News

POST TYPE

PERSPECTIVE

အမှန်တရားမသိတဲ့ လောကနဲ့ သေရမယ့်နေ့ (သို့မဟုတ်) The Green Mile
17-Mar-2018
သြော် ... ဒါနဲ့စကားမစပ်။ ပြောရဦးမယ်။

ပြီးခဲ့တဲ့အပတ်လောက်က နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတစ်ခုကို အမှတ်မထင် ကြည့်ဖြစ်လိုက်တယ်။ Myawaddy Shopping Channel က ပြတာပါ။ ဇာတ်ကားနာမည်က The Green Mile လို့ခေါ်တယ်။ ဒီဇာတ်ကားကိုကြည့်ပြီးတော့ ကိုယ့်ရင်ထဲမှာ တစစ်စစ်နာကျင်လာတဲ့အထိ ခံစားမိလို့ ဒီစာကို ရေးမိတာဖြစ်ကြောင်း ဦးစွာပြောပါရစေ။ 

ဇာတ်အိမ်ကို အစပြုဖွဲ့တည်တာက ၂၀ ရာစုအစ အမေရိကန်နိုင်ငံ ပြည်နယ်တစ်ခုမှာရှိတဲ့ အကျဉ်းထောင်တစ်ခုက အဖြစ်အပျက်တစ်ခုပါ။ 

ဇာတ်လမ်းရဲ့ အဓိကကျောရိုးက ဒီလိုပါ...။ 

တစ်ရက်သားမှာတော့ ထောင်အရာရှိ ပေါလ်တာဝန်ယူနေတဲ့ ကြိုးတိုက်အဆောင် (သေမိန့်ကျအကျဉ်းဆောင်) ကို အကျဉ်းသားအသစ်တစ်ဦး ရောက်လာမယ်လို့ သတင်းရတယ်။ နောက်ရက်မှာပဲ အကျဉ်းသားကို သယ်ဆောင်လာတဲ့ မော်တော်ယာဉ်ဟာ ထောင်ဘူးဝကနေ ကြိုးတိုက်အဆောင်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ အဲဒီခေတ်တုန်းက မော်တော်ယာဉ်က ဒုတိယကမ္ဘာစစ်မဖြစ်ခင်က အလုံပိတ်ထားတဲ့ အော်စတင်ကားပုံစံမျိုးပါ။ ကားက အလတ်စားအရွယ်လောက်ပေါ့။ ထောင်ဝင်းထဲ အကျဉ်းသားပို့တဲ့ကားဝင်လာတာကို မြင်ရတဲ့ အရာရှိပေါလ်က နည်းနည်းတော့ ထူးဆန်းနေတယ်လို့ ထင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားရဲ့နောက်ပိုင်းက နိမ့်နေပြီး ဘီးတွေက လေလျော့နေသလို အောက်ပိုင်းက လေးတွေကျိုးနေတဲ့ပုံမျိုး အိပက်အိပက်ဖြစ်နေလို့ပေါ့။ 

နောက်ခန်းတံခါးဖွင့်ပြီး တာဝန်ကျထောင်ဝန်ထမ်းက ကားပေါ်ကနေ အကျဉ်းသားကို ခေါ်ထုတ်လိုက်ရာမှာတော့ နောက်ပိုင်းနိမ့်ကျနေတဲ့ကားဟာ ပုံမှန်အတိုင်း မြင့်တက်သွားတာမို့ အရာရှိပေါလ်ကို အံ့အားသင့်စေခဲ့တယ်။ သေမိန့်ကျအကျဉ်းသားဟာ အရပ်ခုနစ်ပေလောက်ရှိပြီး အရုပ်ဆိုးဆိုးနဲ့ သန်မာထွားကျိုင်းတဲ့ အသားမည်း နီဂရိုးကြီးတစ်ဦး ဖြစ်နေလို့ပါပဲ။ ရုတ်တရက်ကြည့်လိုက်ရင် လူ့ဘီလူးကြီးလားလို့တောင် ထင်ရမတတ်။ 

