News

POST TYPE

PERSPECTIVE

ဟိုက်ပါဂလိုဘယ်လိုက်ဇေးရှင်း
19-Mar-2018
၂၁ ရာစု ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်က မြန်နှုန်းမြင့်လွန်းတာကြောင့် ဟိုက်ပါဂလိုဘယ်လိုက်ဇေးရှင်းလို့ အမည်သတ်မှတ်ပါတယ်။ တချို့ကတော့ စီးပွားရေးအရ ကမ္ဘာပေါ်မှာ တစ်ခုတည်းသောဈေးကွက်ကြီး ဖြစ်ပေါ်လာမှု (Single Global Market) ကို ဟိုက်ပါဂလိုဘယ်လိုက်ဇေးရှင်းလို့ ခေါ်တွင်ကြောင်း ယူဆကြတာလည်းရှိပေမယ့် သူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်က စီးပွားရေးနယ်ပယ်ထက် အများကြီး ကျယ်ဝန်းတယ်ဆိုတဲ့ ချဉ်းကပ်တွေးခေါ်ပုံက ပိုပြီးတော့သဘာဝကျပါတယ်။

ကမ္ဘာကြီးဟာ အထူးသဖြင့်တော့ အင်တာနက်နည်းပညာရဲ့ အကူအညီနဲ့ တစ်နေ့တခြား ပိုမိုကျဉ်းမြောင်းလာနေရတဲ့ ဖြစ်စဉ်ကြီးကို ခေါ်ဝေါ်သမုတ်တာပါပဲ။ စီးပွားရေးနယ်ပယ်ကို ပြောမယ်ဆိုရင်လည်း အင်တာနက် ကြောင့်မို့ပဲ ကမ္ဘာ့ဈေးကွက်ထဲကို ကုန်ပစ္စည်းထုတ်လုပ်သူတိုင်းက အလွယ်တကူ ဝင်ရောက်စီးမျောနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘယ်နိုင်ငံကလုပ်ငန်းကိုပဲဖြစ်ဖြစ် နိုင်ငံတကာဈေးကွက်ထဲကို ကွန်ပျူတာပေါ် ကလစ်တစ်ချက် နှစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူ ဝင်ရောက် ရောင်းဝယ်ဖောက်ကားနိုင်ပြီ ဖြစ်ပါတယ်။

ဟိုက်ပါဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကာလကြီးမှာ ကမ္ဘာ့ဈေးကွက်ကြီးကို နယ်ခြားမဲ့ဈေးကွက်ရယ်လို့တောင်မှ တင်စားခေါ်ဝေါ်နိုင်လာပါတယ်။ ငွေကြေးနဲ့ ဘဏ္ဍာရေးရာကိစ္စရပ်တွေကလည်း တစ်ခုတည်းသော ကမ္ဘာ့ဈေးကွက်ဆီ ဦးတည်လာနေတာကြောင့် တစ်ခုတည်းသော အင်စတီကျူးရှင်းကြီးအဖြစ် ခမ်းနားထည်ဝါလာဖို့ ရှိနေပါတယ်။ Ohmae ဆိုသူပုဂ္ဂိုလ်က ၂၀၀၅ ခုနှစ်မှာ ရေးသားခဲ့ပုံအရဆိုရင် ဟိုက်ပါဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြီးကြောင့် နိုင်ငံများအတွင်း ရှေးရိုးစွဲ မိရိုးဖလာလုပ်ငန်းတွေဟာ သဘာဝကျ ဆီလျော်မှုမရှိတော့ဘဲနဲ့ မဖြစ်နိုင်သော စီးပွားရေးယူနစ်များ (Impossible Business Unit) များတောင် ဖြစ်လာနိုင်ပါတယ်။ ဆိုလိုတာကတော့ ဘယ်နိုင်ငံမှာပဲ စီးပွားရေးကိုလုပ်လုပ် တစ်ခုတည်းသော ကမ္ဘာ့ဈေးကွက်ထဲကို အသားတကျဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ၂၁ ရာစုနဲ့ ကိုက်ညီသောနည်းနာများကို မဖြစ်မနေ သုံးစွဲဖို့လိုအပ်လာတယ်ဆိုတဲ့သဘောပါပဲ။ ၂၀၀၀ ခုနှစ်လောက်က Thomas Friedman ပြောဆိုချက်အရတော့ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီးဟာ နီယိုလစ်ဘရယ်စီးပွားရေးမူဝါဒများကို ကမ္ဘာတစ်လွှားက လက်ခံကျင့်သုံးလာကြတာကြောင့် ဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။ အစိုးရတွေက သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ပြီးတော့ ဈေးကွက်ရဲ့လွတ်လပ်မှုသဘောတရားနဲ့ နိုင်ငံများကို ကြွယ်ဝလာစေခြင်းပါပ။ဲ

