News

POST TYPE

PERSPECTIVE

ငြိမ်း စု စီ ဥပဒေကို ကန့်ကွက်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံ အလုပ်သမားအဖွဲ့အစည်း ငါးဖွဲ့ စာပို့
19-Mar-2018
ရန်ကုန်၊ မတ် ၁၉

ငြိမ်း စု စီဥပဒေကို ကန့်ကွက်ကြောင်း ပြည်သူ့လွှတ်တော်ရှိ NLD လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင် ၂၇၄ ဦးထံ မတ်လ ၁၄ ရက်က စာပို့ထားကြောင်း တို့မျိုးဆက်ကွန်ရက်မှ ဒါရိုက်တာ ကိုနန္ဒစစ်အောင်က ပြောကြားသည်။

“အခု ဒီဥပဒေကို ပြည်သူ့လွှတ်တော်မှ ဆွေးနွေးတော့မယ်။ အဲဒါကြောင့် ပြည်သူ့လွှတ်တော်မှာရှိတဲ့ NLD ကိုယ်စားလှယ်တွေနဲ့ UNA အဖွဲ့က ၂၇၄ ယောက်ကို ဒီဥပဒေအပေါ် သဘောထားက ဘယ်လို့ရှိတယ်ဆိုတာကို စာပေးပို့ထားပါတယ်”ဟု ၎င်းကဆိုသည်။

ငြိမ်း စု စီ ဥပဒေပြင်ဆင်လိုက်သည့် အစိုးရအနေနှင့် အနာနှင့်ဆေးမတွေ့သည့်လုပ်ရပ်ဖြစ်နေကြောင်း၊ အဖွဲ့ငါးဖွဲ့က ကန့်ကွက်ကြောင်း စာပေးပို့ခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မတ်လ ၁၉ ရက်က လှိုင်သာယာမြို့နယ်၊ ထီးလှိုင်အိမ်ရာတို့ မျိုးဆက်ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ငြိမ်း စု စီ ဥပဒေကနိုင်ငံသား အခွင့်အရေး ချိုးဖောက်ရာ ကျတယ်။ ဒီမိုကရေစီအစိုးရအနေနဲ့ အခုလို့လုပ်တာအပေါ်ကိုလည်း ကန့်ကွက်တယ်။ အလုပ်သမားထုတွေက ငွေကြေး ပြည့်စုံတာ မဟုတ်ဘူး။ မကျေနပ်လို့ ဆန္ဒဖော်ထုတ်ရင် ငွေကြေး အကူအညီယူပြီး လုပ်ရတယ်။ ကျွန်တော်တို့က နေ့စားငှား ဆန္ဒပြနေတာ မဟုတ်ဘူး။ ငွေယူပြီး ဆန္ဒဖော်ထုတ်နေတာ မဟုတ်ဘူး”ဟု We Generation Network ရုံးအဖွဲ့မှူး ကိုဝဏ္ဏစိုးက ဆိုသည်။

ယင်းဥပဒေသည် အလုပ်သမားထုအတွက် ဆန္ဒဖော်ထုတ်ရာတွင် နိုင်ငံသား အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။

သတင်းစာရှင်းလင်းပွဲကို တို့မျိုးဆက်ကွန်ရက်၊ အနာဂတ် အလင်းတန်းများ ဆုံမှတ်၊ အခြေခံပညာရေး လုပ်သားများသမဂ္ဂဖြစ်မြောက်ရေး ကော်မတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ သမဂ္ဂများ ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ ကွန်ရက်၊ အလုပ်သမားများ သမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဥပဒေကို ကန့်ကွက်မှုများ ရှိနေသော်လည်း မတ်လ ၇ ရက်က အမျိုးသားလွှတ်တော်တွင် မဲခွဲ၍ အတည်ပြုခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၆၀ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၈၀ ထပ်မံ ဆွေးနွေးမည်ဖြစ်သည်။

ထို့အပြင် ယင်းအဖွဲ့ငါးဖွဲ့မှပူးပေါင်း၍ မတ်လ ၁၈ ရက်က ငြိမ်း စု စီ ပြင်ဆင်ချက် ဖျက်သိမ်းရေးအတွက် လှည်းတန်း ဦးထွန်းလင်းခြံလမ်းရှေ့မှ အင်းစိန်လမ်းမတစ်လျှောက် စတစ်ကာ ကမ်ပိန်း လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။

ငြိမ်း စု စီ ဥပဒေကို ၂၀၁၁ ခုနှစ်က ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ပြင်ဆင်ထားပြီး ယခုထပ်မံ ပြင်ဆင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

J-18