News

POST TYPE

PERSPECTIVE

စိတ်ကျန်းမာရေးဆေးရုံကြီးမှ ကထိက ဒေါက်တာသက်ဇော်နှင့် တွေ့ဆုံခြင်း


အရက်နှင့်ဆက်စပ်သော စိတ်ကျန်းမာရေး

“အရက်ဖြတ်ချင်တဲ့သူဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်မဟုတ်ရင် ဆေးရုံ၊ ဆေးခန်းမှာ ဖြတ်တာက အကောင်းဆုံးပါပဲ။ တုံးတိကြီးဖြတ်ရင် အန္တရာယ်များတယ်”

ပြောင်းလဲလာသော လူနေမှုစရိုက်များအရ အရက်သောက်သုံးခြင်း ပိုမိုများပြားလာကာ ယခုနောက်ပိုင်း ညပိုင်း၌ အရက်၊ ဘီယာဆိုင်ထိုင်ခြင်းသည် ယဉ်ကျေးမှုတစ်ခုသဖွယ် ဖြစ်လာသည်။ ယင်းသို့သောက်သုံးခြင်းမှ အရက်စွဲခြင်းအပြင် အရက်နှင့်ဆက်စပ်သော စိတ်ကျန်းမာရေးပြဿနာများကိုပါ ကြုံတွေ့လာနိုင်သဖြင့် ထိုအကြောင်းအရာများနှင့် ပတ်သက်သည်များကို သတိပြုနိုင်စေရန်အတွက် စိတ်ကျန်းမာရေးဆေးရုံကြီးမှ ကထိက ဒေါက်တာသက်ဇော်နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အရက်သောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ကျန်းမာရေး အခြေအနေတွေကို ပြောပြပေးပါဦး။
Dr.TZ : အရက်ကို စိတ်ကျန်းမာရေးနဲ့ ဆက်စပ်ပြောရရင် အရက်သောက်လို့ စိတ်ကျန်းမာရေးဖြစ်နိုင်သလို စိတ်ကျန်းမာရေး ပြဿနာတွေကြောင့်လည်း အရက်သောက်မိတယ်။ ဒီနှစ်မျိုးကတွဲနေတော့ ခွဲရခက်တာတွေလည်း ရှိတယ်။

Voice : ဟုတ်ကဲ့။ ဒီအကြောင်းအရင်းနှစ်ခုကို ရှင်းပြပေးပါဦး။
Dr.TZ : တချို့က စိုးရိမ်စိတ်များတဲ့သူတွေ ရှိတယ်။ ဥပမာ - ယောက္ခမနဲ့ စကားပြောဖို့ မပြောရဲလို့ သူငယ်ချင်းတွေက အရက်နည်းနည်းလောက် သောက်ကြည့်ဖို့ပြောလို့ သောက်လိုက်တယ်။ သောက်လိုက်တဲ့အချိန်မှာ သတ္တိကောင်းသွားပြီး ပြောရဲဆိုရဲတယ်။ အဲဒီမှာ သဘောကျသွားတယ်။ စိုးရိမ်စိတ်များလာတဲ့ အခြေအနေမျိုးဆိုရင် အရက်ကိုသောက်တတ်တာမျိုးပေါ့။ တချို့ကျတော့ စိတ်ဓာတ်ကျပြီး အိပ်မရဖြစ်လာတာမျိုး၊ မပျော်တော့ဘူးဆိုတဲ့အချိန်မှာ ထွက်ပေါက်အနေနဲ့ အရက်ကိုသောက်ကြတယ်။ သူတို့ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတွေကို ကွယ်ပျောက်ဖို့အတွက် အရက်ကို သုံးလိုက်တာပေါ့။ တချို့ကျတော့ ကြောက်တတ်တဲ့ ရောဂါတွေရှိတယ်။ ဒါတွေကတော့ အရက်ကို သောက်စေတဲ့အကြောင်းအရင်းတွေပေါ့။ ကိုယ့်ရဲ့မိသားစု ပြဿနာ၊ အလုပ်ထဲမှာ ပြဿနာတွေရှိတယ်။ ကျရှုံးမှုတွေရှိတဲ့အတွက် အရက်ကို သွားသောက်မိတာရှိတယ်။ နောက်တစ်ခုက အရက်သောက်တဲ့အတွက် ဖြစ်လာတာတွေက အရက်သောက်ရင်းနဲ့ ဦးနှောက်၊ ခံစားမှုဆိုင်ရာနဲ့ ဟော်မုန်းတွေကိုထိတယ်။ ခံစားချက်ကိုထိန်းတဲ့ ဓာတ်သဘောတွေကိုလည်း အရက်က သက်ရောက်မှုရှိတယ်။ ဒီအတွက် အရက်သောက်တာကြာရင် စိတ်ဓာတ်ကျတာ၊ ကြွတာတွေ ဖြစ်နိုင်တယ်။ စိုးရိမ်စိတ်များတာတွေအပြင် တချို့ဆို စိတ်ဖောက်ပြန်တာတွေအထိ ဖြစ်လာနိုင်တယ်။ နောက်ပြီး မှတ်ဉာဏ်တွေနည်းလာသလို ဦးနှောက်သိမှုဆိုင်ရာတွေ ပျက်ပြီးတော့ အသိစိတ်မဲ့သလိုလည်း ဖြစ်နိုင်တယ်။ ဒါတွေက အရက်သောက်တာကြာရင် ဖြစ်နိုင်တာတွေပေါ့။

