News

POST TYPE

PERSPECTIVE

ဈေးကွက်စီးပွားရေးတွင် အစိုးရ၏ ပါဝင်ပတ်သက်မှုကဏ္ဍ ရှိသင့်သေးလား
17-Mar-2018
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စက်သုံးဆီများအား ကုမ္ပဏီ ဖွင့်လှစ်ရောင်းချမည်ဟုဆိုသောအခါ ထိုသတင်းက Facebook ထဲတွင် ပျံ့နှံ့လာသည်။ အမျိုးမျိုး ဝေဖန်ကြသည်။ အချို့ကပြောသည်၊ ဈေးကွက်စီးပွားရေးမှာ အစိုးရအနေနှင့် ဝင်မစွက်သင့်ဟုဆိုသည်။ ယခင်က အောင်မြင်မှုမရှိခဲ့သော ဝင်းသူဇာဆိုင်များကို ထောက်ပြ၍ ဝေဖန်ကြသည်။

ဝေဖန်ကြသူများ၏ ပြောစကားမှာလည်း မှန်ကန်သည့်အချက်များပါသည်။ စာရေးသူသည် ၁၉၈၈ ခုနှစ်မတိုင်မီ ဆိုရှယ်လစ်စီးပွားရေးစနစ်အတွင်း အနှစ် ၃၀ ကြာ လူ့ဘဝကိုဖြတ်သန်းခဲ့ရာ ဆိုရှယ်လစ်စနစ်အရ မိဘများ စီးပွားပျက်ခဲ့ရသည်ကိုလည်း ကြုံရသည်။ ဘဝ၏အညှိုးငယ်ဆုံး အချိန်များကို ဖြတ်သန်းခဲ့ရသည်။ တစ်ဖန် ၁၉၈၈ ပြီးနောက် ဈေးကွက်စီးပွားရေးစနစ်ကိုဖြတ်သန်းရာ အနည်းငယ်သော လူအုပ်စုတစ်ခု ကြီးပွားသည်ကိုလည်း မြင်တွေ့ခဲ့ရပါသည်။ ၂၀၀၂ ခုနှစ်မှစတင်ပြီး စီးပွားရေးဝန်ကြီးဌာနတစ်ခု၏ ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲအဖြစ် ၁၃ နှစ်ကြာ တာဝန်ယူခဲ့ရရာ စီးပွားလူမှုဘဝအား သမိုင်းပညာရှင်တစ်ဦးအနေနှင့် ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်ခွင့်ရခဲ့ပါသည်။ ၁၈ ရာစုနှစ် စက်မှုတော်လှန်ရေးမှသည် ၁၉၃၀ ပြည့်လွန် ကမ္ဘာ့စီးပွားရေးပျက်ကပ်ကာလ (Years of Depression) အထိ အရင်းရှင်ကဏ္ဍတွင်အစိုးရ၏ စွက်ဖက်မှုကင်းခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ အမေရိကန်၏ စီးပွားပျက်သည့်ကာလတွင် တစ်ကမ္ဘာလုံး ဒုက္ခရောက်ခဲ့ပါသည်။ အကျိုးဆက်မှာ မြန်မာနိုင်ငံတွင် ဆရာစံ၏ လယ်သမားသူပုန်ကြီးပါ ဖြစ်ခဲ့ပါသည်။ ထိုအချိန်တွင် သမ္မတကြီး ရုစဗဲ့မှ New Deal ဟူသောအစီအစဉ်ချမှတ်ကာ အမေရိကန်နိုင်ငံ၏ အခြေခံအဆောက်အဦများအား အပြင်းအထန်မြှင့်တင်ခဲ့ပါသည်။ ဘတ်ဂျက်အကြီးအကျယ်သုံးကာ လုပ်ငန်းများကိုဆောင်ရွက်သည့် စီးပွားရေးကို အောက်ဆီဂျင်ပေးခဲ့သည်။ အစိုးရသည် ပုဂ္ဂလိက အရင်းရှင်များ၏ပြဿနာအား လျစ်လျူရှုခြင်း၊ ပြည်သူများ၏ဘေးဒုက္ခကို မသိသလိုနေခြင်းမှ ရှောင်ခွာကာ အာရုံစိုက်မှု စတင်ပြုလာခြင်းဖြစ်ခဲ့ပါသည်။ ဈေးကွက်စီးပွားရေး စနစ်အား လွတ်လပ်စွာ စီးဆင်းခွင့်ပြုသည်ဆိုရာဝယ် အဓိပ္ပာယ်အပြည့်အစုံမှာ  (Non-Control) ခေါ် ကြီးကြပ်မှုမပြုခြင်း ဖြစ်ပါသည်။ (Non- Intervention) ခေါ်ဝင်စွက်ခြင်းလည်း မဟုတ်ပါ။ အတိအကျပြောရသော် (Let’s go and watch) ဟု သုံးနှုန်းသော် ပိုမိုသင့်တော်ပါသည်။ မျက်နှာလွှဲခြင်း (do not take care) ဟုသုံးသော် မှားပါလိမ့်မည်။ (ဤ ဝေါဟာရများမှာ စာရေးသူ၏ကိုယ်ပိုင်တီထွင်သော ဝေါဟာရများဖြစ်ပါသည်။)

