News

POST TYPE

PERSPECTIVE

စတီဖင်ဟော့ကင်း
19-Mar-2018
(၁)

စတီဗင်ဟော့ကင်းသည် ကိန်းဘရစ်တက္ကသိုလ်မှ ရူပဗေဒပညာ ရှင်တစ်ယောက်ဖြစ်ပြီး “A Brief History of Time” စာအုပ်ရေးသူ ဖြစ်သည်။ စကြဝဠာကြီးကို လက်တွန်းလှည်းပေါ်မှနေပြီး လေ့လာနေသူ ဖြစ်သည်။ သူသည် လွန်ခဲ့သော မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့ပါပြီ။ ကွယ်လွန်ချိန်တွင် သူသည် အသက် ၇၆ နှစ်ရှိပြီ။

(၂)

အိုင်းစတိုင်းကွယ်လွန်ပြီးကတည်းက ကမ္ဘာသူကမ္ဘာသားများ၏ အတွေးအခေါ်ကို သိမ်းကျုံးယူငင်သွားနိုင်သူဟု ဆိုသည်။ သန်းပေါင်းမြောက်မြားစွာသော လူတို့၏ ရင်းနှီးမှုကို ရယူနိုင်သူဟု ဆိုကြသည်။

သူ့စာအုပ်ကို ၁၉၈၈ ခုနှစ်က ထုတ်ဝေခဲ့ပြီး စာအုပ်ကော်ပီပေါင်း ၁၀ သန်းကျော် ရောင်းချရသည်။ သူ့ဘဝကို  “Theory of  Everything” အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးရာ အက်ဒီရက်မီးယင်း (Eddie Redmayne) မှာ အကယ်ဒမီဆုကို ဆွတ်ခူးခဲ့သည်။

သူသည် ၁၉၆၃ ခုနှစ်တွင် ALS-Amyotrophic Lateral Sclerosis (Lou Gehrig’s Disease ဟုလည်း ခေါ်သည်) ရောဂါဖြစ်နေပြီဟု သိခဲ့ရသည်။ သူ့ကို သုံးနှစ်သာ နေရတော့မည်ဟု ဆရာဝန်များက ပြောလိုက်သည်။

ထိုရောဂါကြောင့် လက်ကိုလှုပ်နိုင်ရုံ၊ မျက်စိကိုလှုပ်နိုင်ရုံမှတစ်ပါး တခြားဘာကိုမျှမလုပ်နိုင်၊ သို့တစေ သူ၏စိတ်ခံစားမှုကို ဘာတစ်ခုမှ မထိခိုက်ခဲ့၊ ထို့ကြောင့် သူ့ခေတ်လူသားများ အားလုံးကို မြေဆွဲအား (Gravity) ကို လေ့လာရာတွင် ဦးဆောင်နိုင်ခဲ့သည်။ (Black Holes) ခေါ် “တွင်းမည်းကြီးများ” ဒြပ်ထုမှာ ကြီးမားလှသဖြင့် အလင်းကိုသော်မှ မလွတ်နိုင်လောက်အောင် ကြီးမားသော ဒြပ်ထုကြီးများအကြောင်းကို လေ့လာရာတွင် ဦးဆောင်ဖြစ်ခဲ့သည်။

ထိုသီအိုရီက ၁၉၈၃ ခုနှစ်တွင် မော်ဒန်ရူပဗေဒကို ပြောင်းလဲပစ်လိုက်ပါသည်။ ကွန်တမ်သဘောတရားများနှင့် ပေါင်းစပ်၍ နားလည်ခဲ့သည်မှာ ထိုဘလက်ဟိုးများက ရောင်ခြည်တန်းလွှတ်နိုင်သည်၊ အမှုန်များ၊ အလင်းရောင်တန်းများဖြင့် နောက်ဆုံး ပေါက်ကွဲကုန်ရသည်ဟု ဆိုသည်။