Voice : အရက်သောက်တာကြာလာလို့ အရက်စွဲသွားတဲ့သူတွေမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း ပြောပြပေးပါဦး။
Dr.TZ : အရက်သောက်ရင် ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်သလို အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေလည်းရှိတယ်။ အာရုံကြောပိုင်းအနေနဲ့ ဗီတာမင်တွေ နည်းသွားတာ၊ ထုံနာကျဉ်နာ၊ မျက်လုံးဝါးတာ၊ နှလုံးရောဂါနဲ့ အသည်းရောင်တာမျိုးတွေလည်း ဖြစ်လာစေပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာဆိုရင် စိတ်ဓာတ်ကျတာ၊ ကြွတာအပြင် သူတို့မမြင်ရဘဲနဲ့ မြင်ရတယ်ဖြစ်တယ်။ မကြားရဘဲနဲ့ ကြားလာရတယ်။ နောက်ပြီး သူတို့ရဲ့ အမျိုးသမီးအပေါ် သံသယစိတ်တွေဝင်လာပြီးတော့ ဝန်တိုစိတ်တွေ အရမ်းများလာတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ တချို့ဆိုရင် သတ်သေတဲ့အဆင့်ထိ ရောက်သွားတတ်တယ်။

Voice : ဒီလိုလူတွေအနေနဲ့ ဘယ်လိုကုသမှုမျိုးတွေ ခံယူလို့ရနိုင်ပါသလဲ။
Dr.TZ : ကုသမှုအနေနဲ့က အရက်ဖြတ်ချင်တဲ့သူဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်မဟုတ်ရင် ဆေးရုံ၊ ဆေးခန်းမှာဖြတ်တာက အကောင်းဆုံးပါပဲ။ တုံးတိကြီးဖြတ်ရင် အန္တရာယ်များတယ်။ ဦးနှောက်ကို သွားထိခိုက်နိုင်တာတွေ အများကြီးရှိတယ်။ ဒါက ဆေးတွေနဲ့ဖြတ်တာပေါ့။ နောက်ပိုင်းကျတော့ အရက်ကို ဘာကြောင့်စွဲသလဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေပေါ်မူတည်ပြီး ကုသပေးတာရှိတယ်။ ဆေးနဲ့လည်းကုသလို စိတ်ပိုင်းဆိုင်ရာနဲ့ ကုရတာတွေလည်း ရှိပါတယ်။

Voice : အရက်ဖြတ်တဲ့လူနာတွေမှာ ဖြစ်လာနိုင်မယ့် အခြေအနေတွေကို ရှင်းပြပေးပါဦး။
Dr.TZ : အရက်ကို ရုတ်တရက်ဖြတ်လိုက်ရင် ပြဿနာတွေရှိတယ်။ တချို့ဆိုရင် အိပ်မပျော်ဘူး၊ ပျို့တာ၊ အန်တာတွေဖြစ်တယ်။ ကြောက်လန့်တာတွေ ဖြစ်တယ်။ အဲဒီမှာမှ ပိုဆိုးတာက သူတို့က မအိပ်ဘူး။ ဒီတော့ ကြောင်တောင်တောင်တွေ ဖြစ်လာတယ်။ နောက်တစ်ခုက အရက်သောက်တဲ့ကာလအပေါ် မူတည်ပြီးတော့ တက်တတ်တယ်။ တက်တာက အရက်သောက်တဲ့သက်တမ်း ကြာတဲ့သူနဲ့ ပမာဏများများသောက်ပြီး ဖြတ်လိုက်တဲ့သူတွေမှာလည်း ဖြစ်တတ်တယ်။ တစ်နေ့ကို အကြိမ်ရေ များများသောက်တဲ့သူကလည်း တက်ဖို့အတွက် အခွင့်အလမ်းများတယ်။ တက်တာတွေ ခဏခဏဖြစ်လာရင် တခြားသူတွေထက် အတက်ရောဂါဘက်ကို ကူးပြောင်းသွားတဲ့အလားအလာရှိတယ်။ ဒါ့အပြင် အရက်ဖြတ်ရင် အရက်ငန်းဖမ်းရောဂါဖြစ်တယ်။ အဲဒါက အသိစိတ်တွေ လွတ်သွားတယ်။ တောင်ပြေးမြောက်ပြေး ပြေးတယ်။ အရက်ကြောင်တာပေါ့။ ကြာလာရင် ဦးနှောက်ကိုထိပြီး လုံးဝအသိစိတ်ပျောက်သလို ဖြစ်သွားတတ်တယ်။ တချို့က မှတ်ဉာဏ်တွေ လုံးဝပျောက်ပြီး အတိတ်မေ့သလိုဖြစ်တယ်။ သူငယ်ပြန်သလို မှတ်ဉာဏ်လျော့တာလည်း ရှိတယ်။

