင်းပါပြီ။ 

ပညာရေးမှာ သူတစ်ပါးကို “ခယ” ခဲ့ရတဲ့ The Whole Burma First ကလေး၊ နောက်ဆုံးတွေ့ဆုံမှုညီလာခံအပြီးမှာ “မီးပုံပွဲနဲ့” ကိုယ့်ဆိုင်ရာ ဆိုင်ရာ ရိုးရာအကတွေ၊ သီချင်းတွေနဲ့ ဖျော်ဖြေပွဲများရောတဲ့။ ကျွန်တော်တို့ရဲ့ သမီးလေး တက်ကြွဖျတ်လတ်စွာ “က” ခဲ့လေသလား။ “မြူးကြွစွာ” သီဆိုခဲ့လေသလား။ မဟုတ်ပါ။ သူမ “ရှက်သွေးတဖြာဖြာ” “ထဘီ” လေး တင်းတင်းကျပ်ကျပ် ပိပိရိရိဝတ်လို့။ ဘာမှ “မဆို”၊ ဘာမှ “မက” မျက်ရည်တွေ တဝေဝေနဲ့။ 

ဪသာ်...ပြန်တွေးလေ ပြန်ဝမ်းနည်းရပြန်ပါပေါ့။ 

The Whole Burma First လေး အိမ်ပြန်ခရီးမှာ “လက်ဆောင်နှစ်ခု ပါပါသတဲ့”။ “မျက်ရည်နှစ်စက်” ပါတဲ့။ မျက်ရည်တစ်စက်က သူ့ကိုယ်သူ အားမရလို့ကျတဲ့မျက်ရည်ဖြစ်ပြီး နောက်မျက်ရည်တစ်စက်ကဖြင့် “မြန်မာပြည်ရဲ့ပညာရေး” အတွက် ရှက်လို့ကျတဲ့မျက်ရည်ပါတဲ့ဗျာ။ 

______

အဲဒီအဖြစ်အပျက်ဟာ တကယ်ဖြစ်ပျက်ခဲ့တာပါ။ The Whole Burma First လေးရဲ့ သင့်ဘဝမဂ္ဂဇင်းမှာ ရင်ဖွင့်ရေးထားတဲ့ဆောင်းပါးလေးဟာ နှစ်ပေါင်း ၂၀ လောက်ကြာခဲ့သော်လည်း ခေတ်မီနေဆဲဆိုတာကို ဝမ်းပန်းတနည်း တွေးမိပါတယ်။ 

သူမ ကျခဲ့တဲ့မျက်ရည်စက်လေးတွေကို ဘယ်သူကမှ သုတ်မပေးနိုင်ခဲ့ပြန်ဘူးမဟုတ်လား။ “အကြောင်းကိုသိခြင်း” ဆိုတဲ့ပညာရဲ့ အတိမ်အနက်ကို မသိသူတို့ ဦးဆောင်ပြီးရေးဆွဲခဲ့တဲ့ ပညာရေးစီမံကိန်းတွေ၊ ပညာရေးသင်ရိုးမာတိကာတွေ၊ လှေကားထစ်လို တစ်ဆင့်ပြီးတစ်ဆင့်တက် သင်ကြားပေးမှုမရှိခြင်း၊ အဖိအဖော့၊ အတိမ်အနက် လက်ဆင့်ကမ်းမှု နတ္ထိ။ ကြုံရာပြဋ္ဌာန်း၊ တွေ့ရာပုံနှိပ်၊ ပညာရှင်ကို ချောင်ထိုး၊ တစ်မိုးလုံး ဖျောက်ဆိပ် လုပ်ခဲ့ကြ။ ပညာရှင်ကို မကျက်တကျက်ပေါင်မုန့်လို့ ယိုးစွပ်ခဲ့။ PH7 ထက် ပိုအောင်လုပ်ကြလို့ ပြောခဲ့ကြ။ နေရာတကာ ဆရာကြီးဝင်လုပ်ခဲ့ကြ။ မိုးကျရွှေကိုယ်တွေနဲ့ စနစ်တကျ ဖျက်ဆီးခဲ့ကြ၊ ဖျက်ဆီးနေမြဲ။ 

The Whole Burma First ကလေးမလေးရဲ့ မျက်ရည်။ 

KG + 12 စနစ်အပြောင်းရော ရှောရှောရှူရှူ အောင်မြင်လေမလား။ ပညာရေးဟာ “မဲရရေး”နှင့် ပတ်သက်စရာမလို။ ရေရှည်ဇောက်ချလုပ်ရမည့်အလုပ်ဆိုတာ သက်ဆိုင်သူတွေ သိစေချင်လှသည်။ မေးခွန်းတွေက သောင်းကနင်းဖြစ်အောင် လုပ်ခဲ့ပြန်ပြီ။ မေးခွန်းပုံစံတွေ ပြောင်းလဲဖို့ဆိုတာလည်း အသံကြားရသည်။ အပြောင်းအလဲပုံစံအချို့၊ ဘာသာရပ်အချို့အတွက် အွန်လိုင်းပေါ်ကပဲ လှမ်းလှမ်းကြည့်နေရသည်။ လျှို့ဝှက်စရာမဟုတ်တာကို လျှို့ဝှက်လုပ်နေကြခြင်းကိုလည်း စိတ်ထဲမှာ အစာမကြေချင်ပါ။ 

