News

POST TYPE

PERSPECTIVE

အာဏာရှင်စနစ် တစ်ကျော့ပြန်လာဦးမလား
17-Mar-2018
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ဟာ တရုတ်နိုင်ငံအတွက်ရော၊ ဒီနေ့ မျက်မှောက်ခေတ် ကမ္ဘာ့သမိုင်းအတွက်ပါ အင်မတန်အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် (National People's Congress) ဟာ လက်ရှိသမ္မတ ရှီကျင့်ဖျင်ရဲ့ ရာထူးသက်တမ်းကို အကန့်အသတ်မရှိ၊ ရာသက်ပန် တည်မြဲစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကို တညီတညွတ်တည်း မဲပေးထောက်ခံလိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်အရ သမ္မတရှီကျင့်ဖျင်ဟာ ပြီးခဲ့တဲ့ အရင်သမ္မတတွေ လိုရာထူးသက်တမ်း နှစ်ကြိမ်ပြီးရင် အနားယူသွားတာမျိုး မရှိတော့ဘဲ သမ္မတတာဝန်ကို ရာသက်ပန် ထမ်းဆောင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ မျက်မှောက်ကမ္ဘာ့သမိုင်းအတွက် အင်မတန် အံ့အားသင့်ဖွယ်ကောင်းတဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ဖြစ်သလို ကမ္ဘာမှာ အာဏာရှင်စနစ် တစ်ကျော့ပြန်လာနေပြီလားလို့ ဆိုရမလို ဖြစ်နေပါတယ်။ မတ်လ ၁၁ ရက်က ကျင်းပတဲ့ ပြည်သူ့ကွန်ဂရက်ညီလာခံမှာ ဒီဖွဲ့စည်းပုံပြင်ဆင်ချက်ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်၂၉၆၄ ဦး က ထောက်ခံမဲပေးပြီး ရှားရှားပါးပါး ကန့်ကွက်မဲနှစ်မဲနဲ့ ပျက်ကွက်မဲ သုံးမဲပဲ ရှိခဲ့တယ်လို့ သိရတယ်။

တကယ်ဆို သမ္မတ ရှီကျင့်ဖျင်ရဲ့ ရာထူးသက်တမ်းက ၂၀၂၃ ဆိုရင် ပြည့်ပါပြီ။ တရုတ်နိုင်ငံရေးဖြစ်စဉ်ကို ကြည့်ရင် ၁၉၈၇ ခုနှစ်နောက်ပိုင်းကစလို့ ပါတီညီလာခံကရွေးချယ်လိုက်တဲ့ သမ္မတတွေဟာ ၅ နှစ်သက်တမ်း နှစ်ကြိမ်၊ ၁၀ နှစ် တာဝန်ထမ်းဆောင်ပြီးရင် နောက်ခေါင်းဆောင်အသစ်ကို ရွေးချယ်တင်မြှောက်လေ့ရှိပေမယ့် သမ္မတ ရှီကျင့်ဖျင်ကတော့ ဒီအစဉ်အလာကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ကျင်းပခဲ့တဲ့ ပါတီကွန်ဂရက်မှာ အစဉ်အလာအားဖြင့် နောင်ဆက်ခံမယ့် ခေါင်းဆောင်လောင်းကို ရွေးချယ်လျာထားဖို့ ရှိခဲ့ပေမယ့် ရှီကျင့်ဖျင်ဟာ သူ့ရဲ့ပါဝါကို ပိုပြီးချုပ်ကိုင်ဖို့ ကြိုးစားလာတာ တွေ့ရတယ်။ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံက ကွန်မြူနစ်ပါတီရဲ့ ဖွဲ့စည်းပုံမှာ သူ့ရဲ့အမည်နဲ့ သူ့ရဲ့အတွေးအခေါ်ကို ထည့်သွင်းစေပြီး ခေါင်းဆောင်ကြီး မော်စီတုန်းနဲ့ တစ်တန်းတည်းသော အဆင့်ကို ရယူခဲ့ပါတယ်။ ရှီကျင့်ဖျင် အတွေးအခေါ်ဆိုတာကတော့ (Socialism with Chinese Characteristics for the New Era.) ပါပဲ။ မြန်မာလိုဆိုရရင် “တရုတ်လက္ခဏာများနဲ့ (ခေတ်သစ်) ဆိုရှယ်လစ်ဝါဒ” လို့ ဆိုရမယ်။