ဆိုရှယ်လစ်စီးပွားရေးစနစ်ကြီးကမူ လုံးလုံးကျဆုံးခဲ့ပါသည်။ သမဝါယမဆိုင်များမှာလည်း ထိုနည်း၎င်းပင်၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ်တွင် အဖွဲ့အစည်းကိုယ်စားပြု စီးပွားရေးလုပ်ငန်းများ (Semi State Owned Enterprises) များမှာလည်း တဖြည်ဖြည်း ကျဆုံးခဲ့ပါသည်။ စက်မှု (၁) ၏ ဝင်းသူဇာ၊ မန္တလေး လပခမှ နန်းမြင့်ကားလုပ်ငန်းတို့မှာ အကောင်းဆုံးလက္ခဏာများဖြစ်သည်။ ဤသို့ဆိုလျှင် အစိုးရဖြစ်စေ၊ အစိုးရကိုယ်စားပြုအဖွဲ့အစည်းမှဖြစ်စေ၊ စီးပွားရေးလုပ်လျှင် ကျဆုံးမည်ဟူသောစကားမှာ ယေဘုယျအားဖြင့် မှန်ပေသည်။ ဤအယူအဆမှာ စီးပွားရေးလောကနှင့်ပတ်သက်သော အသိုင်းအဝိုင်းမှ ယနေ့အထိ မှန်ကန်နေသည်ဟု ယူဆထားပါသည်။ သို့သော် ထိုအဖွဲ့အစည်းများ ကျဆုံးရခြင်း၊ သမဝါယမအဖွဲ့အစည်းများ ကျဆုံးခဲ့ခြင်း၏အကြောင်းအရင်းကိုရှာသော် စီမံခန့်ခွဲမှုအပိုင်းကို တွေ့ရှိရသည်။ စီးပွားရေးဆန်ဆန် လွတ်လပ်စွာ စီမံခန့်ခွဲမှုမရှိခြင်း၊ အလုပ်သမားထုကို စေ့ဆော်နိုင်မှုမရှိခြင်းကို တွေ့ရသည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးနောက်ပိုင်းတွင် ဈေးကွက်မှာ လွတ်လပ်စွာ စီးမျောရမည်။ Supply နှင့် Demand ကသာ အရာရာကိုလွှမ်းမိုးသည်ဟူသောအယူအဆမှာ ပိုမိုအားကောင်းလာသည်။ အမေရိကန်သမ္မတကြီး ရော်နယ်ရီဂင်လက်ထက်တွင် ကမ္ဘာတစ်လွှား၌ ဒီမိုကရေစီလှိုင်းလုံးနှင့်အတူ ဆိုဗီယက်ရုရှားပြိုကွဲမှု၏ နောက်ဆက်တွဲအဖြစ် ပျံ့နှံ့လာသည်။ 

သို့သော် ထိုအချိန်မတိုင်မီ အာရှအရှေ့ဖျားနိုင်ငံတစ်ခုဖြစ်သော တောင်ကိုရီးယားတွင် စစ်အာဏာရှင်များနှင့်အတူ အစိုးရမှပါဝင်ပတ်သက်သော စီးပွားရေးစနစ်တစ်ခုသည် တိုးတိုးတိတ်တိတ်ဖြင့် အလျင်အမြန် ကြီးထွားလာလျက်ရှိခဲ့သည်။ ကမ္ဘာတစ်လွှားမှ အသိအမှတ်မပြုကြသေးပေ။ ထူးချွန်သူ လုပ်ငန်းရှင်များအား အစိုးရမှ အကူအညီပေးခြင်း၊ ထောက်ကူပြုခြင်း၊ အခက်အခဲကြုံက ကုစားပေးခြင်း၊ အာမခံပေးခြင်းတို့ စသော (Let’s go along with Principle and Help) “ကူညီစောင့်ရှောက်မှုဖြင့် လမ်းကြောင်းထိန်းမူဝါဒ”ကို ကျင့်သုံးလာခဲ့သည်။