ဒါပေမဲ့ အကျဉ်းသားကြီးဟာ အရုပ်သာဆိုးတာ စကားပြောညင်သာသလို ရုန်းရင်းဆန်ခတ်လုပ်တာလည်း မရှိဘူး။ ကြမ်းတမ်းမှုလည်း မရှိဘူး။ သူ့ရုပ်ရည် အသွင်အပြင်လက္ခဏာနဲ့ အပြောအဆို အမူအကျင့်တွေက တခြားစီဖြစ်နေတာကို တွေ့ရတယ်။ 

သူ့နာမည်က ဂျွန်ကော်ဖီလို့ခေါ်တယ်။ ကြိုးတိုက်ကို ရောက်လာတဲ့နေ့မှာပဲ သူဟာ ညဘက်ရောက်ရင် အမှောင်ကိုကြောက်တတ်ကြောင်းနဲ့ ညဘက်မှာ မီးအလင်းရောင်ရှိမှသာ အိပ်တတ်ကြောင်းကိုပြောတော့ ထောင်အရာရှိပေါလ်လည်း တွေးရခက်သွားတာပေါ့။

နောက်ရက်မှာ ပေါလ်ဟာ ဂျွန်ကော်ဖီရဲ့အမှုတွဲကို ဖတ်ကြည့်တဲ့အခါ လယ်တောမှာနေတဲ့ မိသားစုထဲက အသက် ၁၀ နှစ်အောက် မိန်းကလေး ညီအစ်မနှစ်ဦးကို မတော်တရော်ပြုကျင့်ပြီး အသေသတ်ခဲ့လို့ ပြည်နယ်တရားရုံးက သေမိန့်ချမှတ်ခံရသူတစ်ယောက် ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။ သို့တစေ ဂျွန်ကော်ဖီက သူမသတ်ဘူးလို့ အဖန်ဖန်ငြင်းဆိုပေမယ့် သက်သေမခိုင်လုံတာကြောင့် သူသေဒဏ်အပေးခံရတာပါလို့ ပြောရှာတယ်။ 

ပေါလ်အနေနဲ့ ဂျွန်ကော်ဖီရဲ့စကားကို မယုံနိုင်ပေမယ့် ရက်တွေကြာလာတော့ ဂျွန်ကော်ဖီရဲ့ စိတ်ထားနူးညံ့ပုံ၊ ကူညီတတ်ပုံနဲ့ သူ့မှာ ထူးခြားတဲ့စိတ်စွမ်းအင်ရှိတယ်ဆိုတာကို သိလာရတယ်။ သာမန်လူနဲ့ မတူတာက ဂျွန်ကော်ဖီဟာ လူတစ်ယောက်ရဲ့ လက်ဖဝါး ဒါမှမဟုတ် ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုခုကို ထိလိုက်တာနဲ့ အဲ့ဒီလူရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေကို သိနိုင်တဲ့ အကြားအမြင်အာရုံရှိတယ်ဆိုတာပါပဲ။ 

ထောင်အရာရှိပေါလ်ရဲ့ လက်အောက်မှာ အလုပ်သင်ထောင်ဝန်ထမ်း ပါစီဆိုတာရှိတယ်။ ပါစီဟာ လူကောင်သေးပြီး ရုပ်ရည်လည်း ချောမောတယ်။ ဒါပေမဲ့ ပါစီဟာ စိတ်ထားယုတ်မာပြီး အကျဉ်းသားတွေအပေါ်မှာ အခွင့်အရေးရရင်ရသလို အကြောင်းမဲ့ ရိုက်နှက်တတ်သလို အနိုင်ကျင့်လေ့ရှိပြန်တယ်။ ဒါကို ပေါလ်အပါအဝင် တခြားထောင်ဝန်ထမ်းတွေကလည်း မနှစ်မြို့ပေမယ့် ပါစီကို စိတ်ကျန်းမာရေး ချို့ယွင်းနေသူဆိုပြီး အချိန်ယူကာ အကဲခတ် စောင့်ကြည့်နေကြတယ်။ 

ဒီလိုနဲ့ ရက်အတော်အတန်ကြာတော့ ကြိုးတိုက်ကို သေမိန့်ကျ အကျဉ်းသားတစ်ဦး ရောက်လာပြန်တယ်။ သူ့နာမည်က ဘီလီလို့ခေါ်တယ်။ လူဖြူတစ်ယောက်ဖြစ်ပြီး လူရမ်းကားရုပ်မပေါက်ဘဲ ချောမောခံ့ညားပေမယ့် အကျဉ်းထောင်ဝန်ထမ်းတွေကို အမျိုးမျိုးဒုက္ခပေးပြီး ဆဲဆိုသောင်းကျန်းနေလေ့ရှိတယ်။ 