သူကိုယ်တိုင်ကလည်း အစပထမတော့ ဘလက်ဟိုးမှ ရောင်ခြည်များ၊ အမှုန်များ ထွက်လာမည်ဆိုခြင်းကို မယုံကြည်နိုင်ခဲ့ပါ။ အိုင်းစတိုင်းကိုယ်တိုင်ကလည်း မဖြစ်နိုင်ဟု ပြောခဲ့သည်။ ထိုအမှုန်ကလေးများသည် ဘလက်ဟိုးမှထွက်လာပြီး ပေါက်ကွဲကာ ကာလကြာမြင့်သောအခါ တဖြည်း ဖြည်းပျောက်ကွယ်သွားမည်ဖြစ်သည်။ သူ၏တွေ့ရှိချက်များကို Nature Journal တွင် “Black Hole Explosions” အမည်ဖြင့် စာတမ်းရေးခဲ့သည်။ သိပ္ပံပညာရှင်တို့အတွက် ထင်ရှားသောမှတ်တိုင်တစ်ခု ဖြစ်လာသည်။ ကွန်တမ်မက္ကင်းနစ်နှင့် ကမ္ဘာ့ဆွဲအားနှစ်ခုကို ပေါင်းစပ်ပေးခြင်းလည်းဖြစ်ပါသည်။ သူ၏ “ဟော့ကင်းရောင်ခြည်” သည် ဘလက်ဟိုးနှင့်ပတ်သက်၍ အယူအဆကို ပြောင်းပြန်လှန်ပစ်လိုက်သလို ပြောင်းလဲသွားစေခဲ့ပါသည်။

၂၀၁၂ ခုနှစ်က ဒေါက်တာဟော့ကင်းသည် သူ့ရောင်ခြည်နှင့်ပတ်သက်သော ဖော်မြူလာကို သူ့အုတ်ဂူတွင် ရေးသားစေလိုကြောင်း ပြောခဲ့သည်။ သူသည် နှစ်ကြိမ်မျှ လက်ထပ်ပြီး ကလေးသုံးယောက်ရခဲ့သည်။

သူ၏အသက် ၆၀ ပြည့် မွေးနေ့တွင် လေပူဖောင်းစီးခဲ့သည်။ အမြင့်ကိုပျံတက်ပြီး သူ၏မသန်စွမ်းမှုသည် အဆီးအတားမဟုတ်ဟု ကမ္ဘာကို ပြခဲ့သည်။ ထိုရက်သတ္တပတ်က လက်တွန်းလှည်းကို အရှိန်ဖြင့်မောင်းသဖြင့် မတော်တဆထိခိုက်မှုဖြစ်ပြီး ခြေထောက်ကျိုးခဲ့သည်။

၂၀၀၇ ခုနှစ် ဧပြီလ ၆၅ နှစ်ပြည့် မွေးနေ့တွင် ဘိုးအင်း ၇၂၇ မြေဆွဲအားမဲ့ (Zero Gravity) လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည်။ လေယာဉ်သည် ရိုလာကိုစတာကဲ့သို့ပျံသန်းပြီး လူတို့အပေါ်တွင် ကမ္ဘာ့ဆွဲအား အကျိုးသက်ရောက်မှုမရှိအောင် ဖန်တီးသည်။ သူ့ကို အဘယ့်ကြောင့် ဤသို့စီးနင်းရကြောင်းမေးသောအခါ လူတို့တွင် ကန့်သတ်ချက်မရှိကြောင်း၊ အထူးသဖြင့် “လူမသန်မစွမ်းဖြစ်တယ်ဆိုတာ စိတ်ဓာတ်ကို မကန့်သတ်နိုင်ဘူး”ဟု ပြောခဲ့သည်။

စတီဗင်ဟော့ကင်းကို အင်္ဂလန်နိုင်ငံ အောက်စဖို့တွင် ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ယခင် ကမ္ဘာကျော် နက္ခတ္တဗေဒပညာရှင် ဂယ်လီလီယို သေဆုံးခဲ့သည့်နှစ် အနှစ် ၃၀၀၀ ပြည့်သောနေ့ဖြစ်သည်။ သူ၏မိခင်က ဂျာမန်ဗုံးကိုရှောင်ရှားရန် အောက်စဖို့ကို သွားခဲ့ခြင်းဖြစ်ပါသည်။ ဖခင် မစ္စတာဟော့ကင်းမှာ ဇီဝဗေဒ သုတေသနအရာရှိတစ်ဦး ဖြစ်သည်။

