News

POST TYPE

PERSPECTIVE

ခရိုနီအလိုကျ ဆိုပြရတဲ့ဘဝ မဖြစ်စေလို
17-Mar-2018
နာမည်ကျော်ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်ကြည်ကြည်ဌေးရဲ့ ကချေသည်သီချင်းကို လူကြီးပိုင်းတွေ ကောင်းကောင်းကြားဖူးကြမှာ ဖြစ်သလို ဝါသနာပါတဲ့ လူငယ်ပိုင်းလည်း ကြားဖူးနားဝ ရှိကြမယ်လို့ထင်ပါတယ်။ သီချင်းရဲ့ပထမအပိုဒ်မှာ “ဘဝဇာတ်ဆရာ အလိုကျ ဆိုပြ၊ ငိုခဲ့ရ ကျွန်မဘဝပါရှင်” ဆိုတဲ့ စာသားလေးကတော့ ကြားဖူးကြသူတိုင်းရဲ့ ရင်ထဲမှာစွဲငြိပြီး ဘဝတစ်သက်တာ မမေ့နိုင်ဖြစ်ရပါတယ်။ မမေ့နိုင်စရာဖြစ်ရတယ် ဆိုတာကတော့ လူတိုင်းလူတိုင်းဟာ ဘဝမှာ မိမိက ငိုချင်ပေမယ့်လည်း ဘဝဇာတ်ဆရာရဲ့အလိုကျ ရယ်ခဲ့ရတာတွေရှိသလို၊ မိမိက ရယ်ချင်ပေမယ့်လည်း ဘဝဇာတ်ဆရာရဲ့အလိုကျ ငိုခဲ့ရတဲ့အဖြစ်အပျက်တွေဟာ လူ့ဘဝမှာ အနည်းနဲ့အများဆိုသလို ကြုံတွေ့ခဲ့ကြရလို့ပဲဖြစ်ပါတယ်။

လူသားတစ်ယောက်ရဲ့ဘဝမှာတင် မကပါဘူး၊ အဖွဲ့အစည်းတစ်ခု၊ အစိုးရတစ်ဖွဲ့မှာလည်း မိမိရဲ့အကျိုးစီးပွားကို လွှမ်းမိုးချုပ်ကိုင်ထားသူ လူတစ်စုရဲ့ အလိုကျ ငိုပြ၊ ရယ်ပြရတာတွေ သမိုင်းတစ်လျှောက်မှာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အစိုးရတွေအကြောင်း မကောင်းပြောတာမဟုတ်ပေမယ့် အကျိုးသင့်အကြောင်းသင့် ဖော်ပြရမှာဖြစ်လို့ ဥပမာအဖြစ် တင်ပြခြင်းဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ တော်လှန်ရေးကောင်စီဟာ မဆလလို့ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်ပြီး ပါတီရဲ့ အဓိကမူဝါဒအဖြစ် အလုပ်သမားနဲ့ တောင်သူလယ်သမား လူတန်းစားတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်မယ်လို့ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ကြေညာခဲ့ပေမယ့် နောက်ပိုင်းကျတော့ အဲဒီအခြေခံလူတန်းစားတွေရဲ့ အကျိုးစီးပွားကိုလျစ်လျူရှုပြီး မိမိတို့ပါတီဝင်တစ်စုရဲ့ ကောင်းစားရေးကိုသာ ဆောင်ရွက်ခဲ့တဲ့အတွက် တိုင်းပြည်မွဲပြာကျပြီး ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံအဖြစ် စာရင်းဝင်သွားခဲ့ရပါတယ်။