ဒီနေရာမှာ ပြောစရာရှိတာတစ်ခုက ထောင်အရာရှိပေါလ်မှာ နှစ်ရှည်လများ မပျောက်နိုင်ဘဲ သေလုမတတ်ခံစားနေရတဲ့ ကျောက်ကပ်ရောဂါရှိတယ်။ ဆီးတစ်ခါသွားရဖို့အရေး မျက်ရည်ပိုးပိုးပေါက်ပေါက်ကျအောင် ဆိုးရွားလှတယ်။ တစ်ရက်သားမှာတော့ ပေါလ်ခံစားနေရတဲ့ ဆီးရောဂါကို အကျဉ်းခန်းထဲက ဂျွန်ကော်ဖီက သူ့လက်နဲ့တို့ထိပြီး ကုသပေးလိုက်လို့ လုံးဝအရှင်းပျောက်သွားပါလေရောလား။ ဒီအခါမှာတော့ ဂျွန်ကော်ဖီရဲ့ ရိုးသားတဲ့စိတ်ထားနဲ့ စိတ်စွမ်းအင်ကို လုံးဝယုံကြည်သွားတော့တာပေါ့။ 

ထောင်အရာရှိပေါလ်ရဲ့အထက်မှာ ထောင်မင်းကြီးတစ်ဦးရှိတယ်။ အဲ့ဒီထောင်မင်းကြီးရဲ့ဇနီးဟာ လည်ချောင်းကင်ဆာခံစားနေရပြီး နေ့သေမလား၊ ညသေမလား ပူပန်ပြီး သောကပွားနေရတဲ့အချိန်ပေါ့။ တစ်ညသားမှာ ပေါလ်ဟာ သူ့ဝန်ထမ်းတွေနဲ့တိုင်ပင်ပြီး ဂျွန်ကော်ဖီကို ထောင်ကနေ အပြင်ဘက်ကိုထုတ်ကာ ထောင်မင်းကြီးအိမ်ကို ခေါ်သွားကြတယ်။ ပြီးတော့ ထောင်မင်းကြီးရဲ့ဇနီး ခံစားနေရတဲ့ရောဂါကိုပျောက်အောင် ညတွင်းချင်းပဲ ကုသပေးလိုက်တယ်။ ရောဂါတစ်ခုကို ကုသပြီးတိုင်း ဂျွန်ကော်ဖီခမျာ မလှုပ်နိုင်မရှားနိုင်လောက်အောင် သေလုမျောပါး အားအင်ကုန်ခန်းသွားတာကို သနားစဖွယ် တွေ့မြင်ကြရပြန်တယ်။ 

ဒီလိုနဲ့ ဂျွန်ကော်ဖီကို ထောင်ထဲပြန်အပို့။ အကျဉ်းသားဘီလီရဲ့ အခန်းရှေ့ကိုအဖြတ်မှာ သံတိုင်ကြားက လက်တစ်ဖက်ထွက်လာပြီး ဂျွန်ကော်ဖီရဲ့ လက်တစ်ဖက်ကို ဖမ်းဆွဲထားပါလေရောလား။ ဘီလီက လက်နဲ့ဖမ်းဆွဲထားသလို ပါးစပ်ကလည်း အော်ဟစ်ဆဲဆိုလို့နေတယ်။ ဒီလိုဖြစ်တာက ရုတ်တရက်ဆိုတော့ အားအင်ကုန်ခန်းနေတဲ့ ဂျွန်ကော်ဖီက ချက်ချင်းမရုန်းနိုင်ဘဲ ခံလိုက်ရတယ်။ ပေါလ်အပါအဝင် ထောင်ဝန်ထမ်းတွေလည်း ကြောင်ပြီးကြည့်နေမိတော့တယ်။ 