မူလတန်းတက်စကမူ သူသည် သာမန်ကျောင်းသားတစ်ယောက်မျှသာ ဖြစ်သည်။ ကောလိပ်ရောက်သောအခါ သင်္ချာနှင့် ရူပဗေဒကို လွယ်ကူလွန်းသောကြောင့် ပြဋ္ဌာန်းချက်စာအုပ်ကို မကိုင်လိုသူဖြစ်သည်။ သူ့စိတ်ကိုလှုပ်ရှားစေသော ဘာသာရပ်မှာ စကြဝဠာဆိုင်ရာ (Cosmology) ပညာရပ်ဖြစ်သည်။ “ငါတို့ ဘယ်ကလာခဲ့တာလဲ” ဆိုသော မေးခွန်းကို အဖြေရှာလိုသူ ဖြစ်သည်။

သူသည် မကြာမကြာ အင်အားချည့်နဲ့သောရောဂါကို ခံစားရသည်။ သူ၏ ၂၁ နှစ်မြောက်မွေးနေ့မတိုင်မီ ၁၉၆၃ ခုနှစ်တွင် သူ့တွင် ALS ရောဂါရှိနေပြီဖြစ်ကြောင်း ဆရာဝန်များက ပြောပြကြသည်။ သူသည် စိတ်ဓာတ်ကျသောရောဂါ (Depression) ကို ခံစားခဲ့ရသည်။ ကြွက်သားများကို အသုံးမချနိုင်၊ သို့သော် လမ်းအနည်းငယ်လျှောက်နိုင်သေးသည်။ အဝတ်အစားချွတ်ခြင်း၊ လဲခြင်းကို ကိုယ်တိုင်လုပ်နိုင်သေးသည်။

၁၉၆၅ ခုနှစ်တွင် မစ္စစ်ဝဲလ် (Jane Wilde) နှင့် လက်ထပ်သည်။ သူသည် လူ့ဘဝကိုနေရန် ရည်ရွယ်ချက်တစ်ခုရှိလာပြီဖြစ်သည်။ သူသည် အလုပ်တစ်ခုကိုရှာရမည်၊ အလုပ်လုပ်ရမည်။ သူသည် ဘေးပတ်ဝန်းကျင်တွင် ရေပန်းစားနေသော အိုင်းစတိုင်း၏ နှိုင်းရသီအိုရီကို တွေ့သည်။ တွင်းနက်ကြီးများမှာ ဤသီအိုရီခန့်မှန်းချက်တစ်ခုပင်ဖြစ်သည်။ အလွန်ကြီးမားသော ဒြဗ်ထုကြီးနားတွင် သဘာဝကြီး (Space) သည် ကွေးညွှတ်သွားမည်။ အလွန်လေးသောလူတစ်ယောက်သည် မွေ့ရာကို ကွေးကောက်သွားစေသည့်သဘောဖြစ်သည်။ ထိုနည်းတူ အလင်းတန်းတစ်ခုသည်လည်း ဂရပ်ဗတီဖီးလ်ကို ဖြတ်သောအခါ ကွေးကောက်၍သွားသည်။

တစ်နေရာတည်းတွင် စွမ်းအင်များကို စုပြုံထားသောအခါ အာကာသသည် ကွေးညွတ်သွားမည်။ ကြယ်တစ်ခုပြိုကွဲလျှင် အလွန်ဒြပ်ထုကြီးမားမှုကြောင့် သူ့ပတ်ဝန်းကျင်ကို (Wrap around) ပတ်လိုက်မည်။ ထိုမျှ ကြီးမားသောဒြပ်ထုကို Singularity ဟုလည်း ခေါ်သည်။