၂၀၀၀ ခုနှစ်အလွန် အင်တာနက်တွင်ကျယ်လာတဲ့ ခေတ်အခါမှာတော့ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီးဟာ စီးပွားရေးနယ်ပယ်တစ်ခုတည်းရဲ့ သက်ရောက်မှုလို့ ကန့်သတ်ပြောဆိုဖို့ မဖြစ်နိုင်တော့ဘဲနဲ့ ကမ္ဘာတစ်လွှား မှီတင်းနေထိုင်ကြသမျှ နီနီ ဝါဝါ ဖြူဖြူ မည်းမည်း လူသားမှန်သမျှဟာ အသိပညာနဲ့ပတ်သက်ရင် လွတ်လပ်တဲ့ အရင်းအမြစ်ကို ရရှိလိုက်ကြပြီးတော့ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကလည်း ပိုမိုရှုပ်ထွေးနက်နဲစွာ ဖြစ်ပျက်နေပါတော့တယ်။ ကမ္ဘာကြီးရဲ့ တိုးတက်မှုနှုန်းထားကို မြန်သည်ထက်မြန်အောင် အင်တာနက်နည်းပညာက တွန်းပို့လိုက်သလိုပါပဲ။ တစ်ကမ္ဘာလုံးမှာ သတင်းအချက်အလက်များကို တန်းတူညီမျှ မြိန်ရေရှက်ရေ စားသုံးနေကြပါတော့တယ်။ 

တစ်ခါ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီးဟာ အင်မတန်မှ ရှုပ်ထွေးနက်နဲစွာ ဖြစ်ပျက်ပြောင်းလဲနေတာဖြစ်ပြီးတော့ စီးပွားရေးအပြင် နိုင်ငံရေး၊ ယဉ်ကျေးမှု စတဲ့ကိစ္စရပ်တွေမှာလည်း တစ်ကမ္ဘာလုံးဟာ ပိုမိုနီးကပ်ဆက်နွှယ်လာတဲ့ အနေအထားမှာ ရှိနေတာပါ။ Francis Fukuyama ရဲ့ ယူဆချက်မှာ အားလုံးသိတဲ့အတိုင်းပဲ အင်ဂလိုအမေရိကန်တို့ရဲ့ တန်ဖိုး (Value) များနဲ့ ဘဝနေထိုင်မှုပုံစံ (Lifestyle) များဟာ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးတို့ ကမ္ဘာအနှံ့ပျံ့နှံ့နေမှုဖြစ်စဉ်ထဲ ရောထွေးစီးမျောနေတယ်လို့ ဆိုထားပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းက လူနေမှုဘဝများကို မြှင့်တင်ပေးနေပြီးတော့ ဂုဏ်သိက္ခာနဲ့ ရပ်တည်မှုအပေါ် တန်ဖိုးထားမှုများ ပိုမိုရှိလာတယ်လို့ Fukuyama က ယူဆတာပါ။ တကယ်တော့ ဒီထက်ကျယ်ပြန့်တဲ့ အင်မတန်မှလည်း သိမ်မွေ့နက်နဲတဲ့ ယဉ်ကျေးမှု၊ နိုင်ငံရေးစတဲ့ ကိစ္စရပ်များဆိုင်ရာ ကမ္ဘာတစ်လွှားပေါင်းစည်းဖြစ်ပျက်နေမှုဖြစ်စဉ်ကြီးမှာ အင်ဂလိုအမေရိကန်တန်ဖိုးများသာ လွှမ်းမိုးနေတယ်ဆိုတဲ့ ယူဆချက်က နည်းနည်းတော့ ဘောင်ကျဉ်းလွန်းပါတယ်။

