News

POST TYPE

PERSPECTIVE

တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် အလွတ်ကျက်ပညာရေးကို တစ်စုံတစ်ရာ ရွေ့စေခြင်း
14-Mar-2018
အလွတ်ကျက်စနစ်ကို အခြေပြုခဲ့ရတဲ့ ၂၀၁၇-၁၈ ပညာသင်နှစ်ဆိုင်ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ ၂၀၁၈ မတ်လလယ်မှာ ပြီးဆုံးပါမယ်။ စာမေးပွဲစနစ်ကို အပြောင်းအလဲ မလုပ်နိုင်သေးပါ။ လက်ရှိ ပညာရေးအခက်အခဲများကို NLD အစိုးရကထုတ်ပြန်တဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အနှစ်ချုပ်စာအုပ် စာမျက်နှာ ၁၇-၂၁ အခန်း ၆ လက်ရှိပညာရေးစနစ်၏ အဓိကစိန်ခေါ်မူများခေါင်းစဉ်နဲ့ ဖော်ပြထားတယ်။ စိန်ခေါ်မှုနယ်ပယ် ၉ ခုအနက် စိန်ခေါ်မှုနယ်ပယ် ၄ ပညာရည် စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲများကျင်းပခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီလိုဖော်ပြတယ်။ “သင်ကြားမှု သင်ယူမှု စစ်ဆေးမှုတို့တွင် အလွတ်ကျက်မှတ်ဖြေဆိုမှုအပေါ် အလေးပေးနေသော လက်ရှိ အခြေအနေသည် သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း (Formative Assessment) နှင့် သင်ယူအပြီး စစ်ဆေးအကဲဖြတ်ခြင်း (Summative Assessment) နှစ်မျိုးကို မျှတစွာ ပေါင်းစပ်ကျင့်သုံးသော စနစ်တစ်ရပ် ချမှတ်ရန် အရေးတကြီး လိုအပ်နေကြောင်းကို ထင်ရှားစွာပြသနေပါသည်” 

နှစ်စဉ်ဖော်ပြနေကြလို ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို ဘာသာရပ် ၉ ခုအတွက် ပါမောက္ခများက ကြေးမုံသတင်းစာမှာ ဖေဖော်ဝါရီလ ၁-၉ ရက်ထိ ဖော်ပြခဲ့ပါတယ်။ ဒီလမ်းညွှန်ချက်များကိုလည်းကောင်း၊ နှစ်စဉ်ဖြေဆိုနေကျ မေးခွန်းများကိုလည်းကောင်း၊ ပြဋ္ဌာန်းစာအုပ်များကိုလည်းကောင်း လေ့လာကြည့်တဲ့အခါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းဟာ အလွတ်ကျက်စနစ် ဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာ စဉ်းစားလို့ရပါတယ်။ ဝိဇ္ဇာ သိပ္ပံ ဘာသာအားလုံးအတွက် မေးခွန်းများအားလုံးဟာ အချက်အလက် Facts တွေကို အားပြုမေးထားကြပါတယ်။ အချက်အလက်ပေါ် အခြေခံပြီးဖြစ်ပေါ်လာတဲ့ ထင်မြင်ယူဆချက် Opinion အတွေးအခေါ် Thought တို့ကို မေးတာ နည်းပါးနေပါတယ်။ ဘာကြောင့်ပါလဲ။

အချက်အလက်တွေဟာ သင်ရတာလွယ်ကူသလို သင်တဲ့ဆရာက မတတ်လည်း သင်လို့ရလို့ပါ။ ထင်မြင်ယူဆချက်ဆိုတာ သင်ဖို့မလွယ်သလို တကယ်တတ်ရင်တောင် သင်ဖို့ မေးဖို့ ဆွေးနွေးဖို့ဆိုတာ အချိန်ပေးရသလို အတိုင်းအတာ တစ်စုံတစ်ခုထိ ခက်ခဲနေလို့ပါပဲ။ ဒီနေရာမှာ ပညာရေးဌာနအနေနဲ့ သင်နိုင်တဲ့ဆရာ ဘယ်လောက် ရှားပါးခက်ခဲတယ်ဆိုတာကို အထူးပြောဖို့ လိုမယ်မထင်ပါ။ ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသလို ဆရာကိုယ်တိုင် မတတ်ရတဲ့ထဲမှာ မြန်မာစာ၊ ဘောဂဗေဒမှတစ်ပါး ကျန်ဘာသာစုံကို အင်္ဂလိပ်လို သင်လိုက်တော့ အင်္ဂလိပ်စာမတတ်တဲ့ဒုက္ခပါ ပိုမိုဖိစီးလာပါတယ်။ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ ပြောစရာဖြစ်လာတာက ၂၀၁၈ အင်္ဂလိပ် စာမေးခွန်းဟာ ခန့်မှန်းတာထက် နည်းနည်းပိုခက်သွားတဲ့အခါ ကျောင်းသား အများစု မဖြေနိုင်ကြဘူး။ အင်္ဂလိပ်စာဆိုတာ Language တစ်ခုသာဖြစ်ပါတယ်။ အင်္ဂလိပ်စာကိုလည်း မေးခွန်းပုံစံအကွက်ရိုက် အမှတ်ပေးစည်းမျဉ်းနဲ့ ကိုက်တယ်ဆိုတာ တော်တော်သဘာဝမကျတဲ့အတွက် ဒီနှစ်မှာ သင်ခန်းစာတစ်ခု ဖြစ်လာပါတယ်။ ဘာသာစုံကို အင်္ဂလိပ်လိုသင်ပြီး အင်္ဂလိပ်စာမတတ်တဲ့ အခြေအနေဖြစ်နေတာပါ။