၁၉၆၆ ခုနှစ် သူ၏ ပါရဂူဘွဲအတွက် စာတမ်းတွင် ဖလင်ကို နောက်ပြန်လှည့်သလို ကျယ်ပြန့်ကားနေသော စကြဝဠာကြီးကို နောက်ပြန်လှည့်ပါက ထိုကဲ့သို့ (Singularity) ကို တွေ့ရမည်ဟု ပြောသည်။

၁၉၇၄ ခုနှစ်တွင် ဟော့ကင်းမှာ ကမ္ဘာကြီး၏သက်တမ်းအရှည်ကြာဆုံး (Royal Society fellow) အဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၇၉ ခုနှစ်တွင် (Lucasian Chair Of Mathematics) အဖြစ် ရွေးချယ်ခံရသည်။ ထိုနေရာမှာ ဆာအိုက်ဇက်နယူတန် ထိုင်သွားသောနေရာဖြစ်သည်။

သူသည် Caltech ခေါ် ကယ်လီဖိုးနီးယားတက္ကသိုလ်သို့ တစ်နှစ်တစ်ခါ မှန်မှန်သွားသည်။ သူ၏ ဒုတိယအိမ်ဖြစ်လာသည်။ ၂၀၀၈ ခုနှစ်တွင် ကနေဒါနိုင်ငံ အွန်တာရီယိုတွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သည်။

“ကျွန်တော်တို့ စကြဝဠာကြီးကို နားလည်လာချိန်မှာ လူအားလုံး နားလည်ရမှာပဲ။ သိပ္ပံပညာရှင်တစ်စုလောက်ကသာ နားလည်ရမှာမဟုတ်ပါဘူး” ဟု ဆိုသည်။

၁၉၇၄ ခုနှစ်တိုင်အောင် ဟော့ကင်းသည် အိပ်ရာဝင်ခြင်း၊ အိပ်ရာမှ ထခြင်းကို မိမိဘာသာ လုပ်နိုင်သေးသည်။ အိမ်လှေကားကို နေ့တိုင်း အတက်အဆင်း ပြုလုပ်နိုင်သေးသည်။ ၁၉၈၀ တွင် ပြင်ပနာ့စ်တစ်ယောက် ငှားရမ်းရသည်။ စကားပြောဆိုခြင်းကိုလည်း ၁၉၈၅ ခုနှစ်အထိ ပြုလုပ်နိုင်သေးသည်။ သို့သော် ဆွစ်ဇာလန်နိုင်ငံမှအပြန် နမိုးနီးယားမိပြီး ဖျားသောအခါ ဆရာဝန်များက သူ့အသက်ကယ်စနစ်များကို ဖြုတ်ပစ်ရန် အကြံပေးကြသည်။ ဇနီးသည်က ခါးခါးသီးသီးငြင်းသည်၊ လူကတော့ ကျန်းမာလာပါ၏၊ သူ့အသံကတော့ ထွက်မလာတော့ပေ။

နောက်ဆုံး စာလုံးတွေရေးထားသော ဘုတ်တွေပေါ်မှ စာလုံးများကို ညွန်ပြခြင်းဖြင့်သာ ဆက်သွယ်ရသည်။ မိတ်ဆွေတစ်ယောက်က သူ့အတွက် ကွန်ပျူတာပရိုဂရမ်တစ်ခု ရေးလာခဲ့သည်။ သူ၏ လှုပ်နိုင်နေသေးသောလက်ချောင်းများဖြင့် စာလုံးပေါင်း ၂၅၀၀ ခန့်ထဲမှ ပြောချင်သည်များကို ရွေးပေးရသည်။