ခရိုနီကိုမွေးဖွားပေးခဲ့တဲ့ အစိုးရ

၁၉၈၈ ခုနှစ်မှာ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့တဲ့ နဝတ/ နယက ခေါ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ /နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရများဟာလည်း ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်မယ်ဆိုတာ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိကြေညာခဲ့ပြန်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဈေးကွက်စီးပွားရေးဟာ စနစ်တကျနဲ့ ပီပီပြင်ပြင်ဖြစ်မလာဘဲ အာဏာရှိသူတွေနဲ့ အလွန်းသင့်သူ/ပနံစားသူတွေသာ အလုပ်ဖြစ်ပြီး ကြီးပွားချမ်းသာသွားတဲ့ လက်ဝါးကြီးအုပ် ဈေးကွက်စီးပွားရေးစနစ်သာ ကြီးထွားလာခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက် နိုင်ငံတော်အာဏာသုံးရပ်ကို လွှဲပြောင်း/လက်ခံရယူခဲ့တဲ့ အစိုးရတစ်ရပ်အနေနဲ့ အာဏာသုံးရပ်နဲ့အတူ အမွေဆက်ခံလိုက်ရတာကတော့ ခရိုနီဆိုတဲ့ သိပ်ချမ်းသာတဲ့ လူအုပ်စုတစ်စုနဲ့ သိပ်ဆင်းရဲမွဲတေနေတဲ့ လူတန်းစားတစ်ရပ်ပဲဖြစ်ပါတယ်။ ဆင်းရဲချမ်းသာ လူတန်းစားကွာဟမှုဟာ ကြီးမားလွန်းတဲ့အတွက် လူလတ်တန်းစားဆိုတဲ့ အလယ်အလတ်လူတန်းစားဟာ ပျောက်ဆုံးနေသယောင်တောင် ဖြစ်နေပါတယ်။

မဆလခေတ်မှာ ဘူဇွာတော်လှန်ရေးလုပ်ပြီး ချမ်းသာသူ လူတန်းစားတွေကို အရေးယူ၊ ထောင်ချခဲ့တဲ့အပြင် သူတို့ပိုင်ဆိုင်တဲ့လုပ်ငန်းတွေကိုပါ ပြည်သူပိုင်သိမ်းခဲ့တဲ့အတွက် ပြည့်ဝမ်းကိုဖောက်ရာကျခဲ့ပြီး တိုင်းပြည်ဆင်းရဲခဲ့ရသလို နဝတအစိုးရကျပြန်တော့လည်း ဈေးကွက်စီးပွားရေးကို အကြောင်းပြုပြီး ဘူဇွာတွေကို ပြန်မြှောက်စား၊ မိမိနဲ့ရင်းနှီးသူတွေကို အခွင့်အရေးတွေပေးခဲ့တဲ့အတွက် ဘူဇွာတွေ ပြန်လည်ခေါင်းထောင်လာကြပြန်ပါတယ်။ သူတို့တစ်တွေ ပြန်ပြီးခေါင်းထောင်လာတာက အကြောင်းမဟုတ်ပေမယ့် သူတို့အကျိုးစီးပွားအတွက် တိုင်းပြည်ရဲ့စီးပွားရေးကို ကမောက်ကမဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုးတွေ ချမှတ်လာတဲ့အခါကျတော့ တိုင်းပြည်နဲ့တကွ ပြည်သူလူထုပါ နစ်နာကြရပါတယ်။

ငွေရှင် ကြေးရှင် သူဌေးတွေ အကျိုးရှိစေမယ့် ဆုံးဖြတ်ချက်တွေ များစွာချမှတ်ခဲ့တဲ့အထဲက ကိုယ်တိုင်ကြုံတွေ့သိရှိခဲ့ရတာ တစ်ခုကို တင်ပြချင်ပါတယ်။ ကျွန်တော် ကုမ္ပဏီတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က လကုန်တဲ့အခါ မိမိကုမ္ပဏီက ဝန်ဆောင်ခပေးခဲ့ရတဲ့အတွက် ရစရာရှိတဲ့ ဝန်ဆောင်ခတွေကို ကောက်ခံသိမ်းဆည်းရပါတယ်။ ကျွန်တော်တို့နိုင်ငံက သူဌေးအများစုဟာ ငွေကြေးပေးချေတဲ့အခါ မိမိတို့ရဲ့ငွေကြေးစီးဆင်းမှုကို ဘဏ်ကိုဖြတ်သွားစီးဆင်းမှုမရှိစေဘဲ တစ်ဦးနဲ့တစ်ဦး ငွေသားနဲ့ပေးချေကြတာ များပါတယ်။ (အခွန်ရှောင်နည်း တစ်မျိုးလည်း ဖြစ်နိုင်ပါတယ်)။