ပြီးခဲ့တဲ့ ငါးနှစ်ကအထိ တရုတ်ခေါင်းဆောင်တွေဟာ စုပေါင်းခေါင်းဆောင်စနစ်နဲ့ သွားခဲ့ကြတယ်။ သမ္မတ ဟူကျင်တောင်းဟာ ၉ ဦးပါ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များရဲ့ မတူညီတဲ့အမြင်တွေကို နားထောင်ခဲ့ရတယ်။ အခုတော့ ဒီလိုမရှိတော့ပါဘူး။ ပြင်ဆင်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရှီဟာ သမ္မတသက်တမ်း နှစ်ဆက်ထက်ပိုပြီး တာဝန်ထမ်း ဆောင်ခွင့်ရတော့မှာ ဖြစ်တယ်။ အခုလို အကန့်အသတ်မဲ့ သမ္မတရာထူး ရယူမှုနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငြင်းခုံဆွေးနွေးမှုတွေလည်း မရှိခဲ့ပါဘူး။ တရုတ်အစိုးရဟာ ဆိုရှယ်မီဒီယာတွေကိုလည်း တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတော့ ဒီကိစ္စကို ပေါ်ပေါ်တင်တင် ဘယ်သူမှ မဝေဖန်ရဲကြပါဘူး။ ရှားရှားပါးပါး တရုတ်အစိုးရသတင်းစာ အယ်ဒီတာဟောင်း တစ်ဦးကတော့“ခုလို သမ္မတနဲ့ ဒု-သမ္မတ ရာထူသက်တမ်းကန့်မှု ပယ်ဖျက်လိုက်တာဟာ အရှုပ်အထွေးမျိုးစေ့တစ်ခု ချလိုက်သလိုပါပဲ” လို့ ဝေဖန်သွားပါတယ်။ တရုတ်အစိုးရ မီဒီယာတွေကတော့ အခုလိုပြင်ဆင်လိုက်တာကို ထောက်ခံရေးသားကြပြီး တရုတ်နိုင်ငံအတွက် လိုအပ်တဲ့ပြောင်းလဲမှုလို့ ဆိုကြပါတယ်။

အံ့အားသင့်စရာတစ်ခုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တရုတ်ရဲ့ အကန့်အသတ်မဲ့ သမ္မတသက်တမ်း ပြင်ဆင်မှုကို ထောက်ခံလိုက်တယ်ဆိုတဲ့ စကားပါ။ “ထာဝရ သမ္မတတဲ့လား။ ကောင်းတာပေါ့ဗျာ။ ကျုပ်တို့လည်း တစ်ချိန်ချိန် စမ်းကြည့်သင့်တယ်”လို့ ဆိုတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ထရမ့်က “တမင်သက်သက် ဟာသလုပ်တာပါ၊ မီဒီယာတွေက သူတို့လိုသလို ဖော်ပြကြတာ”လို့ ပြင်ပြောသွားခဲ့တယ်။

ရှီကျင့်ဖျင်ဟာ ၂၀၁၃ မှာ တရုတ်သမ္မတ ဖြစ်လာပြီးတဲ့နောက် ဒေသတွင်း ဩဇာအာဏာကို အခိုင်အမာတည်ဆောက်ခဲ့ရုံမက တရုတ်နိုင်ငံတွင်း အကျင့်ပျက်လာဘ်စားမှုတွေကို ထိထိရောက်ရောက် နှိမ်နင်းခဲ့ခြင်းဖြင့် ပုဂ္ဂိုလ်ရေးအာဏာကိုပါ တစ်ပါတည်း တည်ဆောက်နိုင်ခဲ့တယ်။ ရှီကျင့်ဖျင် တက်လာပြီးတဲ့နောက် အကျင့်ပျက်ပါတီဝင် တစ်သန်းကျော် အပြစ်ပေးအရေး ယူခဲ့တယ်။ ရှီရဲ့ ခုလိုပြတ်သားတဲ့လုပ်ဆောင်ချက်တွေကြောင့် သူ့ကို လူကြိုက်များခဲ့တယ်လို့ ဆိုတယ်။ ဝေဖန်သူတချို့ကတော့ ရှီဟာ သူနဲ့ပြိုင်ဘက် နိုင်ငံရေးသမားတွေကို အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးခေါင်းစဉ်နဲ့ ဖယ်ရှားခဲ့တယ်လို့ဆိုတယ်။

