News

POST TYPE

PERSPECTIVE

ကြိမ်ပညာရေး အာဏာရှင်စက်ဝိုင်းနှင့် ချစ်ခြင်းမေတ္တာ
21-Jul-2016

မကြာခဏ ဆိုသလို မိဘမေတ္တာကို ညွှန်းဆိုအမွှမ်းတင်လေ့ ရှိသော ဝန်းကျင်တွင် ရှေ့မှမြင်နေရသော မြင်ကွင်းက အံ့ဩထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။ ကလေးငယ်၏ အသက်အရွယ်မှာ ဆယ်နှစ်ဝန်းကျင်ခန့် ရှိသည်။ ဘာအပြစ်ကို ကျူးလွန်းထားမှန်း မသိသော်လည်း ကလေးငယ်မှာ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီး၏ စိတ်ရှိလက်ရှိ ရိုက်နှက်ခြင်းကို အကာအကွယ်မဲ့ ရင်စည်းခံနေရသည်။

ဘေးမှ ရပ်ကြည့်နေသော သူတို့ကတော့ ရိုက်နှက်နေသူမှာ ကလေးငယ်၏ အမေပင် ဖြစ်သည်ဟု ဆိုကြသည်။ ကလေးအမေမှာ ဤအခိုက်အတန့်လေးတွင် မိမိ၏ရင်သွေး ဟူသော အသိကို မေ့နေသည်လားမသိ။ သူမ ဒေါသစေရာအတိုင်း စိတ်ရှိသလို ရိုက်နှက်နေပုံမှာ ကလေးခန္ဓာကိုယ်၏ နေရာပင် မရွေးနိုင်တော့ပေ။ အမေ၏စိတ်တွင် ကလေးငယ် အပြစ်ကျူးလွန်ထား၍ လိမ္မာစေလိုသည့် ရည်ရွယ်ချက်လည်း ရှိပုံမရတော့ချေ။ မြင်နေရသောသူတွေအဖို့ ဤအတားအဆီးမဲ့ ရိုက်နှက်နေခြင်းကို ကြာကြာမကြည့်နိုင်တော့ဘဲ “ဘယ်လိုနည်းဖြင့် ကလေးငယ်ကို ကာကွယ်ပေးကြမလဲ” ဟု တိုင်ပင်ကြတော့သည်။

ဖြစ်စဉ်အရ ဤသို့သော အဖြစ်အပျက်မျိုးအား တားဆီးမည် ဆိုပါက ရပ်ကွက်အတွင်း ဖွဲ့စည်းထားသော ကလေးသူငယ် စောင့်ရှောက်ရေး အရပ်ဘက်အဖွဲ့အစည်းမှ ဝင်ရောက်တားဆီးကာကွယ်နိုင်မည် ဖြစ် သည်။ အရပ်ဘက်အဖွဲ့အစည်းများ မရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး တားမြစ်ပေးဖို့ တောင်းဆိုရပါလိမ့် မည်။ သို့သော် ကလေးငယ် ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေ သည်ကို မမြင်ရက်သည့် လူကြီးတစ်ဦးမှ လူမှုရေး သဘောအရ ကလေးအမေကို အကျိုးသင့် အကြောင်းသင့် ဝင်ရောက်ပြောဆိုပြီး တားမြစ်ပေးလိုက်သည်။ ဒါသည်ပင် ကလေးငယ်တစ်ဦးအဖို့  ‘လက်ဦးဆရာ မိနှင့်ဘ’ ဆိုသည့် စကားပုံအတိုင်း ကြိမ်ပညာရေးကို စတင်ထိတွေ့သွားခြင်းပင်  ဖြစ်ပါသည်။

ဤသို့ဖြစ်ရပ်အပြီး တစ်ပတ်အကြာတွင် The Voice သတင်းစာတွင် ဆရာမများက ကျောင်းသားကလေးငယ်များအား ပြင်းထန်စွာ ရိုက်နှက်ဆုံးမသည့် သတင်းများကို ထပ်မံဖတ်ကြားလိုက်ရပြန်သည်။ ဆရာမများ အနေနှင့် မိမိတို့ ကျောင်းသားကလေးငယ်များကို သင်ယူတတ်မြောက်စေလိုသော စေတနာဖြင့် ဆုံးမခြင်း ဖြစ်နိုင်သော်လည်း ဝန်နဲ့အား မမျှတပါက ရိုက်နှက်နှိပ်စက်ညှဉ်းဆဲသလို ဖြစ်သွားစေနိုင်ပါသည်။ ဒါသည်ပင် ကလေးငယ်များအဖို့ အိမ်တွင်သာမက စာသင်ကျောင်းများတွင်ပါ ‘ကြိမ်ပညာရေး’ ကို ထပ်မံတွေ့ကြုံသွားရခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ တရားလွန် ရိုက်နှက်အပြစ်ပေးခြင်းမျိုးအား အရွယ်ရောက်ပြီး လူတစ်ဦး ဆိုပါက ထိုက်သင့်သလို အကာအကွယ်ပြုနိုင်မည် ဖြစ်သော်လည်း ခန္ဓာကိုယ် ဖွံ့ဖြိုးစ ကလေးငယ်တို့ အတွက်မူ ထိုသို့ စွမ်းသာမည် မဟုတ်ပေ။ သို့ကြောင့် ကလေးသူငယ်များကို ဥပဒေဖြင့် အခိုင်အမာ ကာကွယ်ပေးထားပါသည်။