ထိုစနစ်က အောင်မြင်လာသည်။ ၁၉၈၈ ခုနှစ်အတွင်း ဆိုးလ်အိုလံပစ်ကို ကျင်းပကာ တောင်ကိုရီးယား၏ စီးပွားရေးအောင်မြင်မှုကို ကမ္ဘာသို့ ထုတ်ပြလိုက်သည်။ တောင်ကိုရီးယားတွင် ၁၉၈၈ ခုနှစ်မတိုင်မီ ထိုကာလမှာ ယနေ့မြန်မာနိုင်ငံဖြတ်သန်းနေသော အဆင့်ဖြစ်သည်။ (၁၉၈၈ မှ ၂၀၁၀) အထိ ကာလအတွင်း မြန်မာနိုင်ငံအား စီးပွားရေးအရချုပ်ကိုင်ခွင့်ကို တပ်မတော်အစိုးရသည် အပြည့်အဝရခဲ့သည်။ သို့သော် ထိုအခွင့်အရေးကို အပြည့်အဝမကျင့်သုံးနိုင်။ တစ်ဖက်မှာ တပ်မတော်နှင့် ပညာရေးကဏ္ဍ အလွန်အကျွံ တိုးချဲ့မှုများအပါအဝင် ကြီးမားလွန်းသောအစိုးရယန္တရား၊ မှားယွင်းသော စီမံခန့်ခွဲမှု နိုင်ငံတကာမှပိတ်ဆို့အရေးယူမှုတို့ကြောင့် ကြီးမားသောအောင်မြင်မှုမရခဲ့ပေ။ သို့သော် ဆုံးရှုံးမှုတစ်ခုတော့မဟုတ်ခဲ့ပါ။

ယနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများကို ကြည့်ကြပါစို့။ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာတစ်နိုင်ငံလုံးတွင် ကုန်ထုတ်စွမ်းအားစု အကြီးဆုံးဖြစ်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို အကဲခတ်သော် ရန်ကုန်တိုင်းဒေသကြီးကဲ့သို့ လှုပ်ရှားမှုမတွေ့ရပါ။ ရှိတော့ရှိကြပါလိမ့်မည်။ ရန်ကုန်တိုင်း၏ ပင်ကိုသဘာဝအရကိုပင် တက်ကြွလှုပ်ရှားသော အစိုးရအဖွဲ့တစ်ဖွဲ့လိုသည်။

တောင်ကိုရီးယားပြီးတော့ အကောင်းဆုံးဥပမာတစ်ခုမှာ တရုတ်နှင့် ဗီယက်နမ်ဖြစ်သည်။ တရုတ်တွင် အစိုးရသည် စီးပွားရေးလုပ်ကိုင်သူအားလုံးကို အထောက်အကူပြုသည်။ မြန်မာနိုင်ငံတွင်မူ တပ်မတော်အစိုးရကာလအတွင်း ယခု ခရိုနီဟုခေါ်သောသူများကိုသာ ချီးမြှောက်သည်။ မြန်မာနိုင်ငံတွင်မူ ထိုအချိန်က အချိုရည်လုပ်ငန်းအား စက်မှု (၁)နှင့် ပုဂ္ဂလိကမှ နှစ်ဦးကိုသာခွင့်ပြုသည်။ စားအုန်းဆီကိုလည်း ထိုနည်း၎င်းပင်။ ၂၀၀၉ ခုနှစ်တွင် အစိုးရမှ ရေနံလုပ်ငန်းရှိ ပြည်သူပိုင်ဓာတ်ဆီဆိုင်များကို ၁၀ ရာခိုင်နှုန်းသောမြေဈေးနှုန်းဖြင့် လက်တစ်ဆုပ်စာ လုပ်ငန်းရှင်များသို့ လွှဲပေးခဲ့သည်။ ဈေးချိုချိုဖြင့်လွှဲပေးလေခြင်းဟု နည်းနည်းလေးမှပင် ထိုခေတ် တပ်မတော်အစိုးရအား အပြစ်တင်ရန်မရှိ။ အကြောင်းမူကား စက်သုံးဆီကဏ္ဍကို အစိုးရလက်မှ ပုဂ္ဂလိကလက်သို့ ချောမွေ့စွာ အသွင်ကူးပြောင်းနိုင်ရန် ရည်ရွယ်ခဲ့၍ဖြစ်သည်။ တပ်မတော်အစိုးရ၏ရည်ရွယ်ချက် အောင်မြင်သွားခဲ့သည်။ ယနေ့တွင် စက်သုံးဆီလောကသည် ကောင်းစွာလည်ပတ်နေလေပြီ။ 