ပညာရေးဌာနဟာ ဒီပြဿနာကြီးကို ရင်ခွင်ပိုက်ပြီး ဖြတ်သန်းခဲ့တာ ဆယ်စုနှစ် ၃ ခုလောက်ရှိပါမယ်။ ဆရာတွေကို Training ပေးဖို့ အနည်းဆုံး ၁၀ နှစ်နဲ့ရပါ့မလား။ ဒီကြားထဲ အင်္ဂလိပ်စာ အခက်အခဲကို ဖြေရှင်းဖို့ ပြဋ္ဌာန်းစာအုပ်များကို မြန်မာဘာသာ သို့မဟုတ် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာ ပြန်ဆိုသင်ကြားပေးမယ် ဆိုရင်တောင် ပညာရေးဌာနဟာ ၃-၅ နှစ် အနည်းဆုံးပြင်ဆင်ရပါမယ်။ လက်ရှိမေးခွန်းပုံစံကို အလွတ်ကျက်မှသည် အတွေးအခေါ်ထည့်မေးတဲ့စနစ်ကို ပြောင်းဖို့ကိစ္စဟာလည်း ဆရာတွေကို အရည်အသွေးမြှင့်ခြင်းနှင့် ပြိုင်တူ ခက်ခဲစွာဖြတ် ကျော်ရမှာပါ။ ပြဋ္ဌာန်းစာအုပ် သင်ရိုးညွှန်းတမ်းတို့ကို ပြုပြင်ပြောင်းလဲရေးကတော့ မစဉ်းစားရဲပါဘူး။

ဒီပြဿနာတွေအားလုံးရဲ့ ရင်းမြစ်က ဘာလဲဆိုတော့ ၁၉၈၈-၁၉၉၈ ၁၀ နှစ်တာကာလဟာ မြန်မာပြည် ပညာရေးအမှောင်ခေတ် (Dark Age of Education) ကျရောက်ခဲ့လို့ပါပဲ။ မူလတန်းကစပြီး တက္ကသိုလ် မဟာတန်းများအထိ စာမေးပွဲခန်းထဲမှာ ခိုးပဲချချ စာအုပ်ယူပြီးပဲ ကူးရေးရေး၊ ကျောင်းမတက်ဘဲ အပျော်အပါးတွေ ဘာတွေဖြစ်နေနေ တက္ကသိုလ်မှာ ၃ လ တစ်တန်း တင်ပေးလိုပေး အအောင်ပေးခဲ့ရတဲ့ အခြေအနေဟာ မကြုံစဖူး ဒုတိယကမ္ဘာစစ်ကာလထက် ပိုမိုဆိုးဝါးတဲ့ ပညာရေးပြတ်တောက်မှု ဖြစ်ပေါ်လာစေပါတယ်။ ၁၉၈၈-၁၉၉၈ ကာလ ၁၀ နှစ်နီးပါး အမှောင်ခေတ်ရဲ့ ရိုက်ခတ်မှုဟာ ထိုစဉ်ကာလကလူငယ်များ အရွယ်ရောက်ချိန်လောက်အချိန်မှာ ပညာရေးလောကကိုတော့ အကြီးအကျယ် ရိုက်ခတ်ပါတော့တယ်။ အရည်အချင်းမပြည့်မီတဲ့ ဆရာများစွာတို့ ပေါ်ထွက်လာစေပါတယ်။ 