တစ်ခါတော့ လက်ခံရယူရမယ့် ငွေပမာဏလည်းများတဲ့အတွက် ကျွန်တော့်သူဌေးက ကျွန်တော့်ကို လိုက်ပါသွားစေပါတယ်။ အဲဒီမှာတွေ့ရတာက ကျွန်တော်တို့အပြင် တခြားသော ငွေပေးငွေယူကိစ္စတွေကို မြင်တွေ့ရပြီး ငွေတွေကို ဆာလာအိတ် (မြွေရေခွံအိတ်) တွေနဲ့ထည့်ပြီး ကားတွေ ပေါ်ကိုတင်နေတာ တွေ့ရပါတယ်။

အဲဒီသူဌေးက ကျွန်တော်တို့ကို “အေးဗျာ ငွေစက္ကူတွေက အသေးတွေဆိုတော့ ထိန်းရ သိမ်းရ သယ်ရ ပိုးရ သိပ်ခက်တာပဲဗျာ။ ကျွန်တော်တို့လည်း ငွေစက္ကူ ၅၀၀၀ တန်ထုတ်ဖို့ လူကြီးတွေကို ပြောထားပါတယ်။ အခုထိတော့ မထုတ်သေးဘူး။ မကြာခင်တော့ ထုတ်ပါလိမ့်မယ်ထင်ပါတယ်” လို့ ပြောပါတယ်။ သူပြောပြီး မကြာခင်ကာလမှာပဲ မြန်မာနိုင်ငံ ဗဟိုဘဏ်က ၅၀၀၀ ကျပ်တန် ငွေစက္ကူအသစ်တွေထွက်ပေါ်လာပြီး နှစ်အနည်းငယ်အကြာမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေ ဆက်လက်ထွက်ပေါ်လာပါတယ်။ ဒီလိုငွေစက္ကူအရွက်ကြီးတွေ ထုတ်ခဲ့တဲ့အတွက် ငွေဖောင်းပွမှုနှုန်း ဘယ်လောက်ဖြစ်လာတယ်ဆိုတာကတော့ ကျွန်တော်က စီးပွားရေးပညာရှင်မဟုတ်လို့ မသိပါဘူး။ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတယ် ဆိုတာကတော့ သတိထားမိပါတယ်။ 

အဲဒါကတော့ ဥပမာတစ်ခုပဲဖြစ်ပါတယ်။ နောက် သူဌေးတွေအကြံပေးကြတဲ့ ရေနက်ကွင်း ကိစ္စတွေ၊ ကြက်ဆူဆီ ကိစ္စတွေကတွေ၊ ညောင်နှစ်ပင် ကိစ္စတွေကတော့ အများသိပြီးဖြစ်ပါတယ်။ ဆိုလိုတာကတော့ အဲဒီအချိန်တုန်းက မြန်မာ့စီးပွားရေးဟာ ဈေးကွက်စီးပွားရေးဆိုပေမယ့် တကယ့်ကို တတ်ကျွမ်းနားလည်တဲ့ စီးပွားရေးပညာရှင်တွေရဲ့ အကြံဉာဏ်တွေနဲ့ ဖော်ဆောင်ခဲ့တာမဟုတ်ဘဲ လုပ်ငန်းရှင်သူဌေး (ခရိုနီ) တွေရဲ့ အကြံဉာဏ်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတာဖြစ်လို့ သူဌေးတွေသာ ချမ်းသာသထက် ချမ်းသာသွားကြပြီး တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေကတော့ ဆင်းရဲတွင်း နက်သထက်နက်ခဲ့ကြတာ ဖြစ်ပါတယ်။

ခရိုနီအလိုကျ ဆိုပြရတဲ့ အစိုးရ

ရွေးကောက်ခံ ဒုတိယအစိုးရလက်ထက်မှာတော့ တက်လာခါစမှာ ပြည်သူတွေက ခရိုနီတွေနဲ့ပတ်သက်ပြီး ဟိုဟာပြော၊ ဒီဟာပြောဆိုတော့ ကိုယ်ရှိန်သတ်ပြီး ခပ်ခွာခွာလေးနေပုံရပါတယ်။ ဒါပေမဲ့ ခရိုနီတွေကလည်း စီးပွားရေးလုပ်ရကိုင်ရတာ အရင်လိုမကောင်းဘူး၊ ဘာညာဆိုပြီး ပြောကြရာကနေ ပြည်တွင်းပြည်ပမီဒီယာတွေကလည်း ရေးကြ သားကြနဲ့ဆိုတော့ နောက်ဆုံး ခရိုနီတွေရဲ့ ဩဇာအရိပ်အောက်ကို တစ်စိတ်တစ်ပိုင်း ကျရောက်ရတာပါပဲ။