နောက်တစ်ခုက ကြိုတင်မျှော်မြင်နိုင်မှု၊ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်နိုင်မှုအရည်အသွေး ပညာရေးကို ဦးဆောင်နေသူဆီမှာ ရှိစေချင်သည်။ အခုတွေးမိ အခုထလုပ်။ ခဏနေပြန်ပြင်။ ဒါမျိုးက ပညာရှင်မဆန်မှန်း သိဖို့ကောင်းသည်။ အောင်စာရင်းလို့မခေါ်နဲ့ အတန်းတက်စာရင်းလို့ ခေါ်စေ။ အတန်းတက်စာရင်းလို့မခေါ်နဲ့ အောင်စာရင်းလို့ပဲ ပြန်ခေါ်။ ကုစားမရှိဘူး၊ သေချာသင်ကြ။ ကုစားပေးရမယ်။ အကျမရှိစေရ။ အို...စုံလို့။ 

ပုဂ္ဂလိကကျောင်းတွေကိုလည်း လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့် ပေးရမည်။ သို့မှ တိုးတက်လိမ့်မည်။ အခုတော့ မလွတ်လပ်ကြ။ ဟိုတစ်လောကပင် ကြားရသည်။ ပုဂ္ဂလိကကျောင်းတွေကို အစိုးရကျောင်းတွေလို ဇွန်မှဖွင့်ရမည်။ ကောင်းပါ၏။ သို့သော် ကြိုတင်မထုတ်ပြန်။ အားလုံးက နွေသင်တန်းတွေ ဖြိုင်ဖြိုင်ဖွင့်၊ မြိုင်မြိုင်ဆိုင်ဆိုင် လက်ခံ။ တဝုန်းဝုန်းသင်။ ထိုအခါမှ “နောက်ကျထုတ်ပြန်ချက်” ဘယ်သူကို ရည်ရွယ်၍ နှက်လိုက်လေသည်မသိ။ ကသုတ်ကရက်၊ ကသောင်းကနင်း။ နွေပညာရေးအခင်းအကျင်း။ “စီမံမှု” ကျွမ်းကျင်အဆင့် သတင်း “သင်း” ခဲ့သည်သာ အဖတ်တင်သည်။ 

ကြိုတွေးပါ။ 

ကြိုစီမံပါ။ 

ကြိုလုပ်ပါ။ 

စေတနာထည့်ပါ။ 

စေတနာသုံးပါ။ 

မြန်မာ့ပညာရေးအတွက် ရတက်မအေးသူတစ်ယောက်၏ “လည်ပြန် အလွမ်း” မျက်ရည်နှစ်စက်က မခန်းသေးပါ။ နောက် “စာမေးပွဲမေးခွန်းလွှာတွေ စစ်တဲ့အခါ အမှတ်ပေးစည်းမျဉ်း” ထုတ်ပေးလေ့ရှိသည် မဟုတ်လား။ အဲဒီအမှတ်ပေးစည်းမျဉ်းသည်ပင် လျှို့ဝှက်စရာမဟုတ်ဘဲ လျှို့ဝှက်နေပြန်သည့် မထော်မနှမ်းကိစ္စလည်း ပြောပြချင်သေးသည်။ အမှတ်ပေးစည်းမျဉ်းဆိုတာ ပွင့်လင်းမြင်သာ ဆရာ၊ မိဘ၊ ကျောင်းသား အားလုံးပေးသိရမည့်အရာ မဟုတ်လား။ ဤသည်ကိုပင် ခက်ခက်ခဲခဲ ရှာရဖွေရ၊ သိခွင့်ရကြရလေသည့် မြန်မာ့ပညာရေး။ 

ဟိုး...၁၉၈၆ ခုနှစ်လောက်ကပင်လျှင် “စာစစ်မှူးချုပ်၏ အစီရင်ခံစာ” ဆိုပြီး အမှတ်ပေးစည်းမျဉ်းစာအုပ်နှင့် စာစစ်မှူးချုပ်၏ အစီရင်ခံစာကို ထုတ်ဝေခဲ့သေးသည်။ ဘယ်လောက်ကောင်းသလဲ။ မေးခွန်းဟောင်းစာအုပ်ထက် စာစစ်မှူးချုပ်အသီးသီး၏ မေးခွန်းအထာ၊ ကျောင်းသူကျောင်းသားများ၏ “လစ်ဟာချက်”များကို ထောက်ပြပေးထားသည်မို့ အတော်ကို အသုံးဝင်ခဲ့သည်မှာ ကိုယ်တွေ့ဖြစ်ပါသည်။ 

ယခုတော့ တခြားနိုင်ငံတွေက အဆင့်ဆင့်တိုးထွက်ပြီး တိုးတက်အောင်လုပ်နေကြချိန်မှာ မြန်မာက တစ်နှစ်ထက်တစ်နှစ် ပညာရေးနိမ့်ကျ ထိုးဆင်းသွားနေသည်မှာ မျက်ဝါးထင်ထင်မြင်ရသည့် အခြေအနေမဟုတ်လား။ 

ဪသာ်...The Whole (Burma) Myanmar First လေးရဲ့ ကျခဲ့တဲ့မျက်ရည်နှစ်စက်မှာ မြန်မာ့ပညာရေးဟာ ပက်လက်မျောနေဆဲပါလား။ 

ကလေးရေ...။ 

မျက်ရည်နှစ်စက်ရဲ့ လျှို့ဝှက်ချက်က ဘာလဲသိလောက်ပြီလား။ 

ပညာရေးကို ပညာတတ်တွေ စီမံပိုင်ခွင့်ရှိလာတဲ့တစ်နေ့ကို တို့အားလုံး မျှော်လင့်နေဆဲပေါ့ကွယ်။ 

ဒါနဲ့ စကားမစပ်။ 

သမ္မတသစ် ဦးဝင်းမြင့်ရဲ့ ပထမဆုံးမိန့်ခွန်းထဲမှာ “ပညာရေးမြှင့်တင်မယ်” လို့ ပြောသွားသေးသလား။ 

မျိုးသည်မင်း