အမေရိကန်နဲ့ အနောက်ကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်မှု ခေတ်ရှေ့ပြေးမှုကို အရှေ့ကမ္ဘာကလူတွေက အားကျအတုယူကြသလို အင်မတန်မှ အစဉ်အလာကြီးပြီးတော့ ထူးခြားလှပတင့်တယ်နေတဲ့ အရှေ့တိုင်းယဉ်ကျေးမှုကိုလည်း အနောက်ကမ္ဘာက လေးစားတန်ဖိုးထားလာကြပါပြီ။ ယဉ်ကျေးမှုများဟာ ကာလတစ်လျှောက် ပျက်စီးပျောက်ကွယ်ခြင်း၊ အသစ်ဖြစ်ပေါ်ခြင်းနဲ့ ပေါင်းစည်းခြင်းတို့ဖြစ်ပေါ်နေပြီး အရှေ့ချည်းသက်သက် အနောက်ချည်းသက်သက်က လွှမ်းမိုးထားတာရယ်လို့ မရှိနိုင်တော့ပါဘူး။ လူနေမှုအဆင့်အတန်းများမြင့်မားလာမှု၊ အရှေ့အနောက်နည်းပညာကွာချက်က တစ်နေ့တခြားကျဉ်းမြောင်းလာနေမှုတို့ကြောင့် ကမ္ဘာကြီးဟာ တစ်ခုတည်းသောယဉ်ကျေးမှု (Global Single Culture) ဆီ ဦးတည်နေပြီဆိုတာကို ငြင်းလို့မရတော့ပါဘူး။ နိုင်ငံတိုင်းအနေနဲ့ ကိုယ့်ယဉ်ကျေးမှုအစဉ်အလာကို အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်သလို တစ်ဖက်မှာလည်း ကိုယ့်ဆီကနေ စီးထွက်သွားနေတဲ့ ကိုယ့်ဆီကို စီးဝင်လာနေတဲ့ ယဉ်ကျေးမှုစီးကြောင်းတွေကို တားဆီးပိတ်ပင်ထားဖို့ဆိုတာ ကမ္ဘာကြီးရဲ့ ဘယ်ထောင့်ဘယ်နေရာမှာမှ မဖြစ်နိုင်တော့ပါဘူး။ ကိုယ့်ယဉ်ကျေးမှုကိုပဲ ကိုယ့်နိုင်ငံထဲမှာ မရအရ ထိန်းသိမ်းထားမယ်ဆိုတဲ့ (Self-contained Culture) က လုံးဝ လက်တွေ့မကျတော့တာကြောင့် လုံးဝလည်း အလုပ်မဖြစ်တော့တာကို နိုင်ငံတိုင်းက အလေးဂရုပြုကြရပါလိမ့်မယ်။

တစ်ကမ္ဘာလုံးက ဘယ်နေရာမှာ ဘာပဲဖြစ်ဖြစ် ကျန်တဲ့ ကမ္ဘာအနှံ့ကလူတွေ တစ်မုဟုတ်ချင်း သိနိုင်ကြားနိုင်တဲ့ အခြေအနေသစ်ကို ရောက်ရှိနေသလို ထုတ်ကုန်အသစ်တစ်ခု ပေါ်လာတိုင်းလည်း တစ်ကမ္ဘာလုံးက အတူတကွ တစ်ပြိုင်နက်တည်း သုံးစွဲနိုင်ခွင့်ရှိလာတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား အတူတကွ သာယာဝပြော အေးချမ်းတည်ငြိမ်စွာ နေထိုင်ရှင်သန်နိုင်ရေးအတွက် ကမ္ဘာတစ်လွှားက လိုက်နာစောင့်ထိန်းရမယ့်ကျင့်ဝတ်များကို ဖော်ထုတ်ပေးဖို့ လိုအပ်လာပါလိမ့်မယ်။ နိုင်ငံတကာစည်းမျဉ်းအသစ်များ ပူးပေါင်းဆောင်ရွက်မှု ပုံစံအသစ်များကိုလည်း အသစ်ပြောင်းလဲသွားတဲ့အခြေအနေသစ်က တောင်းဆိုနေပြီဖြစ်ပါတယ်။ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာနဲ့ တင်စားခဲ့တာကြောင့် အခုအခါမှာ ဒီရွာဟာ ကျဉ်းသည်ထက် ကျဉ်းလာနေပြီလို့ ဟိုက်ပါဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ ယုံကြည်ယူဆလာနေကြပြီဖြစ်ပါတယ်။