‘ကလေးသူငယ် ဥပဒေ’ အခန်း (၁၀) တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ်နှစ်နှစ်ထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀၀၀ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

(ဃ) မိဘ၊ ဆရာ သို့မဟုတ် အုပ်ထိန်းခွင့် ရှိသူက လိမ္မာစေရန် ဆုံးမခြင်းမျိုးမှတစ်ပါး ကလေးသူငယ်အား နှိပ်စက်ညှဉ်းပန်းခြင်း။

ထို့အပြင် နိုင်ငံတကာ ကလေးသူငယ် အခွင့်အရေး သဘောတူစာချုပ်တွင်လည်း ကလေးသူငယ် အခွင့်အရေးကို အပိုဒ် (၁၉)၊ အပိုဒ် (၂၈) စသည်တို့ဖြင့် ကာကွယ်ပေးထားပါသည်။ ထိုဥပဒေများနှင့် သဘောတူစာချုပ်များသည် ကလေးငယ်များအား ကြိမ်ပညာရေးဒဏ်မှ ကင်းလွတ်နိုင်ရန် ဥပဒေအားဖြင့် ကာကွယ်ပေးထားခြင်း ဖြစ်ပါသည်။ မိဘများ၊ ဆရာများ နှင့် အုပ်ထိန်းသူတို့သည် ယင်းအရာများကို အနည်းဆုံး တီးမိခေါက်မိ သိရှိထားရပါလိမ့်မည်။ ထိုထက်မက ‘ကြိမ်ပညာရေး’  ၏ အကျိုးဆက်မှာ နိုင်ငံရေး စာမျက်နှာပေါ်တွင်လည်း ရိုက်ခတ်မှု ရှိလာပါသည်။

ထိုတင်းကျပ်စွာ ဆုံးမမှု ပညာရေးဖြင့် ကြီးပြင်းဖြတ်သန်းနေရသော ကလေးငယ် တစ်ယောက်ကို သမားရိုးကျ မေးခွန်းဖြစ်သည့် ‘ကြီးရင် ဘာလုပ်ချင်လဲ’ စပ်စုကြည့်လိုက်ပါ။ အဖြေမှာ ‘ကြီးရင် ဆရာမ ဖြစ်ချင်ပါတယ်။ တပည့်တွေကို ကြိမ်ကိုင်ပြီး ရိုက်ရလို့’ စသည့် အကြွင်းမဲ့အာဏာကို တွယ်မက်လာတတ်သည့် သဘောမျိုးဆန်ဆန် တွေ့လာရတတ်ပါသည်။

ထိုအချက်များကိုယူ၍ အကဲဖြတ်ရသော် ကြိမ်ပညာရေးသည် စက်ဝိုင်းတစ်ခု၏ စမှတ်ဖြစ်ပြီး အဆုံးမှာ အာဏာရှင်စနစ်သဘော သက်ရောက်သွားသည်ကို အထင်အရှား မြင်လာရပါလိမ့်မည်။ သို့ပါ၍ ယနေ့အချိန်လို ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ဖို့ ရည်သန်ထားသော ကာလ၌  ယင်းစက်ဝိုင်းကိုဖျက်ဆီးပစ်ဖို့ လိုလာပါသည်။

ပြောင်းလဲသွားသော ပညာရေး အကောက်အယူ

မျက်မှောက်ခေတ်တွင် ထူးခြားပြီး ရှောင်လွှဲမရသော အရာမှာ အပြောင်းအလဲပင် ဖြစ်ပါသည်။ နယ်ပယ်တိုင်း၊ ကဏ္ဍတိုင်းတွင် အပြောင်း အလဲကသာ ကြီးစိုးလျက် ရှိလာသည်။ ထိုနည်းတူ ပညာရေး လောကတွင်လည်း အပြောင်းအလဲက မြန်မြန်ဆန်ဆန် ဖြစ်ထွန်းလာနေသည်။ ပညာလောကတွင် လက်ရှိ၌ ပေါ်ထွန်းနေသည့် ပြဿနာမှာ ကြုံတွေ့နေရသည့် မေးခွန်းများ၊ ပဋိပက္ခများနှင့် အစာမကြေမှုများကို ရှိပြီး၊ သိပြီးပညာများ က ဖြေရှင်းမပေးနိုင်အာင် ဖြစ်နေသည်။ သို့ကြောင့် ပညာအဟောင်းများထက် အသစ်ပညာများ ဖန်တီးနိုင်ဖို့ အရေးကြီးလာသည်။