ထိုခေတ်က အခွင့်ထူးရရှိသူများမှာ ယနေ့တွင် အရင်းကျေကာလကို ဖြတ်ကျော်ပြီးခဲ့လေပြီ။ ယနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ကုမ္ပဏီထောင်မည်ဆိုသောအခါ အခွင့်ထူးကို တန်းတူမရဟုဆိုသူ ထိုသူများက အဓိကကြွေးကြော်လေပြီ။

ဗီယက်နမ်အစိုးရ၏ အသွင်ကူးပြောင်းမှုကာလကို စာရေးသူအနေနှင့် အနီးကပ်ကြည့်ခွင့်ရခဲ့လေသည်။ ဗီယက်နမ်နှင့် တရုတ်အစိုးရနှစ်ဦး၏ ထူးခြားချက်မှာ နိုင်ငံရေး တင်းကျပ်စွာချုပ်ကိုင်ထားပြီး စီးပွားရေးဘက်တွင် ပြည်သူ့အကျိုးကိုကြည့်ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ခြင်းက ဒီ/ချုပ် အစိုးရအဖွဲ့အား နိုင်ငံရေးချုပ်ကိုင်ခြင်းကို ဖြစ်စေသည်။ လွှတ်တော်နှင့် အစိုးရဟု ကွဲပြားနေမည့်အစား ပါတီတွင်းဒီမိုကရေစီအရ ရရှိသော ဆုံးဖြတ်ချက်ကို တစ်သံတည်းထွက်ခြင်းဖြင့် တရုတ်နှင့်ဗီယက်နမ်၏အားသာမှုကို ရရှိစေမည်ဖြစ်ပါသည်။

ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လှုပ်ရှားမှုနှင့် ဖွဲ့စည်းပုံကို လေ့လာသော် ဖက်ဒရယ်အသွင်ကို ဆောင်ယူလျက်ရှိသည်။ သို့သော် ပြည်ထောင်စုအဆင့်တွင် လုပ်ပိုင်ခွင့်အာဏာကို စွန့်လွှတ်နိုင်မှုမှာ အလွန်တရာ နည်းပါးလျက်ရှိပါသည်။ ဤသည်ကား (၁၉၆၂ မှ ၂၀၁၀) အထိ အနှစ် ၅၀ ခန့် မျိုးဆက်နှစ်ဆက်စာ အမြစ်တွယ်လျက်ရှိသောစနစ်၏ အမွေဆိုးတစ်ခု ဖြစ်ပါသည်။ 

သို့ပါ၍ Federal ဆိုသော်လည်း ဘဏ္ဍာရေးအပါအဝင် စီမံခန့်ခွဲမှုအပိုင်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၌ အခွင့်အာဏာ နည်းပါးလျက်ရှိပါသည်။ ဤသို့သောအခြေအနေများအရ ဘဏ္ဍာငွေကြေးမသုံးစွဲနိုင်သော တိုင်းဒေသကြီးအစိုးရအနေနှင့် ပုဂ္ဂလိကကဏ္ဍကို အားယူ၍ ကုမ္ပဏီတည်ထောင်သည်မှာ ဖြစ်သင့်ဖြစ်ထိုက်သောကိစ္စဖြစ်ပါသည်။

ဆိုရှယ်လစ်ပုံစံ အစိုးရလက်ဝါးကြီးအုပ်စနစ်၊ စီမံကိန်းအခြေပြု ဗဟိုကွပ်ကဲမှုပြင်းထန်သော စီးပွားရေးစနစ်တို့သည် အောင်မြင်မှုရရှိနိုင်မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနှင့် ကောင်းမွန်စွာ သိရှိပါလိမ့်မည်။ သို့ပါ၍ စနစ်ဟောင်းတစ်ခုသို့ ဇွတ်တိုးသွားရောက်မည်တော့ မဟုတ်တန်ဟု ခန့်မှန်းပါသည်။