တပ်မတော်အစိုးရလက်ထက်မှာ ပညာရေးပြုပြင်မှုအဖြစ် မဟာတန်းများ၊ ပါရဂူတန်းများ တိုးချဲ့သင်စေခြင်းဟာ ရေသေကို ရေရှင်အဖြစ် စဉ်ဆက်မပြတ် လေ့လာဆည်းပူးစေခြင်း သဘောဆောင်ပါတယ်။ ဘီအီးဘွဲ့ရ တစ်ယောက်ကို ၁၀ တန်းလောက် အရည်အချင်းမရှိလို့ ဘီအီးကို ပြန်တက်စေဆိုရင် တက်သူရှိတော့မှာ မဟုတ်ပါ။ ဒီတော့ မဟာတန်း၊ ပါရဂူတန်း ဆက်တက်စေခြင်း သဘောထားဖြစ်ပါမယ်။ ဒေါက်တာဘွဲ့များ အရည်အချင်း မမီတာကို ပြည့်မီအောင် ကြိုးစားရမှာပါ။ ၂၀၁၀ ပြည်ခိုင်ဖြိုးအရပ်သား အစိုးရလက်ထက်မှာ တက္ကသိုလ်များစွာဆောက်ခြင်း၊ International High School များ ခွင့်ပြုခြင်းတို့လုပ်တယ်။ ၂၀၁၆ NLD အစိုးရလက်ထက်မှာ သူငယ်တန်းကစပြီး ၅ တန်းအထိကို နိုင်ငံတကာသင်ကြားမှုပုံစံနဲ့ သင်ပေးခြင်း၊ ဆရာများစွာမွေးထုတ်ခြင်းတို့ လုပ်လာပါတယ်။ ဒီအကျိုးဆက်များကိုတော့ ၂၀၂၅ နောက်ပိုင်းမှ စတင်ခံစားရပါမယ်။

အလွတ်ကျက်ခြင်းကိစ္စနဲ့ ပတ်သက်လို့ လုပ်သက် ၁၀ နှစ်ကျော် ဓာတုဗေဒဆရာမတစ်ဦးကို ဆွေးနွေးတော့ “ကျွန်မတို့မြို့မှာ ကျွန်မသင်တဲ့ ဓာတုဗေဒဘာသာမှာပဲ ကျူရှင်နဲ့ဝိုင်းက ၅ ခုထက် မနည်းရှိပါတယ်။ ကျွန်မအတန်းထဲမှာ ခေါင်းစဉ်တစ်ခု သင်မယ်ဆိုရင် ကလေးတစ်ဦးချင်းဟာ ဒီခေါင်းစဉ်ကိုပဲ ကျူရှင် (သို့မဟုတ်) ဝိုင်း ၂ နေရာလောက်တော့ သင်ပြီး တက်ပြီးနေကြပါပြီ။ သဘောကတော့ ဒီခေါင်းစဉ်ကို ၂ ကြိမ်လောက် သင်ဖူးပြီးသားဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဘာ့ကြောင့် တစ်ခုမက တက်ရလဲဆိုတော့ ဘယ်နေရာမှာသင်တာက ကျက်လို့ပိုလွယ်လဲ မေးခွန်းပုံစံနဲ့ပိုပြီး ကွက်တိဝင်လားဆိုတာ ရွေးဖို့တစ်ခုမက တက်ရတယ် တက်ကြတယ်။ ကျောင်းမှာသင်တဲ့အခါ ကျက်ရလွယ်အောင် သဘောတရားကို ရှင်းပြမယ်လို့ ဆရာမအနေနဲ့ပြောရင် ကလေးတိုင်းက စာမေးပွဲမှာ ရှင်းပြတာတွေက ပါမှာမဟုတ်ဘူး၊ မမေးတဲ့အတွက် ရှင်းပြနေတာကို နားမထောင်ချင်တော့ ဘူး။ ကလေးက မြန်မြန်ကျက် Course မြန်မြန်ကုန် အမှတ်များများရပြီးရင် မေ့ပစ်လိုက်မှာ၊ ဒီတော့ ကျောင်းမှာ နားလည်အောင်ရှင်းပြနေရင် ဘာပြောလာလဲဆိုတော့ ကျောင်းခေါ်ချိန်ပြည့်မီအောင် သူတို့ ဘယ်တော့လောက်အထိ ကျောင်းတက်လိုက်ရင် လုံလောက်ပြီလဲတဲ့၊ ဆိုလိုတာက ကျောင်းပျက်လို့ ရပြီလားလို့ မေးတာဖြစ်ပါတယ်”လို့ ဆရာက ပြောပြပါတယ်။ ကျောင်းသင်တာထက် ကျူရှင်နဲ့ဝိုင်းက ပိုမိုအရေးပါလို့ပါပဲ။ 