သူက စာလုံးများကို ကွန်ပျူတာမျက်နှာပြင်တွင် ရွေးချယ်၍ စီပေးရသည်။ ကွန်ပျူတာက အသံထွက်အောင် လုပ်ပေးသည်။ သူ၏တွန်းလှည်းတွင် တပ်ဆင်ပေးလိုက်သည်။ သူ့လက်များ မလှုပ်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေချိန်တွင် သူ၏ပါးကို လှုပ်၍ဖြစ်စေ၊ မျက်လုံးများကိုလှုပ်ခြင်းဖြင့်ဖြစ်စေ၊ အနီအောက်ရာင်ခြည်ကိုလွှတ်လိုက်ပြီး ကွန်ပျူတာနှင့် ဆက်သွယ်သည်။ နောက်ပိုင်းတွင် ထိုကိရိယာများကိုချဲ့ထွင်ပြီး ရုံးခန်းတံခါးကို ဖွင့်နိုင်ပိတ်နိုင်ပြီး တယ်လီဖုန်းကို အကူအညီမပါဘဲ ဆက်သွယ်နိုင်အောင် စီစဉ်ပေးသည်။ တစ်မိနစ်တွင် ၁၅ လုံးခန့်ဖြင့် ဒေါက်တာဟော့ကင်းသည် သူ့ကွန်ပျူတာဖြင့် စကားပြောသောအခါ ယခင်ထက် ပိုမိုစကားပြောနိုင်လာသည်ကို တွေ့ရသည်။

၁၉၉၀ ခုနှစ်တွင် ဒေါက်တာဟော့ကင်းသည် ၂၅ နှစ် ပေါင်းသင်းလာခဲ့သောဇနီးသည်နှင့် လမ်းခွဲကြသည်။ မစ္စစ်ဟော့ကင်းက သူနှင့်သူ့ယောကျာ်း နေခဲ့ရပုံအကြောင်းကို စာအုပ်နှစ်အုပ် ရေးသားခဲ့သည်။ သူ့စာအုပ်မှ အချက်အလက်များကိုအခြေခံကာ သည် The Theory of Everything ရုပ်ရှင်ကား ဖြစ်လာသည်။

၁၉၉၅ ခုနှစ်တွင် သူ နမိုးနီးယားဖြစ်စဉ်ကတည်းက စောင့်ရှောက်ခဲ့သော မစ္စစ်မေဆင် (Elaine Mason) ခေါ် သူ၏ နာ့စ်နှင့်လက်ထပ်သည်။ သူသည် ဒေါက်တာဟော့ကင်းကို Speech Synthesizer တပ်ပေးခဲ့သူ၏ ဇနီးဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင်မူ ဗြိတိန်ရဲတို့က သူ့ဇနီးအပေါ် ဒေါက်တာဟော့ကင်းကို နှိပ်စက်သည်ဟု စုံစမ်းစစ်ဆေးမှုရှိခဲ့သော်လည်း တစ်စုံတစ်ရာ တရားစွဲဆိုခြင်းမရှိခဲ့ပေ။ နောက်ပိုင်းတွင် ထိုမိန်းမနှင့်လည်း ကွဲသွားပြန်သည်။

သူ့ကို ၁၉၈၂ ခုနှစ်တွင် ဗြိတိသျှအင်ပါယာကြီး၏ ကွန်မန်ဒါအနေဖြင့် ခန့်အပ်ခြင်းခံရသည်။ ၂၀၁၂ ခုနှစ် မသန်မစွမ်းသူများအိုလံပစ်ပွဲတော်ကို ဖွင့်လှစ်ရာတွင် ပါဝင်ခဲ့သည်။

(၃)

အဘယ်မျှပင် ကျော်ကြားခဲ့သော်လည်း နိုဘယ်လ်ဆုကိုမူ ဒေါက်တာဟော့ကင်းကို ချီးမြှင့်ခြင်းမရှိခဲ့ပေ။ နိုဘယ်လ်ဆု၏သဘောမှာ ကြိုတင်ခန့်မှန်းချက်ရှိရမည်၊ ထိုခန့်မှန်းချက်အတိုင်း လက်တွေ့ဖြစ်လာသောအခါ သီအိုရီထုတ်သူကို ချီးမြှင့်ခြင်းဖြစ်သည်။ သူ၏ ဘလက်ဟိုးဆိုသည်မှာ လက်တွေ့ပြသရန် မဖြစ်နိုင်ပေ။

ကိုသန်းလွင်

Ref: Stephen Hawking Dies at 76: His mind roamed the Cosmos. Dennis Overbye March 14 New York Times.