ပထမဆုံး သိသာထင်ရှားတာတစ်ခုကို ပြရမယ်ဆိုရင် သြင်္ကန်ရုံးပိတ်ရက် ကိစ္စပဲဖြစ်ပါတယ်။ သြင်္ကန်ရုံးပိတ်ရက်နဲ့ ပတ်သက်လို့ ဟိုးအရင် အစိုးရ အဆက်ဆက်ကတည်းက သြင်္ကန်အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ သာမန်အားဖြင့် ငါးရက်ပိတ်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေဟာ ကားလက်မှတ်၊ ရထားလက်မှတ် ဝယ်ရတာ သိပ်ခက်ခဲကြတဲ့အတွက် တစ်ရက် နှစ်ရက် ကြိုတင်ပြီး ခွင့်ယူကြတာတို့၊ နားလည်မှုနဲ့ပြန်ကြတာတို့ ရှိကြပါတယ်။ မပြန်ကြတဲ့ ဝန်ထမ်းတွေကလည်း အဲဒီနေ့မှာ ရုံးတွင်းမုန့်လုပ်စားကြတာတို့၊ အပြန်အလှန် ရေပက်ကစားကြတာတို့ကြောင့် ရုံးစာရွက်စာတမ်းတွေကို ဗီရိုထဲအကုန်ထည့်ပြီး ဘယ်သူမှ ရုံးလုပ်ငန်းတွေကို မလုပ်ကြပါဘူး။

နောက်တစ်ခါ နှစ်ဆန်းတစ်ရက်နေ့ပြီးလို့ ရုံးပြန်ဖွင့်တဲ့ရက်ကလည်း နှစ်ရက်လောက်ဖွင့်ပြီးရင် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်နဲ့ ကြုံပြန်ရောဆိုတော့ ဘာမှအလုပ်မဖြစ်ပါဘူး။ ဒါကြောင့် ဝန်ထမ်းတွေဟာ အပြန်ကားလက်မှတ် ဝယ်ရခက်တာရော၊ ပြန်ရောက်ပြန်ရင်လည်း လူမစုံ၊ တက်မစုံနဲ့ အလုပ်မဖြစ်တာရောကြောင့် ရောင်တော်ပြန်နဲ့ ရောလွှတ်ပြီး (သိပ်စည်းကမ်း ကြီးတဲ့ ဌာနမျိုးကလွဲလို့) အဲဒီနှစ်ရက်ကို ရုံးပိတ်ရက်နဲ့ ရောချကြပါတယ်။