အချို့ကလေးတွေမှာ ထူးခြားတဲ့ ကိုယ်ပိုင်အရည်အချင်းအချို့ ရလာပါတယ်။ နားမလည်ပေမယ့် လိုအပ်ရင် ပြေးပြေးလွှားလွှား အလွတ်ကျက် နိုင်စွမ်းရှိကြပြီး သိပ်မကြာမီ မေ့ပစ်လို့ရတဲ့ အရည်အချင်းဖြစ်ပါတယ်။ ကျက်အားမသန်ပေမယ့် တွေးတောတတ်သူ ကလေးအချို့ကတော့ စိတ်ဓာတ်ကျလာပါတယ်။ ကျက်အား တွေးအား နှစ်မျိုးလုံးမသန်သူတွေကတော့ ပညာသင်ကြားရေး ဝန်ထုပ်ဝန်ပိုးဟာ နာကြည်းစရာဖြစ်လာပါတယ်။ 

၂၀၁၇ အောက်တိုဘာလ ၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖျာပုံ၊ ဒေးဒရဲနှင့် ကော့မှူးမြို့နယ်ကျောင်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကြည့်ရှုစစ်ဆေးရင်း ပြောကြားခဲ့တာက နိုင်ငံတကာအဆင့်မီ အခြေခံပညာရေးအတွက် မူလတန်းသင်ရိုးညွန်းတမ်း ပြဋ္ဌာန်းစာအုပ် ဆရာလမ်းညွှန်တို့ကို ဂျပန်နှင့်ပူးပေါင်းလုပ်ကိုင်ကာ ၂၀၁၆-၁၇ မှာ သူငယ်တန်းအတွက် ပြီးစီးခဲ့သလို ၂၀၁၇-၁၈ မှာ ပထမတန်းအတွက် ပြီးစီးခဲ့ကြောင်း၊ အလယ်တန်း၊ အထက်တန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) နှင့် ဥရောပသမဂ္ဂ (အီးယူ) တို့နှင့် ပူးပေါင်းရေးဆွဲနေတာ ၂၀၂၁-၂၂ မှာ ၁၂ တန်း သင်ရိုးညွှန်းတမ်းသစ်များ ထွက်ပေါ်လာမယ်။ ကျောင်းသားဗဟိုပြုသင်ကြားရေးကို ဦးတည်ကာ စဉ်းစားဝေဖန်ပိုင်းခြား စွမ်းရည်၊ တီထွင်ဖန်တီးစွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်စွမ်းရည်တို့ကိုသုံးကာ လေ့လာဖို့နဲ့ အလွတ်ကျက်မှတ် သင်ကြားနည်းမှ စဉ်းစားတွေးခေါ်မူ ပိုမိုအားကောင်းစေမယ့်နည်းတို့ ဖြစ်ထွန်းလာအောင် ပြုပြင်နေကြောင်း၊ တစ်ချိန်တည်းမှာပဲ အားကစား၊ ပန်းချီ၊ ဂီတ၊ အနုပညာ စသည်တို့ကိုပါ ဖြည့်ဆည်းဖို့ အရေးကြီးကြောင်း ဝန်ကြီးက ပြောခဲ့ပါတယ်။ 

ဒါပေမဲ့ ဝန်ကြီးပြောသလို ၂၀၂၁ မှာ တက္ကသိုလ်ဝင်တန်းအတွက် မေးခွန်းပုံစံပြောင်း၊ ပြဋ္ဌာန်းစာအုပ်ပြောင်းဆိုတဲ့ ကိစ္စဟာ ၂-၃ နှစ်သာလိုတော့တာမို့ လက်တွေ့နဲ့ အလှမ်းဝေးနေဆဲပါ။ မဖြစ်နိုင်ဘူးလို့ပြောရတော့မှာပါ။ ၂၀၂၅ နောက်ပိုင်းမှာသာ စဉ်းစားလို့ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လောလောဆယ် လုပ်နိုင်တာလုပ်ဖို့ လွယ်ကူတာ ၂ ခုလောက် တင်ပြလိုပါတယ်။