ဤသို့ ပညာဖန်တီးရေး ရှေ့တန်းရောက်လာသောကြောင့် ပညာပတ်ဝန်းကျင်ကိုလည်း အဟောင်းတွင် ကျောက်ချနေ၍ မရတော့ဘဲ ပတ်ဝန်းကျင်သစ်ကို ပြောင်းလဲပေးလိုက်ရတော့သည်။ ထိုပညာပတ်ဝန်းကျင်သစ်ကို အင်္ဂလိပ်စကားလုံး (F) သုံးလုံးဖြင့် ညွှန်းဆိုကြပါသည်။

ပထမ(F) မှာ Free (လွတ်လပ်ဖို့) ဖြစ်သည်။ လွတ်လွတ်လပ်လပ်ရှိမှ ဦးနှောက်ကွန့်မြူးနိုင်ပါသည်။

ဒုတိယ (F) Float (စီးမျောနေဖို့) ဖြစ်သည်။ ပညာရေစီးသည် နှေးကွေးလေးလံနေ၍ မဖြစ်။

လွတ်လွတ်လပ်လပ် စီးမျောနေဖို့ အရေးကြီးလှသည်။ ယင်းနှစ်ခု ပေါင်းဆုံမှသာ တတိယ ‘F’ ဖြစ်သော Forward (ရှေ့သို့ချီနိုင်မည်) ဖြစ်ပါသည်။

ထိုသို့သော ပညာရေး ပတ်ဝန်းကျင်သစ်အတွက် အချိုးအစားပျက်မှု တစ်ခုလည်း လိုလာပါသည်။ ထိုအချိုးအစားမှာ ဆရာနှင့်ကျောင်းသားကြား အစဉ်အလာ ရိုကျိုးနာခံမှု ပျက်သွားခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်ဟောင်း၌ ဆရာသည် တန်ခိုးဩဇာထွားပြီး တပည့်သည် ဆရာပြောသမျှ နာခံပြီး ဆရာသင်သမျှ လိုက်လံမှတ်သားရသည်။

ပတ်ဝန်းကျင်အသစ်တွင် ဤသို့ မဟုတ်တော့ပေ။ တပည့် ပညာအရာတွင် လွတ်လပ်စွာ စီးမျောတီထွင် ကြံဆနိုင်ရန်အတွက် ဆရာ၏ တန်ခိုးဩဇာမှာ အရှိန်လျှော့ပေးရတော့သည်။ ဆရာသည် ပလ္လင်ထက်က ဆင်းပေးလာရသည်။ ယင်းအရာများသည်ပင် မျက်မှောက်ပြုနေရသည့် ပညာခေတ်၏ နောက်ဆုံးပေါ် အခြင်းအရာများပင် ဖြစ်ပါသည်။

ဒီမိုကရေစီစက်ဝိုင်း ဖန်တီးရေး

ဤသို့သော ပညာရေး ပတ်ဝန်းကျင်သစ် အခင်းအကျင်း ဖြစ်ထွန်း နေချိန်တွင် စာရေးသူတို့ နိုင်ငံတွင်လည်း ပြည်သူအများစု ထောက်ခံသော အရပ်သားအစိုးရ အာဏာရလာသည်။ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးလမ်းစ အတွက် ပြုပြင်သင့်သည်များကိုလည်း ပြုပြင်နိုင်ဖို့ စိုင်းပြင်းလာသည်။ ထိုအထဲတွင် ပညာရေး ပြုပြင်ပြောင်းလဲရေးသည်လည်း ထိပ်တန်းဦးစားပေးအဖြစ် ပါဝင်လာသည်။

ဤသို့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွင် အရေးကြီးဆုံး အခြင်းအရာမှာ အာဏာရှင်စနစ် စက်ဝိုင်းမှ ဒီမိုကရေစီစနစ် စက်ဝိုင်းသို့ ကူးပြောင်းနိုင်ရေးက အခရာ ကျလာပါသည်။ အာဏာရှင်စနစ် စက်ဝိုင်းကို ချိုးဖောက်ထွက်၍ ဒီမိုကရေစီစနစ် တည်ထောင်ရေးအတွက် လိုအပ်သော နည်းနာကိရိယာ လေးခုကို လေ့လာဉာဏ်မီသမျှ ဖော်ပြလိုက် ရပါသည်။