ဒါကြောင့်မိုလို့ တရားဝင်ရုံးပိတ်ရက်က ငါးရက်လောက်သာဖြစ်ပေမယ့် အလုပ်မဖြစ်တဲ့ရက်က ဆယ်ရက်လောက် ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအဆက်ဆက်က မသိကျိုးကျွန်ပြုခဲ့ကြပေမယ့် ပြီးခဲ့တဲ့ နဝတအစိုးရရဲ့နောက်ဆုံးကာလမှာ သြင်္ကန်ရုံးပိတ်ရက်ကို သြင်္ကန်အကြိုနေ့မတိုင်မီ တစ်ရက်ကနေ ဆယ်ရက်တိတိပိတ်ရမယ်လို့ အမိန့်ကြော်ငြာ စာထုတ်ပြန်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဝန်ထမ်းများ သြင်္ကန်ကာလမှာ ကောင်းမွန်စွာ အနားယူကြပြီး ဘာသာရေး၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ကြကာ သြင်္ကန်အပြီးကာလမှာ အင်သစ်အားသစ်နဲ့ ရွှင်လန်းတက်ကြွစွာ အလုပ်ခွင်ကို ပြန်လည်ဝင်ရောက်နိုင်ဖို့ ရည်ရွယ်သလို တစ်ဖက်ကလည်း စည်းရုံးရေးသဘောနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်က ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ သြင်္ကန်ရုံးပိတ်ရက်တွေ များနေတဲ့အတွက် ပြန်လျှော့ပေးဖို့ဆိုပြီး လွှတ်တော်မှာ အဆိုတင်သွင်းတာကို ကြားသိလိုက်ရပါတယ်။ ဒါပေမဲ့ လွှတ်တော်က လက်မခံတဲ့အတွက် အတည်မဖြစ်ခဲ့ပါဘူး။ နောက်တစ်ခါ ဒုတိယအကြိမ် သမ္မတဦးထင်ကျော်လက်ထက် အစပိုင်းကာလမှာ “သြင်္ကန် ရုံးပိတ်ရက်တွေ များတဲ့အတွက် အလုပ်မဖြစ်ဖူး။ အထူးသဖြင့် နိုင်ငံခြားနဲ့ ဆက်သွယ်ဆောင်ရွက်ရတဲ့ ဘဏ်လုပ်ငန်းတွေမှာ အခက်အခဲတွေဖြစ်ရတယ်။ ဒါကြောင့်မို့ သြင်္ကန်ရုံးပိတ်ရက်ကို ဆယ်ရက်အစား အရင်အတိုင်း ငါးရက်ပဲထားသင့်တယ်” ဆိုပြီး ခရိုနီအသိုင်းအဝိုင်းက အသံထွက်လာပါတယ်။ တကယ်တော့ ဒီကိစ္စဟာ အကြောင်းပြချက်တစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော်တစ်ချိန်တုန်းက ဆောင်းပါးတစ်ပုဒ်မှာရေးခဲ့သလိုပဲ သြင်္ကန်ရုံးပိတ်ရက် ငါးရက်ဖြစ်တုန်းကလည်း ကြားမှာ ရုံးဖွင့်ရက်က နှစ်ရက်လောက်ပဲရှိတဲ့အတွက် အလုပ်မဖြစ်ပါဘူး။

တကယ်တမ်း ဘဏ်လုပ်ငန်းနဲ့ပတ်သက်လို့ အခက်အခဲဖြစ်တယ်ဆိုရင် ဘဏ်တွေကို သီးခြားဖွင့်လှစ်ပြီး ငွေပေး၊ ငွေယူ၊ ငွေလွှဲကိစ္စတွေကို ဆောင်ရွက်လို့ရပါတယ်။ ဒီလိုဆောင်ရွက်ပြီးရင် ရုံးပိတ်ရက်မှာ တာဝန်ထမ်းဆောင်တဲ့ ဘဏ်ဝန်ထမ်းတွေကို နားရက်အစားပေးတာ သို့မဟုတ် ပံ့ပိုးငွေချီးမြှင့်ပေးတာ စသည်ဖြင့် ဆောင်ရွက်ပေးလို့ရပါတယ်။ အခုတော့ ဘာမှမဆိုင်တဲ့ (တစ်နှစ်မှာ တစ်ခါတောင် မိဘရပ်ထံမပြန်နိုင်ကြတဲ့) နယ်စွန်၊ နယ်ဖျားက ဝန်ထမ်းတွေ၊ တစ်နှစ် တစ်ကြိမ် ဘာသာရေးအရ ရဟန်းဝတ်တာ၊ သားသမီးရှင်ပြုတာ စတဲ့လုပ်ငန်းတွေအတွက် များစွာ အခက်အခဲတွေ့ကြရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်ငန်းရှင်သူဌေးဆိုတာ ဝန်ထမ်းတစ်ယောက်ကို အလုပ်မလုပ်ဘဲနဲ့ လုပ်ခလစာမပေးချင်ပါဘူး။ ဝန်ထမ်းတစ်ယောက်ကို အလုပ်မလုပ်ဘဲ ဆယ်ရက်လောက် လစာပေးထားရတယ်ဆိုတာ သူတို့အတွက် သိပ်နစ်နာတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့်မို့ ဘဏ်လုပ်ငန်းကို အကြောင်းပြပြီး နိုင်ငံတော်စီးပွားရေးကို ထိခိုက်ပါတယ်လို့ ခေါင်းစဉ်တင်လာတဲ့အခါကျတော့ အစိုးရအဖွဲ့အနေနဲ့လည်း ခရိုနီအလိုကျ ငိုပြရပါတော့တယ်။