ဆိုကြပါစို့။ နောက်တစ်ရက်မှာတော့ စိတ်ထားမကောင်းတဲ့ အလုပ်သင်ထောင်ဝန်ထမ်းပါစီဟာ ဂျွန်ကော်ဖီရဲ့ အကျဉ်းခန်းရှေ့မှာ လာရပ်ပြီး ဆဲဆိုနေတုန်း ဂျွန်ကော်ဖီက အိပ်ရာကထလာပြီး သံတိုင်ကြားကနေ ပါစီရဲ့လက်ကို မလွတ်တမ်းဆွဲထားလိုက်တယ်။ ရုန်းကန်ဆူညံသံတွေကြောင့် ပေါလ်နဲ့ ထောင်ဝန်ထမ်းတွေ ပြေးလာပြီး ဖျန်ဖြေပေးလိုက်ရတယ်။ အဲ့ဒီနောက်တော့ ပါစီဟာ ကြောက်လန့်တကြားနဲ့ ပြေးထွက်သွားပြီး ဘီလီရဲ့ အခန်းရှေ့အရောက်မှာတော့ သူ့ခါးကြားက သေနတ်ကိုဆွဲထုတ်ပြီး သံတိုင်နောက်က ဘီလီကို အချက်ပေါင်းများစွာနဲ့ ပစ်သတ်လိုက်ပါလေရောလား။ ဘီလီလည်း အရုပ်ကြိုးပြတ်သလို ပုံလျက်သား လဲကျကာ ပွဲချင်းပြီးသေသွားတော့တာပေါ့။ သူ့ရဲ့အမိုက်ဇာတ်ကို ပွဲပြီးမီးသေ လုပ်လိုက်သလိုပဲ။ ပါစီကိုလည်း စိတ်ကျန်းမာရေးဆေးရုံကို ပို့လိုက်ကြရတယ်။ 

ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေဖြစ်ပြီးတဲ့ နောက်ရက်တွေမှာ ဂျွန်ကော်ဖီက ပေါလ်နဲ့ ထောင်ဝန်ထမ်းတွေကို အခုလိုပြောပြရှာတယ်။ 

ဘီလီက သူ့လက်ကိုကိုင်လိုက်တဲ့အချိန်မှာ ဘီလီရဲ့ မကောင်းတဲ့လုပ်ရပ်တွေ သူ့အာရုံမှာပေါ်လာတယ်။ ဘီလီဟာ လယ်တောကအိမ်တစ်အိမ်မှာ ဆေးသုတ်အလုပ်သမားအဖြစ် ဝင်လုပ်နေရင်း အဲဒီအိမ်က အသက် ၁၀ နှစ်အောက် ကလေးမလေး ညီအစ်မနှစ်ယောက်ကို မုဒိမ်းကျင့်သတ်ပြီး တောစပ်တစ်နေရာမှာ ထားခဲ့တယ်။ သူရောက်သွားတဲ့အချိန်မှာ ကလေးနှစ်ယောက်ရဲ့ အလောင်းကိုသာ တွေ့လိုက်ရပြီး လူသတ်သမားကို မမိလိုက်ဘူး။ ရွာသားတွေ ရောက်လာတဲ့အချိန်မှာ ကလေးနှစ်ယောက်ရဲ့အလောင်းက သူ့လက်ထဲမှာရှိနေတော့ သူ့ကို လူသတ်သမားလို့ယူဆပြီး အခုလို သေဒဏ်ပေးခြင်းခံရတာပါပဲလို့ ပြောရှာတယ်။ ဘယ်လိုပင် ရှင်းပြပေမယ့် သူ့ရုပ်ရည်နဲ့ အသွင်အပြင်က လူကောင်းတစ်ယောက်လို လက်ခံနိုင်စရာ လုံးဝမရှိလေတော့။ အခုလို သေမိန့်ကျ အကျဉ်းသားဖြစ်နေရတယ်လို့ ပြောတော့တာပေါ့။ 

နောက် သူဆက်ပြောတာက အလုပ်သင်ထောင်ဝန်ထမ်းပါစီဟာ အကျဉ်းထောင်အတွက် အမှိုက်တစ်စပဲ။ ဒါ့ကြောင့် မုဒိမ်းကောင် ဘီလီကို အမှန်တရားအတိုင်း အပြစ်ပေးနိုင်ဖို့နဲ့ ပါစီကို ပညာပေးနိုင်ဖို့ သူ့စိတ်စွမ်းအင်ကို အသုံးချလိုက်တယ်လို့ ဆိုတယ်။ 