ခုလို တရုတ်နိုင်ငံမှာ ထာဝရခေါင်းဆောင်စနစ် ပြန်ထွန်းကားလာတာနဲ့စပ်လျဉ်းပြီး သမိုင်းပညာရှင် ဖရန်စစ်ဖူကူယားမားကတော့ “၂၁ ရာစု အကြွင်းမဲ့ အာဏာရှင်စနစ်”လို့ ခေါင်းစဉ်တပ်လိုက်ပြီး မမှန်းဆနိုင်တဲ့ ပုံသဏ္ဌာန်များနဲ့ တရုတ်နိုင်ငံကို နောက်ဆုံးမှာ မြင်တွေ့ရနိုင်တယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားလိုက်ပါတယ်။ ၁၉၇၈ ခုနှစ်ကစပြီး တရုတ်နိုင်ငံရဲ့ အာဏာရှင်နိုင်ငံရေးစနစ်ဟာ တခြားသော အာဏာရှင်စနစ်များနဲ့မတူဘဲ အာဏာရကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနဲ့ အစဉ်အဆက် ခေါင်းဆောင်ရွေးချယ်မှုစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ခေါင်းဆောင်တစ်ဦးကို ၁၀ နှစ်သက်တမ်း သတ်မှတ်ပြီး ခေါင်းဆောင်သစ်တစ်ဦး ထပ်မံပြုစု မွေးထုတ်ကာ အစဉ်အတိုင်း အုပ်ချုပ်လာခဲ့တာ သုံးကြိမ်တိတိ ရှိခဲ့ပြီဖြစ်ကြောင်း၊ ဒီလိုကန့်သတ်ရတာကလည်း သမ္မတတစ်ဦးတည်းက ရာသက်ပန် အာဏာရယူထားခဲ့တဲ့ အီဂျစ်၊ ဇင်ဘာဘွေ၊ လစ်ဗျားနဲ့ အင်ဂိုလာတို့လို နောက်ဆုံးတစ်နေ့ ဆိုးကျိုးတွေ မဆုံတွေ့ရအောင်ဖြစ်ကြောင်း၊ ခုတော့ ဒီအစဉ်အလာတွေ ပျက်သွားပြီဖြစ်ကြောင်း၊ ရှီကျင့်ဖျင်ဟာ စည်းမျဉ်းခံ အာဏာရှင်စနစ်ကနေ တရုတ်နိုင်ငံရဲ့ ထာဝရအာဏာရှင်အဖြစ် မိမိကိုယ် မိမိ ဖန်တီးခဲ့ပြီဖြစ်ကြောင်း၊ (Turning at one stroke an institutionalized autocracy into a personal one) ပါတီဖွဲ့စည်းပုံမှာ “ရှီကျင့်ဖျင် အတွေးအခေါ်” ထည့်သွင်းလိုက်ခြင်းဖြင့် ခေါင်ဆောင်ကြီး မော်စီတုန်းနေရာကို ဝင်ယူလိုက်ပြီဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မည်သည့်နိုင်ငံရေးစနစ်မှာမဆို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့အာဏာကို ကန့်သတ်ထားခြင်းဟာ နိုင်ငံရေးစနစ်တစ်ရပ် အောင်မြင်ခြင်းရဲ့ အဓိကအကြောင်းဖြစ်ကြောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ ထာဝရထူးချွန်ထက်မြက်ပြီး ခြောက်ပြစ်ကင်းနေဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ဖူကူယားမားက ဆိုပါတယ်။

တရုတ်နိုင်ငံရေးစနစ်မှာ ရာသက်ပန်ခေါင်းဆောင် စနစ်တစ်ရပ် ပေါ်ထွန်းလာတာဟာ ခုချိန်မှာ အံ့အားသင့်စရာပါ။ ကျွန်တော်တို့ဟာ ရာသက်ပန်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ အာဏာကို သေတပန်သက်တစ်ဆုံး ဖက်တွယ်ထားခဲ့ကြတဲ့ ခေါင်းဆောင်တွေ ကမ္ဘာမှာ ပေါ်ထွန်းခဲ့ပြီးပါပြီ။ ဒီလို ထာဝရအာဏာရှင် ခေါင်းဆောင်တွေကြောင့် တိုးတက်ထွန်းကားသွားတဲ့ နိုင်ငံမတွေ့ဖူးသေးပါဘူး။ တရုတ်နိုင်ငံကတော့ ၂၁ ရာစုကို ဘယ်လိုပုံသဏ္ဌာန်၊ ဘယ်လိုမဟာဗျူဟာနဲ့ ဦးဆောင်သွားဖို့ ရည်ရွယ်ထားသလဲ မသိနိုင်ပါ။ မော်စီတုန်းအစား ရှီကျင့်ဖျင်ကတော့ ထာဝရခေါင်းဆောင်အဖြစ် ရောက်ရှိလာခဲ့ပါပြီ။

ချစ်ဝင်းမောင်