McDonald စားသောက်ဖွယ်များက ကမ္ဘာအနှံ့ ပျံ့နှံ့လာပြီဖြစ်သလို တိုယိုတာနဲ့ ဟွန်ဒါကားတွေကို အနောက်တိုင်းကလူတွေ လက်လွှတ်လို့ မရတော့ပါဘူး။ စီးပွားရေးနဲ့ လူမှုဘဝတွေကလည်း အရှေ့နဲ့အနောက် မတိမ်းမယိမ်းအခြေအနေ ဖြစ်လာနေပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဝတ်ပုံစားပုံ၊ နေထိုင်ပြုမူပုံ၊ စီးပွားရှာပုံ၊ ကျင့်ဝတ်များလိုက်နာပုံ၊ ပြောဆိုဆက်ဆံပုံ၊ တွေးခေါ်မြော်မြင်ပုံတွေဟာ တစ်နေ့တခြား တူညီလာကြပါတယ်။ မြန်နှုန်းမြင့် ပေါင်းစည်းခြင်းကို ကျနသေချာနားလည်ဖို့ နိုင်ငံတိုင်းက ကြိုးစားအားထုတ်ဖို့ လိုအပ်လာပါတော့တယ်။ တစ်နိုင်ငံချင်းကို စီမံခန့်ခွဲကြသူများဟာ ကမ္ဘာရွာငယ်ထဲ အသားတကျရှိဖို့ကိုပါ ထည့်သွင်းစဉ်းစားဖို့နဲ့ စီမံခန့်ခွဲမှု နည်းနာသစ်များရှာဖွေဖို့ လုပ်ကိုင်လာကြရပါတယ်။ နောက်တစ်ခါ တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ရေးအတွက် နည်းလမ်းဟောင်းများ၊ အင်စတီကျူးရှင်းအဟောင်းများနဲ့ စည်းမျဉ်းဥပဒေသအဟောင်းများကို ဖယ်ရှား သို့မဟုတ် မွမ်းမံပြီး ကမ္ဘာရွာကို စီမံခန့်ခွဲနိုင်ဖို့ အခြေအနေသစ်က အပူတပြင်း တောင်းဆိုနေပြီဖြစ်ပါတယ်။ 

ကမ္ဘာရွာထဲမှာ လူသားရဲ့တန်ဖိုးဟာ တစ်စတစ်စ တန်းတူညီမျှဖြစ် လာနေပါတယ်။ လူလူချင်း အဆင့်အတန်းခွဲခြားတဲ့ ရှေးရိုးစွဲအယူအဆမှားကို ရွာပြင်လွှင့်ပစ်နေကြပါပြီ။ ဆင်းရဲချမ်းသာ ဘယ်လိုပဲကွာပါစေ လူနေမှုဘဝက တစ်ပုံစံတည်း ဖြစ်လာပါတော့မယ်။ ဘယ်နိုင်ငံမဆို ဘယ်လူမျိုးမဆို ဘယ်အစိုးရမဆို ဟိုက်ပါဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်နဲ့ အသားတကျလိုက်ပါဖို့ ပြင်ဆင်ဆောင်ရွက်ကြမှသာ ကမ္ဘာရွာထဲမှာ ပျော်ပျော်ရွှင်ရွှင် ရှင်သန်နေထိုင်နိုင်ကြပါလိမ့်မယ်။ ခေတ်မီအတွေးအခေါ်နဲ့တောင်မှ မလုံလောက်တော့ပါဘူး။ ခေတ်ရှေ့ပြေးတဲ့ အတွေးအခေါ်များ လိုအပ်ပါတယ်။ ဒီအခြေအနေ ဒီရေစီးကြောင်းထဲမှာ စီးမျောလိုက်ပါနေရတဲ့ ကျွန်တော်တို့က တွေးပုံခေါ်ပုံ လုပ်ပုံကိုင်ပုံတွေ အလွန်အမင်း ခေတ်နောက်ကျနေကြဦးမယ်ဆိုရင်တော့...။ 

မင်းထင်