Voice : အရက်စွဲတဲ့သူတွေရဲ့ လက္ခဏာတွေကရော။
Dr.TZ : တချို့က မသောက်ရရင် မနေနိုင်ဘူး။ သောက်နှုန်းက နဂိုက နှစ်ပက်၊ သုံးပက်လောက်ကနေ တဖြည်းဖြည်းနဲ့ များလာတာ။ အရင်က ညပိုင်းသောက်ရင်းက ကြာလာတော့ သောက်တဲ့အချိန်ကလည်း စိပ်လာတာပေါ့။ သောက်တဲ့သူက ခံနိုင်ရည်ရှိလာတယ်။ မသောက်ရရင် လက်တွေတုန်လာတယ်။ လေတက်တယ်။ သောက်လိုက်ရင်တော့ ဒီလက္ခဏာတွေက ပျောက်သွားတာမျိုး။ အဲဒီလိုလက္ခဏာတွေအပြင်ကို အလုပ်အကိုင်တွေပါ ထိခိုက်လာပြီဆိုရင် အရက်စွဲပြီလို့ ပြောတယ်။

Voice : ဆရာတို့ဆေးရုံမှာရော အရက်ဖြတ်တာနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ပေးနေပါသလဲ။
Dr.TZ : ဆရာတို့ဆေးရုံမှာတော့ အရက်ဖြတ်လို့ သုံးရက်၊ လေးရက်အတွင်းမှာ ပြောင်းလဲမှုတွေ အရမ်းများတယ်။ သူတို့က မိမိကိုယ်ကိုယ်သော်လည်းကောင်း၊ သူများကိုသော်လည်းကောင်း အန္တရာယ်တွေပေးနိုင်တယ်။ သူတို့ရဲ့မျက်စိထဲမှာ မရှိတာတွေ မြင်နိုင်တော့ တခြားလူကို တစ်ခုခုနဲ့ထုလိုက်မယ်၊ သတ်လိုက်မယ်၊ သူတို့ကိုယ်တိုင်လည်း သတ်သေတာတွေရှိတယ်။ ဆေးရုံမှာဖြတ်ရင်တော့ ၁၀ ရက် ထားတယ်။ ပထမ သုံးရက်အတွက် ဆရာတို့က အရက်ဖြတ်တဲ့သူရဲ့ မိသားစုဆီက လူနာစောင့်တောင်းတယ်။ နောက်ရက်တွေမှာတော့ သူ့တစ်ယောက်တည်းပဲ ထားပါတယ်။

Voice : အရက်သောက်တာက နာတာရှည်ရောဂါအပြင် စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ လူထုကို ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။
Dr.TZ : အရက်မဖြတ်နိုင်ရင် ဘေးကင်းစွာသောက်ပါ။ သောက်ရင်လည်း ဖျော်ရည် ဒါမှမဟုတ် ရေတစ်ခုခု ရောသောက်ပါ။ နောက်ပြီး တစ်ကျိုက်တည်းမသောက်ဘဲနဲ့ အချိန်ကြာကြာသောက်ပါ။ သောက်ရင်လည်း ဘယ်လောက်သောက်မယ်ဆိုပြီး စည်းကမ်းနဲ့တော့သောက်ပါ။ အရက်သောက်တဲ့သူတွေကိုဆိုရင် အိမ်တွေက ပစ်ပယ်တာမျိုးမလုပ်ဖို့နဲ့ အရက်သောက်တဲ့သူဆိုရင်ပဲ အကျင့်စာရိတ္တ ပျက်ပြားသလိုမျိုး မလုပ်ပါနဲ့။ သူတို့ကို အားပေးပါ။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်ခဲ့ရင် ဆွေးနွေးပေးပြီးတော့ ဒါက အရက်ကြောင့်ဖြစ်နေပြီလို့ ဖေးဖေးမမရှိရမယ်။ နောက်ပြီး အရက်ဖြတ်ဖို့ အားပေးပါ။ သူတို့က အပြစ်တင်လေ ပိုသောက်လေပဲလေ။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