ပထမအချက်က တက္ကသိုလ်ဝင်ခွင့်ကို ၁၀ တန်းအမှတ်နဲ့သာမက အခြားစာမေးပွဲများ IGCSE or GED အမှတ်များနဲ့လည်း နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တက်ခွင့် လုပ်နည်းများအတိုင်း လက်ခံပေးဖို့ဖြစ်ပါတယ်။ လိုအပ်ရင် ဒီလိုကလေးကို မြန်မာစာနှင့် စိတ်ကြိုက်မြန်မာစာပါ ယူခိုင်းလို့ရပါသေးတယ်။ ဒီလိုလုပ်မယ်ဆိုရင် International School တွေထဲမှာ ဈေးပေါပေါ အရည်အချင်းမနိမ့်တဲ့ အန်ဂျီအိုဆန်ဆန်ဖွင့်မယ့် ကျောင်းတွေ ပြည်ပကရော ပြည်တွင်းကပါ ဖွင့်လာနိုင်ပါမယ်။ ဆယ်တန်း အမှတ်ဖြစ်စေ၊ IGCSE or GED စသည်တို့ဖြစ်စေ တက်ခွင့်ရတယ်ဆိုရင် အလွတ်မကျက်နိုင်သူကို တခြားစာမေးပွဲတစ်ခုပေးဖြေပြီး အခွင့်အလမ်းရစေမှာဖြစ်ပါတယ်။ ဒါဟာ မခက်ခဲပဲ လုပ်လို့ရမယ့်နည်းလမ်းတစ်ခုပါ။ ထိုင်းနိုင်ငံမှာဆိုရင် Assumption University တက်ဖို့ IGCSE or GED တစ်ခုခုကို လက်ခံပါတယ်။ 

ဒုတိယအချက်ကတော့ ပညာရေးဌာနအနေနဲ့ ပေါ်လစီကိစ္စဖြစ်လို့ လက်ခံစဉ်းစားဖို့ ခက်ခဲနေပါမယ်။ ဥပမာ ဆိုရှယ်လစ်ခေတ်က စက်ရုံကြီးများ (ဥပမာ-စစ်တောင်းစက္ကူစက်) တို့ကို နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင် လွှဲပေးခြင်းဖြင့် အရှုံးပေါ်နေတဲ့ စီးပွားရေးကို ပြုပြင်ပါတယ်။ အ.ထ.က ကျောင်းတွေကိုလည်း ဒီနည်းတူ ဗဟိုချုပ်ကိုင်မူကိုလျှော့ချကာ ကျောင်းဆရာများ၊ မိဘဆရာအသင်း၊ စီးပွားရေးလုပ်ငန်းရှင်အချို့ စသည်တို့ပူးပေါင်းကာ အဖွဲ့တာဝန်ယူ ကိုယ်ပိုင်ကျောင်းဆန်ဆန် ခွင့်ပြုစေချင်ပါတယ်။ ဒါမှသာ ကျူရှင်များကို ယှဉ်ပြိုင်သင်ကြားစေပြီး ဆရာများကို လစာတိုးပေးရေး၊ တတ်နိုင်သူ ကျောင်းသားကို လခပိုကောက်ပြီး အပြင်ကျူရှင်ယူစရာမလိုအောင် ကျူရှင်နှင့် ဝိုင်းတို့သင်သလို သင်နိုင်ဖို့ လုပ်ကြည့်မယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာ စဉ်းစားစရာတစ်ခုအဖြစ် တင်ပြပါတယ်။ ဖြစ်နိုင်ပါရင် မြို့နယ်အချို့မှာ စမ်းသပ်လုပ်ကိုင်ကြည့်သင့်ပါတယ်။ ပညာရေးဌာနအနေနဲ့ လိုအပ်ပါက အန်ဂျီအိုအချို့ကိုလည်း အကူအညီ တောင်းခံနိုင်ပါမယ်။ ဒါဟာလည်း ပညာရေးဌာနအနေနဲ့ ခက်ခဲမှာမဟုတ်ပါဘူး။ ဗျူရိုကရေစီနဲ့ ကြိုးနီစနစ်များတဲ့ ပညာရေးဌာနကိုလည်း ပြုပြင်ပြောင်းလဲမှုတံခါးကို စခေါက်လိုက်သလို ဖြစ်သွားမယ်လို့ ယူဆပါတယ်။ ပညာရေးဝန်ကြီးပြောသလို ၂၂၁ မှာ တက္ကသိုလ်ဝင်တန်းအတွက် စနစ်သစ်မစနိုင်ဘူးဆိုရင် ယခုတင်ပြတဲ့အချက်များဟာ ဆေးမြီးတိုမဟုတ် ရေတိုရေရှည်အတွက် အထောက်အကူရမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

တင်ဝင်းသိန်း (RIT ၁၉၇၇)၊ အောင်ကျော်စိုး(RIT ၁၉၈၀)