ဂျွန်ကော်ဖီရဲ့စကားတွေကို ကြားလိုက်ရတဲ့ ပေါလ်နဲ့ ထောင်ဝန်ထမ်းတွေ အားလုံးဟာ အင်မတန်မှကို စိတ်မကောင်းဖြစ်ကြရတော့တာပေါ့။ အားလုံးက မျက်ရည်လည်ရွဲဖြစ်ကြရတယ်။ 

ဆိုတော့ကာ... သူ့ရောဂါကို ပျောက်အောင်ကုပေးတာကတစ်ကြောင်း၊ ထောင်မင်းကြီးရဲ့ဇနီး အသက်ကို ကယ်ခဲ့တာကတစ်ကြောင်းကြောင့် ထောင်အရာရှိပေါလ်ဟာ သူ့ဘဝမှာ အခက်အခဲဆုံး အလုပ်တစ်ခုကိုလုပ်ဖို့ ယတိပြတ်ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီဆုံးဖြတ်ချက်ကတော့ အပြစ်မရှိတဲ့ ဂျွန်ကော်ဖီကို ထောင်ကနေလွှတ်ပေးလိုက်ပြီး သူက တာဝန်လစ်ဟင်းမှုအတွက် ဌာနဆိုင်ရာကပေးမယ့်အပြစ်ကို ခံယူဖို့ပါပဲ။ 

ဒီဆုံးဖြတ်ချက်ကို ဂျွန်ကော်ဖီက လုံးဝလက်မခံပါဘူး။ သူ ဒီကနေထွက်ပြေးလည်း တစ်နေရာမှာ ပြန်မိမှာပါပဲ။ အမှန်တရားဆိုတာရှိပေမယ့် အမှန်တရားမသိတဲ့လောကကြီးမှာ အသက်ရှင်ပြီး ပုန်းလျှိုးကွယ်လျှိုးနဲ့ ပြေးလွှားနေရတာ ပျော်စရာမရှိပါဘူး။ လောကကြီးမှာ လူတစ်ယောက်ရဲ့ ရုပ်ရည်နဲ့ ပြင်ပသွင်ပြင်ကိုကြည့်ပြီး ဆုံးဖြတ်နေတဲ့အမှားတွေ များလှပါပြီ။ အရေပြားအောက်က စိတ်ထားအမှန်ကို မမြင်နိုင်တဲ့ လူ့လောကကြီးမှာ နေရတာထက် သေရတာက ပိုကောင်းပါတယ်။ အခုမသေလည်း နောက်တစ်နေ့မှာ သေရမှာပဲ။ အမှန်တရားမသိတဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ ထိုးနှက်ချက်တွေဟာ ဖန်မီးသီးရဲ့ အကွဲအစတွေလို ကျွန်တော့်ဦးခေါင်းထဲမှာစိုက်ဝင်ပြီး ထိုးနှက်နေကြတယ်။ ဒါ့ကြောင့် သေဒဏ်ကျမယ့်နေ့ဟာ သူ့အတွက် မတရားမှုတွေလွှမ်းခြုံနေတဲ့ လူ့လောကကနေ လွတ်မြောက်အေးချမ်းတဲ့နေ့လို့ ဂျွန်ကော်ဖီက ပြောရှာတယ်။ 

အချုပ်ပြောရရင် ဂျွန်ကော်ဖီကို သတ်မှတ်ထားတဲ့ရက်မှာ သေဒဏ်ပေးဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတယ်။ သေဒဏ်ပေးခါနီးမှာ ဂျွန်ကော်ဖီဟာ လုံးဝတုန်လှုပ်ခြင်းမရှိပေမယ့် ပေါလ်အပါအဝင် ထောင်ဝန်ထမ်းတွေအားလုံးက မတည်ငြိမ်နိုင်လောက်အောင်ကိုပဲ မျက်ရည်စက်လက်၊ ဝမ်းနည်းပက်လက်နဲ့ ခြေတုန်လက်တုန်ဖြစ်ခဲ့ကြပေမယ့် အားတင်းပြီး တာဝန်ထမ်းဆောင်ခဲ့ကြရတာပေါ့။ 