ခရိုနီအလိုကျမဖြစ်ရအောင် လွှတ်တော်ကထိန်းပေးဖို့လို

နောက်တစ်ခု တင်ပြချင်တာကတော့ မကြာသေးမီက ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တချို့က တင်ပြတာက “ဘဏ်အတိုးနှုန်းတွေဟာ မြင့်မားနေတယ်။ ဒါကြောင့်မို့ ဘဏ်အတိုးနှုန်းတွေကို လျှော့ပေးပါ” လို့ ဆိုလာတာပါပဲ။ ဒီသတင်းကိုကြားလိုက်ရတော့ အသက်အရွယ်ကြီးရင့်ပြီး ဝင်ငွေရတဲ့ အလုပ်အကိုင်မရှိလို့ တစ်သက်တာ စုဆောင်းထားတဲ့ငွေ ကလေးတွေကို ဘဏ်မှာထည့်ပြီး အတိုးကလေးနဲ့စားနေကြတဲ့ သက်ကြီးရွယ်အိုနဲ့ လူလတ်တန်းစားတွေ ထိတ်လန့်ကုန်ကြပါတယ်။ ဘဏ်တွေမှာ အပ်ထားတဲ့ မိမိတို့ရဲ့ငွေကြေးတွေကို ပြန်လည်ထုတ်ယူဖို့အထိ စဉ်းစားလာကြပါတယ်။ ဒါပေမဲ့ စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီးက လာရောက်ရှင်းလင်းမှုနဲ့အတူ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ် စားလှယ်တွေက ကယ်တင်ခဲ့လို့ လူလတ်တန်းစားတွေ သက်သာရာရခဲ့ပါတယ်။

ဘဏ်ဆိုတာက ငွေကြေးစုဆောင်းသူတွေရဲ့ စုဆောင်းငွေတွေအပေါ်မှာ အဓိက ရပ်တည်နေရတယ်ဆိုတာ သာမန်လူတောင်သိပါတယ်။ ဘဏ်မှာ ငွေကြေးရှိမှလည်း ငွေလိုအပ်တဲ့ လုပ်ငန်းရှင်တွေကို ငွေထုတ်ချေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကို စီးပွားရေးလုပ်ငန်းရှင် ဖြစ်ပါလျက် မစဉ်းစားမဆင်ခြင် မိမိလိုဘတစ်ခုတည်းကိုကြည့်ပြီး သာမန်ပြည်သူတွေရဲ့အကျိုးစီးပွားကို လျစ်လျူရှုပြီး အတိုးနှုန်းတွေလျှော့ချဖို့ ပြောဆိုတင်ပြတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ဘဲ ထင်မြင်ယူဆပါတယ်။

နောက်ဆုံး တင်ပြချင်တာကတော့ လတ်တလောဖြစ်ပျက်နေတဲ့ ကိစ္စပါ။ အခုပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေကြတဲ့ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနဲ့ပတ်သက်တဲ့ ကိစ္စပါ။ ဒီ ဥပဒေကြမ်းရဲ့ပုဒ်မ ၂၅ မှာ “နိုင်ငံသားတစ်ဦးဦးဟာ စီးပွားရေးလုပ်ငန်း တစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ဖို့ လစ်ဟင်းခဲ့ရင်၊ နှစ်တစ်နှစ်အတွင်းမှာ ရွှေ့ပြောင်း/မရွှေ့ ပြောင်းအပါအဝင် အဖိုးတန်ပစ္စည်းများ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ အစုရှယ်ယာထည့်ဝင်ခြင်း စတာတွေအတွက် ဥပဒေ အာဏာတည်တဲ့နေ့ကနေ ပထမခြောက်လအတွင်း တင်ပြလာမယ်ဆိုရင် ၃ ရာခိုင်နှုန်းနဲ့ နောက်ခြောက်လအတွင်း တင်ပြမယ်ဆိုရင် ၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမယ်ဆိုပြီးတော့ ဖြေလျှော့သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒါအပြင် ဒီငွေကြေးတွေနဲ့ပတ်သက်လို့ ဝင်ငွေခွန်ဥပဒေအရ ဒဏ်ရိုက်ခြင်းမပြုရ၊ တရားမဝင်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူခြင်းတို့နှင့်လည်း သက်ဆိုင်ခြင်းမရှိစေရ” ဆိုပြီးတော့လည်း သတ်မှတ်ထားပါသေးတယ်။

