News

POST TYPE

PERSPECTIVE

လွှတ်တော်အသံ ဖြစ်မလာသေးတဲ့ ပြည်သူ့အသံများ
15-Mar-2018
ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ပြုထားတဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်ကြီးသုံးခုဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ အတွင်းမှာတော့ ယခုရက်ပိုင်းမှာ တင်သွင်းဆွေးနွေးနေတဲ့ ဥပဒေကြမ်းနှစ်ခုနဲ့ပတ်သက်ပြီး ကန့်ကွက်သံ၊ ထောက်ခံသံတွေနဲ့ ပွက်ပွက်ညံနေခဲ့ပါတယ်။ ဒီဥပဒေကြမ်းနှစ်ခုနဲ့ပတ်သက်ပြီးတော့လည်း လူထုနဲ့ မီဒီယာတွေအကြားမှ ကန့်ကွက်ကြတာတွေ၊ အပြန်အလှန် ငြင်းခုံဆွေးနွေးမှုတွေနဲ့ စိတ်ဝင်စားဖွယ် ဖြစ်နေခဲ့ပါတယ်။ ဒီဥပဒေနှစ်ခုကတော့ လက်ရှိပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေဆဲဖြစ်တဲ့ ငြိမ်းစုစီ ဥပဒေကြမ်းနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ အခွန်အကောက် ဥပဒေကြမ်းတို့ပဲ ဖြစ်ပါတယ်။

ပထမဦးစွာ ငြိမ်းစုစီ ဥပဒေကြမ်းအကြောင်း အစပြန်ကောက်ကြည့်ရင် ဒီဥပဒေကြမ်းကို ၁၉-၂-၂၀၁၈ ရက်က အမျိုးသားလွှတ်တော်မှာ စတင်တင်သွင်းခဲ့ပြီး မတ်လ ၅ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးခဲ့ကြကာ အဲ့နေ့မှာပဲ အတည်ပြုပြီး ပြည်သူ့လွှတ်တော်ကို ပေးပို့ထားတာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဘက်မှာတော့ မတ်လ ၉ ရက်နေ့က လွှတ်တော်ကို အသိပေးခဲ့ပြီး အဲ့နေ့မှာပဲ ဥပဒေကြမ်းကော်မတီက တစ်ခါတည်း အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ပြင်ဆင်ချက် အဆိုတင်သွင်းကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတောင်းခံထားခဲ့တာ တွေ့ရပါတယ်။ ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ဘက်မှာ ဆွေးနွေးအတည်ပြုခဲ့ကြတုန်းကတော့ လူထုတွေထံက ဝေဖန်ထောက်ပြမှုတွေ၊ ကန့်ကွက်မှုတွေ ထွက်ပေါ်လာတာ မြင်ရပါတယ်။