ဤနေရာတွင် အစိုးရမှ ဝင်ရောက်ပတ်သက်၍ အကြီးအကျယ် အောင်မြင်ခဲ့သည်မှာ ချီလီနိုင်ငံမှ အာဏာရှင် ဗိုလ်ချုပ်ကြီးပီနိုချက်အစိုးရ ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးပီနိုချက်ကြောင့် ယနေ့ချီလီသည် အနောက်ဥရောပနှင့် တန်းတူဖွံ့ဖြိုးပြီးအဆင့်သို့ ရောက်ရှိသွားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အစိုးရမှဝင်မစွက်ဘဲ ရှောင်ဖယ်ဖယ်နေခဲ့၍ တိုင်းပြည်တွင်း လှေပြေးတုန်း တက်ကျိုးခဲ့ရသည်မှာ ၂၀၀၈/၂၀၀၉ ခုနှစ်ခန့်က ဖြစ်ပါသည်။ အာရှဓန ဘဏ်အပါအဝင်ဘဏ်ကြီးများ ပြိုလဲသည့်အခါ အစိုးရအနေနှင့်လည်းကောင်း၊ ဗဟိုဘဏ်အနေနှင့်လည်းကောင်း ဝိုင်းဝန်း၍အာမခံပေးခြင်း၊ ကူညီပေးခြင်းတို့ဖြင့် ဝင်စွက်မည့်အစား၊ အစိုးရ၏မြန်မာ့စီးပွားရေးဘဏ်တွင် စာရင်းဖွင့်အပ်နှံပါက ဒီလိုမဖြစ်၊ ကဲမှတ်ပလားဆိုသည့်ပုံစံမျိုးဖြင့် ကြည့်နေခဲ့ရာ ATM စက်များ၊ Credit Card များဖြင့် ဖွံ့ဖြိုးတိုးတက်သော ဘဏ်လုပ်ငန်းကြီး အရှိန်ပျက်ရပ်တန့်သွားခဲ့ရသည်။ အချိန်အတော်ကြာကုစားပြီးမှသာ ယနေ့အခြေအနေအထိ ပြန်ဖြစ်လာသည်ကို လူလတ်ပိုင်းအရွယ်အားလုံး သိကြပါသည်။ အစိုးရမှဝင်စွက်တိုင်း မကောင်းဟုဆိုသည်မှာ ယေဘုယျသာဖြစ်ပါသည်။

သို့ပါ၍ ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရမှဝင်ရောက်ကွပ်ကဲမှုသည် မှားယွင်းသည်ဆိုသောအချက်ကို လူမှုရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ စာရေးသူမှ ယေဘုယျအားဖြင့် ထောက်ခံပါသည်။ သို့သော် ဤအချက်တွင် အစိုးရသည် မူဝါဒကိုသာ ကိုင်တွယ်၍စီမံခန့်ခွဲမှုကို ကျွမ်းကျင်သူ၏လက်ထဲတွင်ရှိထားပါသည် (သို့မဟုတ်) အစိုးရသည် ပါဝင်ပတ်သက်သော်လည်း ဖိနှိပ်မှုမရှိလျှင်၊ ပြည်သူ့အပေါ်စေတနာကောင်းရှိလျှင် ဤအချက်သည် တောင်ကိုရီးယား၊ ဗီယက်နမ်၊ တရုတ်တို့ကဲ့သို့ ဝင်ရောက်ထိန်းသိမ်းသော၊ အားပေးကူညီသောပုံစံမျိုးဖြစ်၍ ခေတ်သစ်ပုံစံ (A modern new model) တစ်ခုအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ကနဦးကြိုးပမ်းမှု (Pioneer Model) အဖြစ်လည်းကောင်း ဝိုင်းဝန်းထောက်ခံရမည်သာ ဖြစ်ပါသည်။

သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ကုမ္ပဏီဖွဲ့စည်းမည်ဟုဆိုလျှင်တော့ ၂၀၀၉ ခုနှစ်ကပင် စက်သုံးဆီကဏ္ဍတွင် အသာစီးရယူပြီး ယခုထိလွှမ်းမိုးထားသူများနှင့် လက်တွဲသင့်သလား သို့မဟုတ် အခွင့်ထူးနှင့်ကင်းရှင်းသော၊ စီမံခန့်ခွဲမှုကောင်းသောအချက်များနှင့် ပြည့်စုံသည့် နှောင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းသင့်သလောဆိုသည်ကို စာဖတ်ပရိသတ်ကြီးအား ကျွန်တော်မေးချင်ပါသည်။ တိုင်းဒေသကြီးအစိုးရသို့လည်း မေးချင်သည်။

ဒေါက်တာအောင်မျိုး