ဒီဥပဒေကြမ်းကို ထုတ်ပြန်ပြီးတဲ့နောက် ပြည်သူတွေအကြားမှာ ဝေဖန်ပြောဆိုမှုတွေ မြင့်တက်လာသလို အခုကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော်မှာလည်း ပွက်လောညံနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ ထင်မြင်ယူဆ သုံးသပ်ချက်ကို မပြောတော့ဘဲ မတ်လ ၈ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးတချို့ ဆွေးနွေးကြတာကိုပဲ အနည်းငယ် ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) က လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက “မူးယစ်ဆေးဝါး၊ ငွေမည်း၊ အဂတိတရား၊ ပနားမားပေပါထဲက လျှို့ဝှက်အကောင့်၊ လက်ကြီးသမားတွေ၊ မကောင်းတာမှန်သမျှ ရွှေခါးပတ်၊ ငွေခါးပတ် ချန်ပီယံဆုတွေပဲ ချိတ်နေတဲ့ ဒီနိုင်ငံမှာ ခရိုနီကြီးတွေ၊ သူဌေးကြီးတွေရဲ့ ညည်းတွားသံကြောင့် ဒီလို အလောတကြီးနဲ့ အခွန်ရှောင်ဆုကြေး ပေးသနားမယ့် အစီအစဉ်အပေါ် တာဝန်ကျေအခွန်ထမ်းတွေ၊ ၂၀၁၅ မှာ မျှော်လင့်တကြီးနဲ့မဲပေးခဲ့ကြတဲ့ နင်းပြားပြည်သူတွေကို စိတ်ဒဏ်ရာမရစေဖို့ ဒီလွှတ်တော်ကြီးက အသေအချာတွေးဆပြီး...” လို့ ဆွေးနွေးခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်ကလည်း “ဒီဟာသာ အတည်ပြုမယ်ဆိုရင် တိုင်းပြည်မှာ ဆိုးကျိုးတွေ အများကြီးဖြစ်မယ်။ တိုင်းပြည်မှာ တော်တော်ဒုက္ခရောက်နိုင်တယ်။ ပြည်သူတွေအများစုက လက်လှုပ်ရင်တောင် ပါးစပ်မလှုပ်နိုင်တဲ့ အနေအထားမှာ လူတစ်စုကြောင့်၊ လူနည်းနည်းလေးကြောင့်၊ ခရိုနီတစ်စုကြောင့် သူတို့ဝင်ငွေတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးတဲ့အတွက်ကြောင့် ငွေမည်းများ၊ မူးယစ်ဆေးဝါးရောင်းချရသည့် ငွေများ၊ ဘာသာရေး အစွန်းရောက်များ၏ငွေများ ဝင်ရောက်လာနိုင်ပြီး အိမ်နီးချင်းတိုင်းပြည်များမှ ငွေမည်းများ အများအပြားဝင်ရာက်လာနိုင်သောကြောင့် စီးပွားရေးပြိုလဲသွားမယ်”လို့ ကန့်ကွက်ဆွေးနွေးပါတယ်။ (ကန့်ကွက်ဆွေးနွေး သူ လေးငါးယောက်ခန့်ရှိပါသည်)။

နိဂုံး

လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ ဆွေးနွေးချက်တွေကိုကြည့်ရင် ခရိုနီအလိုကျဆိုပြတာကို လုံးဝလက်မခံကြောင်း တွေ့ရှိရပါတယ်။ ပြည်သူတွေအနေနဲ့ အားကိုးစရာဆိုလို့ ပြည်သူတွေက တိုက်ရိုက် ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေပဲ ရှိပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကြီး တစ်ရပ်လုံးက တညီတညွတ်တည်း ခရိုနီအလိုကျ ဆိုပြတာကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ကြမယ်ဆိုရင် တစ်နည်း ပြည်သူတွေအလိုကျ ဆိုပြစေမယ်ဆိုရင်တော့ ပြည်သူတွေကလည်း“ကချေသည်မလေး (အစိုးရ)” ကို ဆက်လက် အားပေး ချီးမြှင့်မြှောက်စားသွားမှာ ဖြစ်ပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်...။

သိန်းထက်အောင်