ဒီဥပဒေကြမ်းမှာ ပါဝင်တဲ့ပြဋ္ဌာန်းချက်တွေအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပါအဝင် အခြားပါတီတွေ ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးတာတွေ ရှိခဲ့ပေမယ့်လည်း နောက်ဆုံး မဲခွဲဆုံးဖြတ်ခဲ့တဲ့အချိန်မှာတော့ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၉၄ ဦးရှိတဲ့အနက် ထောက်ခံမဲ ၁၁၃ မဲ၊ ကန့်ကွက်မဲ ၇၈ မဲ ရလဒ်နဲ့အတည်ပြု ပြီး ပြည်သူ့လွှတ်တော်ဘက်ကို ပေးပို့ခဲ့ပါတယ်။ ဒီငြိမ်းစုစီဥပဒေကိုပြင် ဆင်တဲ့ဥပဒေကြမ်းကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဖေဖော်ဝါရီ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက တင်သွင်းခဲ့ချိန်မှာ ဒီဥပဒေ ကြမ်းမှာပါဝင်လာတဲ့အချက်အချို့ဟာ ဒီမိုကရေစီသဘောတရားနဲ့ ဆန့် ကျင်နေတဲ့အတွက် လယ်သမား၊ အလုပ်သမား၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများ၊ အရပ်ဘက ်အဖွဲ့အစည်းများ၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူများနဲ့ ကျန်အလွှာအသီးသီးမှ လူထုတွေက ကန့်ကွက်မှုများ ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဒါတွေကိုလည်း နိုင်ငံတစ်ခုရဲ့ နား မျက်စိသဖွယ်ဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြရေးသားချက်မှာလည်း ယခုသီတင်းပတ်အတွင်းမှာ လှိုင်လှိုင်မြင်တွေ့ခဲ့ရပြီး ပြင်ပသတင်းစာ မီဒီယာတွေရဲ့ အယ်ဒီတာ့ အာဘော်တွေမှာတောင် ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ထောက်ပြထားခဲ့ကြတာ မြင်ခဲ့ရပါသေးတယ်။ ဒါ့အပြင် ဒီအချက်တွေအပေါ် အရပ်ဘက်အဖွဲ့အစည်း ၁၈၈ ဖွဲ့နဲ့ တစ်သီးပုဂ္ဂလ ၁၇ ဦးတို့က သဘောထားထုတ်ပြန်ချက်များ ပူးပေါင်းထုတ်ပြန်ပြီး ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြတာ၊ မတ် ၅ ရက်က အင်အား ၅၀၀ ခန့်နဲ့ ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းအား ပယ်ဖျက်ပေးဖို့ ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာတွေကိုလည်း ဖတ်ခဲ့ကြရမှာပါပဲ။ သူတို့ရဲ့ တောင်းဆိုချက်တွေအပေါ် ခြုံငုံကြည့်ရင် အစိုးရအနေနဲ့ နိုင်ငံရေးအရ မလိုလားသူများအပေါ် လိုသလို ဖိနှိပ်နိုင်တဲ့ ဥပဒေတစ်ရပ် ဖြစ်လာနိုင်တာမို့ ယခုကတည်းက မပြဋ္ဌာန်းသင့်ဘဲ ပယ်ဖျက်ပေးသင့်တာ၊ ဥပဒေတစ်ရပ်ကိုပြင်ဆင်တဲ့ ရည်ရွယ်ချက်က တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်မရှိဘဲ အာဏာပိုင်များ အလိုအတိုင်း ကျယ်ပြန့်စွာ အနက်ဖွင့် သုံးစွဲနိုင်တာ၊ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ လုံခြုံခွင့်တွေ၊ ငြိမ်းချမ်းစွာဆန္ဒပြလိုသူများရဲ့ သတင်းအချက်အလက် လုံခြုံမှုတွေကို တိုက်ရိုက် ထိခိုက်စေတာ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လိုသူများရဲ့ အကူအညီ ရယူပိုင်ခွင့်နဲ့ ဆန္ဒထုတ်ဖော်မှုကို ထိခိုက်စေတာ အပါအဝင် အဆိုပြုထားတဲ့ ပြစ်ဒဏ်မှာလည်း မူရင်းဥပဒေပါ အမြင့်ဆုံး ပြစ်ဒဏ်ထက် ပိုမိုနေတာတွေကြောင့် နယ်ပယ် အသီးသီးက ကန့်ကွက်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီဥပဒေကြမ်းသာ အတည်ဖြစ်သွားခဲ့ရင် အုပ်ချုပ်သူ အာဏာပိုင်များဘက်က ပြည်သူလူထုအပေါ် လိုသလို ဖိနှိပ်တရားစွဲဆိုနိုင်တဲ့ အခွင့်အရေး ရရှိသွားမည်ဆိုပါက လူတစ်ဦးချင်းစီရဲ့ ဒီမိုကရေစီ အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်သွားနိုင်ကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိနေခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ပြည်သူ့အသံတွေကို ဝေဖန်ဆန်းစစ်ခြင်း မပြုတော့ဘဲ လွှတ်တော်အတွင်းက အင်အားကြီးပါတီကြီးတစ်ခုရဲ့ ထောက်ခံမဲ ရလဒ်တစ်ခုတည်းနဲ့သာ ယခင်အတိုင်း အတည်ပြုသွားခဲ့တာကိုလည်း သိခဲ့ကြပြီးဖြစ်မှာပါ။ ဒီလို ဖြည့်စွက်ပြဋ္ဌာန်းထားခြင်းဟာ ဥပဒေကို လိုက်နာမယ့် နိုင်ငံသားတွေအပေါ် မည်သို့မှ အကျိုးထူးရရှိမှု မရှိဘူးလို့ ထင်မြင်ယူဆကြတာ၊ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကပင် ကုန်ကျခံသည်ဖြစ်စေ၊ အဓိကမှာ ပြည်သူ့ဆန္ဒ ထုတ်ဖော်လိုမှုအတွက် ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုမှုကသာ အရေးကြီးတာ၊ ဒီအတွက် ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းခြင်းမပြုဘဲ မူလဥပဒေအတိုင်းသာ ထားရှိသင့်တာ၊ ဥပဒေကြမ်းမှာ အသစ်ဖြည့်စွက်ပြဋ္ဌာန်းမယ့် ပုဒ်မ ၁၈ ကလည်း မည်သူမဆို ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် သုံးနှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားခြင်းဟာ အဆိုပါ ပြဋ္ဌာန်းချက် ပုဒ်မ ၁၈ အရ ပြစ်မှုကျူးလွန်ပါက ကုန်ကျခံမည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုပါ အရေးယူမည့် အခြေအနေဖြစ်ပြီး လျင်မြန်စွာ တုံ့ပြန် အရေးယူနိုင်ရန်အတွက် ကြိုတင်စီစဉ်ထားသည့်သဘော သက်ရောက်နေတာကြောင့် ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းဆိုတဲ့ စကားရပ်ကို အစားထိုး ပြင်ဆင်ပြဋ္ဌာန်းခြင်း မပြုသင့်တာတွေကိုလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ဆွေးနွေးခဲ့တာကိုလည်း ကြားခဲ့ရပါသေးတယ်။ ပြည်သူ့လွှတ်တော်ဘက်မှာလုပ်နေတဲ့ အစီအစဉ်အရဆိုရင် ယခုလာမယ့်ရက်အတွင်းမှာပဲ လွှတ်တော်ကိုယ်စားလှယ်တွေက ပြန်လည် ဆွေးနွေးကြရဦးမှာပါ။ ဒီလိုဆွေးနွေးကြတဲ့အခါမှာလည်း ဘယ်လို ဘယ်ပုံ ကန့်ကွယ်ကြဦးမယ်၊ ဘယ်လိုမဲရလဒ်တွေနဲ့ ဆုံးဖြတ်ကြဦးမလဲ ဆိုတာကိုလည်း ကျွန်တော်တို့ပြည်သူတွေက စောင့်ကြည့်လေ့လာ အကဲခတ်ကြရဦးမှာ ဖြစ်ပါတယ်။