ဒီဇာတ်လမ်းကိုကြည့်ပြီး သံဝေဂရစရာ၊ တရားကျစရာတွေ အများကြီးရခဲ့တယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဂျွန်ကော်ဖီလို ထပ်တူကျနေတဲ့အဖြစ်မျိုးတွေ မရေတွက်နိုင်အောင်ပင် ရှိပါလိမ့်မယ်။ “မရှိခိုးနိုးနိုး မလှစုံးယိုး” ဆိုတဲ့ စကားပုံတောင် ရှိခဲ့တာကလား။ သက်သေအထောက်အထား မခိုင်လုံလို့ အမှန်တရားကို မသိနိုင်ဘဲ အမှားအတိုင်းဆုံးဖြတ်ပြီး စီရင်ချက်ချခဲ့ရတဲ့ တရားရုံးတွေလည်းရှိမှာပေါ့။ ကိုယ်တိုင်ကျူးလွန်ပြီး ဝန်ခံရဲတဲ့ သတ္တိမရှိဘဲ အကုသိုလ်တစ်ပွေ့တစ်ပိုက်နဲ့ ပိန်းပိတ်အောင်မှောင်နေတဲ့သူတွေလည်း မရေတွက်နိုင်အောင်ပါပဲ။ အမှန်တရားရှိတယ်ဆိုပေမယ့် အမှန်အတိုင်း မဖော်ထုတ်နိုင်တဲ့၊ မဖော်ထုတ်နိုင်သေးတဲ့ အမှုအခင်းတွေလည်း မနည်းမနောပါပဲ။ 

နှစ်ချီပြီး ကြာနေတဲ့ ငါးလောင်းပြိုင်လူသတ်မှု၊ လေးလောင်းပြိုင်လူသတ်မှု၊ သုံးလောင်းပြိုင်လူသတ်မှု၊ နှစ်လောင်းပြိုင်လူသတ်မှု စသဖြင့် လက်သည်မပေါ်သေးတဲ့ သေမှုသေခင်းတွေကို ကြားဖူးကြမှာပါ။ မူးယစ်ဆေးပြား ၁၅ ပြားမိလို့ ထောင် ၁၅ နှစ်အကျခံရတဲ့မိန်းကလေးရှိခဲ့ပေမယ့် ကွန်တိန်နာထဲမှာ တန်နဲ့ချီပြီးမိထားတဲ့ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးတွေလည်း ဖောခြင်းသောခြင်းမဟုတ်လား။ သစ်တောထဲမှာ ထင်းခြောက်ကောက်မိလို့ အရေးယူခံရတာရှိပေမယ့် တန်ချီပြီး သစ်ခိုးထုတ်နေတဲ့ မော်တော်ယာဉ်တွေကို ဖမ်းလို့မမိတာလည်း သိနေရတာပဲ။ ဆိုရရင် .... အမှန်တရားနဲ့ မိုင်ပေါင်ကုဋေဝေးနေတဲ့ အလွဲတွေက တောင်ပုံရာပုံ။ ဒါ့ကြောင့်လည်း အမှန်တရားရှိပေမယ့် အမှန်တရားမသိတဲ့ လောကကြီးလို့ ဆိုရပေတော့မပေါ့။

လောကမှာ အာဏာရှိသူရော မရှိသူရော၊ ဆင်းရဲသူရော ချမ်းသာသူရော၊ လူဆိုးရော လူကောင်းရော၊ ကြီးသူရော ငယ်သူရော ဘယ်သူပဲဖြစ်ဖြစ် နောက်ဆုံးတော့ သေရမယ့်နေ့ကို တစ်နည်းနည်းနဲ့ အရောက်သွားရပြီး ဘဝခရီးကို အဆုံးသတ်ကြရမှာပါ။ စောတာနဲ့ နောက်ကျတာပဲ ကွာကြမှာပါ။ ဒါပေမဲ့ ဘယ်သူတွေက နောက်ကြောင်းရှင်းရှင်း လိပ်ပြာသန့်သန့်နဲ့ သွားရမယ်ဆိုတာကို မိုးနတ်မင်း ဒါမှမဟုတ် ယမမင်းက စောင့်ကြည့်နေပြီး အူလှိုက်အသည်းလှိုက် ကြိုဆိုနေမှာကတော့ အသေအချာပါပဲ ခင်ဗျာ။

ကိုသောင်း (ပညာရေး)