ပထမနည်းနာ ကိရိယာမှာ ၂၁ ရာစုပညာရေး၏ အချိုးပျက်မှု ဖြစ်သောဆရာ၏ ဩဇာနှင့်အာဏာကို လျှော့ချရေး ဖြစ်ပါသည်။

ဤနေရာတွင် ဆိုလိုရင်းမှာ မြန်မာ့ယဉ်ကျေးမူ အစဉ်အလာ ဆရာ့အပေါ် ချစ်ခင်လေးစားခြင်းကို ပယ်သတ်အမြစ်ဖြတ်ရန် မဟုတ်ပါ။ ဆရာပြောသမျှ မှန်သည်၊ ဆရာဆိုသမျှ နာခံရမည်ဆိုသော နွံကျိုးမှုကို ရှောင် ရှားရန်သာ ဖြစ်ပါသည်။ ဆရာကို ဖိန့်ဖိန့်တုန် ကြောက်နေရန် မလိုတော့ပေ။

ဒုတိယနည်းနာမှာ ပြဋ္ဌာန်းလက်မှတ်ထိုးပြီး သောကလေးသူငယ်ဆိုင်ရာ ဥပဒေများနှင့် ကလေးသူငယ် အခွင့်အရေး သဘောတူညီမူများကို အမှန်တကယ် အသက်ဝင်လာစေရေး ဖြစ်ပါသည်။ ဥပဒေတို့ မည်သည်မှာ ပြဋ္ဌာန်းဖို့ထက် အသက်ဝင်ဖို့က ပိုခက်ခဲသည်ကို သတိချပ်သင့်ပါသည်။

တတိယနည်းနာမှာ ကလေးသူငယ်များကို သူတို့ပညာရေးဆိုင်ရာ ဘဝများ အရေးတွင် ပါဝင်လာနိုင်စေရေး ဖြစ်ပါသည်။ ဤအပိုင်းတွင် ကလေးငယ်များအသံကို အရွယ်ရောက်ပြီးသူများမှ လေးလေးစားစား နားထောင်ရန် လိုပါသည်။ သို့မှ ကလေးငယ်များသည် ပြဿနာများကို အဖြေရှာတတ်လာခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း သဘောများကို နားလည်စေနိုင်လာပြီး သူတစ်ပါး၏ အမြင်အယူအဆများကို နားလည်ပေးလာနိုင်ပါ လိမ့်မည်။

နောက်ဆုံးအခြင်းအရာမှာအရေးကြီးဆုံး၊ အသိမ်မွေ့ဆုံးနည်းနာ ဖြစ်ပါသည်။ ယင်းမှာ ချစ်ခြင်းမေတ္တာ ဖြစ်ပါသည်။ ကလေးသူငယ်တို့အား ပြုစုပျိုးထောင်ရေးတွင် ချစ်ခြင်းထက် ဆွဲငင်စေနိုင်သော လက်နက် မရှိပါ။

နိဂုံး

ယနေ့ချိန်ခါသမယတွင် ရက်တစ်ရာ ရှိလာပြီ ဖြစ်သည့် အစိုးရသစ်သည် ဒီမိုကရေစီနိုင်ငံ ပီပြင်စွာ ဖြစ်ပေါ်လာနိုင်ရေးအတွက် ခက်ခဲနက်ရှိုင်းလှသော ပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားအားထုတ်လျက် ရှိနေပါသည်။ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသာ ရင်ကြားစေ့ရေး စသည်များကို အချိန်တစ်ခုတည်းမှာပင် ရွေ့လာအောင် ပြိုင်တူတွန်းနေပုံ ရပါသည်။

ထိုသို့သောအချိန်တွင် ယင်းအရာများနည်းတူ အရေးပါလှသော အရာတစ်ခုကို ဖန်တီးပုံဖော်ပေးဖို့ မမေ့မလျော့ လိုလာပါသည်။ ဤသည်မှာ ရှိပြီးတည်ပြီး အာဏာရှင်စက်ဝိုင်းကို ချိုးဖျက်၍ စက်ဝိုင်းအသစ် ပုံဖော်ပေးရေး ဖြစ်ပါသည်။ အထူးသဖြင့် ကလေးသူငယ်တို့ ပညာသင်ကြားစ အချိန်တွင် ဝလုံးအရေးသင်သလို ဒီမိုကရေစီစက်ဝိုင်းနှင့်လည်း ထိတွေ့ပေးဖို့ ဖန်တီးပေးရပါလိမ့်မည်။ သို့မှသာ ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် စတင်သော စက်ဝိုင်းပုံ ပေါ်လာမည် ဖြစ်ပြီး နောက်အမှတ်တွင် ဒီမိုကရေစီ စနစ်နှင့်  အဆုံးသတ်လိမ့်မည် ဖြစ်ပါကြောင်း။

နိုင်စိုး



ABOUT AUTHOR

(နိုင်စိုး)