နောက် လွှတ်တော်အတွင်း ဆွေးနွေးမှု ပြင်းထန်နေတဲ့အကြောင်း အရာတစ်ခုကတော့ ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ စတင်တင်သွင်းခဲ့တဲ့ အခွန်အကောက် ဥပဒေကြမ်းထဲမှာ ဒီနှစ်မှ အသစ်ပါဝင်လာတဲ့ ပုဒ်မ ၂၅ ကိစ္စပါ။ ဒီဥပဒေကြမ်းအပေါ် ပြည်ထောင်စု အစိုးရဘက်က လျာထားရေးဆွဲလာတဲ့အတိုင်း အခြေခံပြီး အမျိုးအစား သုံးခုနဲ့ခွဲကာ ပြဋ္ဌာန်းပေးဖို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီကတော့ သူ့ရဲ့အစီရင်ခံစာမှာ ဖော်ပြပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ တင်သွင်းသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီအပေါ် လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးတို့က မတ်လ ၈ ရက်နေ့က ဆွေးနွေးကြတဲ့အခါ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးတို့ကတော့ ဒီပုဒ်မကိုပယ်ဖျက်ပြီး အထူးအစီအစဉ်နဲ့ အခွန်သက်သာခွင့်ပြုမယ်ဆိုရင် ဥပဒေတစ်ခု သီးခြားရေးဆွဲသင့်တယ်လို့ လွှတ်တော်ကို တင်ပြခဲ့ကြပါတယ်။ ကျန်သူတွေကတော့ အမျိုးအစား နှစ်မျိုးပဲ ခွဲသင့်တာတွေနဲ့ အခြားအမျိုးအစားတွေကိုလည်း ထည့်သွင်းသင့်တာတွေ ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒီအပေါ် ပြည်ထောင်စုလွှတ်တော်နာယကကတော့ ဒီလိုဆွေးနွေးချက်တွေအပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ပြင်ပက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပြန်လည် ဆွေးနွေးသုံးသပ်ပြီး ပြည်သူတွေရဲ့အကြံပြုချက်တွေပေါင်းလို့ လိုအပ်ပါက လွှတ်တော်ကို အစီရင်ခံစာ ထပ်မံ တင်သွင်းစေဖို့ ပြောကြားခဲ့တာကိုလည်း ကြားပြီးသားဖြစ်ကြမှာပါ။

ဒီအတွက် ဒီရက်ပိုင်းတွေမှာတော့ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အစည်းအဝေးတွေ ဆက်တိုက်ပြုလုပ်မယ့်သတင်းတွေလည်း အဆိုပါဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖိတ်ကြားထားခဲ့တာ တွေ့ရပါတယ်။ ဒီလိုဆွေးနွေးကြတဲ့အခါ ဒီလိုပြည်သူ အများ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ဒီပုဒ် ၂၅ က အထူးအစီအစဉ်နဲ့ အခွန်ကင်းလွတ်သက်သာခွင့်ပြုခြင်းဆိုတဲ့ကိစ္စဟာ ဘယ်လို ဘယ်ပုံ ပြောင်းလဲသွားလေမလဲ၊ ဒါမှမဟုတ် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ မူလအဆိုပြုချက်အတိုင်းပဲ များရာမဲနဲ့ ဆုံးဖြတ် အတည်ပြုသွားဦးမှာလား ဆိုတာကိုလည်း ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ကြရပါဦးမယ်။

ဒီအတွက် နိဂုံးချုပ်အနေနဲ့သုံးသပ်ကြည့်ကြရရင် ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်း ဇန်နဝါရီလ ၁၅ ရက်နေ့ကစတင်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်တွေရဲ့အစည်းအဝေးကျင်းပမှုကာလကလည်း နှစ်စဉ် နှစ်တိုင်း ပြုလုပ်နေကျအတိုင်းဆိုရင် မကြာမီ ပြီးဆုံးသွားတော့မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့လည်း ပြီးဆုံးခါနီးအချိန်မှ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ဒီဥပဒေကြမ်းနှစ်ခုအတွက်လည်း သူတို့လွှတ်တော်အတွင်းမှာ ခေါင်းခဲ နေကြရမှာ အမှန်ပါပဲ။

ပြည်သူ့အသံကို နားစွင့်ပြီး ပြည်သူတွေရဲ့လိုလားချက်ကို အကောင် အထည်ဖော်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်နဲ့ ကော်မတီတွေကပဲ စပြီးရေးဆွဲပြီး တင်လာသလား၊ အစိုးရအုပ်ချုပ်ရေးအဖွဲ့ရဲ့ လိုလားချက်ကြောင့် ရေးဆွဲပြီး တင်လာသလား မခွဲခြားနိုင်တဲ့ ဒီဥပဒေကြမ်း နှစ်ရပ်ဟာလည်း မကြာမီရက်တွေမှာတော့ အတည်ပြု ဆုံးဖြတ်ကြရခြင်းနဲ့အတူ အတည်ပြု ပြဋ္ဌာန်းပေးကြရတော့မှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေပြုရေးလုပ်ငန်းစဉ်ပါ အပြန်အလှန်ထိန်းကျောင်းခြင်း သဘောတရား (Check and Balance in Law Making Process) တွေအရဆိုရင် ငြိမ်းစုစီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ဘက်မှာလည်း အလားတူ ပြန်လည် ဆွေးနွေးကြရဦးမှာတွေ၊ အမျိုးသားလွှတ်တော်ဘက်က ရေးဆွဲအတည်ပြုခဲ့တဲ့ အချက်တွေအပေါ် ပြည်သူ့လွှတ်တော်ဘက်မှာ ပြန်လည်ဆုံးဖြတ် အတည်ပြုကြရဦးမှာတွေ၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲ ဆုံးဖြတ်ခဲ့ရင် အဲ့ဒီကွဲလွဲချက်ကို ပြည်ထောင်စုလွှတ်တော်အတွင်းမှာ ပြန်လည် အစီရင်ခံ၊ ဆွေးနွေး၊ ဆုံးဖြတ် အတည်ပြုကြရဦးမယ့်အချိန်တွေတော့ ကျန်ရှိနေသေးသလို အခွန်အကောက် ဥပဒေကြမ်းထဲက ပုဒ်မ ၂၅ အတွက်လည်း ဆွေးနွေးညှိနှိုင်းကြရဦးမယ့်အချိန်တွေ ရှိနေပါသေးတယ်။ ဒီအတွက် ကျွန်တော်တို့ပြည်သူတွေအပိုင်းကလည်း အကြံပြုသင့်တာ၊ တိုက်တွန်းသင့်တာတွေကို ဆက်လက်လုပ်ဆောင်ကြဖို့ အခွင့်အရေး ရှိနေပါသေးကြောင်းနဲ့ ပြည်သူ့အသံကို လွှတ်တော်တွေဘက်ကလည်း နားစိုက်ထောင်ပြီး ပြည်သူ့ဆန္ဒတွေကို အကောင်အထည် ဖော်နိုင်ကြပါစေကြောင်း စိတ်ကောင်းစေတနာနဲ့ ရေးသားတင်ပြလိုက်ရပါတယ်။

အောင်ဇေယျ