News

POST TYPE

PERSPECTIVE

လူထုမျက်နှာ ကြည့်ကြပါ
13-Mar-2018
လက်ရှိလွှတ်တော်များနဲ့ လက်ရှိအစိုးရကို NLD ပါတီက လွှမ်းမိုးထားပါတယ်။ ပြည်သူလူထုရဲ့ တစ်ခဲနက်ထောက်ခံမှုလို့ ပြောရအောင်ကိုပဲ မဲအများစုနဲ့ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်၊ ဥပဒေများကို ရေးဆွဲနိုင်ခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။

တစ်ခါ NLD ပါတီဟာ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် ရဲရဲတောက် တိုက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးမှာ ထိပ်ဆုံးကနေ ဦးဆောင်ပါဝင်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောရမှာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို အများကြီးရရှိထားတဲ့ တစ်ခုတည်းသော နိုင်ငံရေးပါတီလည်း ဖြစ်နေပြန်ပါတယ်။ ဒီတော့ အစိုးရဖြစ်လာတဲ့အခါမှာ၊ တစ်ခါ ဥပဒေများကို ရေးဆွဲခွင့် ပြင်ဆင်ခွင့် ပြဋ္ဌာန်းခွင့် ရရှိလာတဲ့အခါမှာ ဒီမိုကရေစီ ပိုမိုပီပြင်လာရေး ခိုင်မာလာရေးနဲ့ လူ့အခွင့်အရေး အထူးသဖြင့် နိုင်ငံသားတို့ရဲ့ မူလရပိုင်ခွင့် (အခွင့်အရေးများ) ကို အခိုင်အမာရရှိလာရေးတို့အတွက် အားကြိုးမာန်တက် ဆောင်ရွက်တော့မယ်လို့ မျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။

ဒီမျှော်လင့်ချက်နဲ့ပဲ ပြည်သူလူထုဟာ NLD ပါတီရဲ့ လက်ထဲကို တိုင်းပြည်နဲ့ နိုင်ငံသားတို့ရဲ့ ကံကြမ္မာကို ဖန်တီးနိုင်ခွင့်ကို ယုံကြည်စိတ်ချစွာ အပ်နှင်းလိုက်တာပဲဖြစ်ပါတယ်။

သို့သော် အစိုးရသက်တမ်း တစ်ဝက်ကျိုးကာလအတွင်း ချင်းနင်း ဝင်ရောက်လာတဲ့အချိန်အထိ အထူးသဖြင့် နိုင်ငံရဲ့စီးပွားရေးကို တစ်စုံတစ်ရာ တိုးတက်ဖြစ်ထွန်းလာအောင် မစွမ်းဆောင်နိုင်ရုံမက ပြည်သူလူထုဟာ အရင်အစိုးရအဆက်ဆက်က လူနေမှုဘဝအခြေအနေတွေထက် အများကြီး ပိုဆိုးရွားတဲ့ အနေအထားကို ရင်ဆိုင်နေရပြီးတော့ မျှော်လင့်ချက်များတောင်မှ ပျောက်ဆုံးလုလုအခြေအနေကို ရင်ဆိုင်နေကြရပြီဆိုတာ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် အထင်းသားမြင်တွေ့နေရပါတယ်။ အခြေအနေကောင်းမလာရုံမက နဂိုရှိရင်းစွဲအခြေအနေလေးပါ ယုတ်လျော့ ပျက်စီးလာနေတယ်ဆိုတာ မျှော်လင့်ချက်အများကြီးထားခဲ့ကြတဲ့ NLD ပါတီကို ယုံကြည်ကိုးစားခဲ့ကြတဲ့ ပြည်သူလူထုအတွက်တော့ တော်တော့်ကိုပဲ စိတ်မချမ်းမြေ့ဖွယ်ကိစ္စဖြစ်ပါတယ်။ NLD ပါတီအနေနဲ့လည်း ရွေးကောက်ပွဲကာလမှာ လူထုက အဲသလို ယုံကြည်ကိုးစားလာရအောင် ကတိကဝတ်တွေ ပေးခဲ့ကြတာဖြစ်လေတော့ လွတ်လပ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း စတဲ့ လူချင်းတူတူ သူချင်းမျှမျှ အခြေအနေကို မျှော်လင့်တောင့်တနေကြတဲ့ ပြည်သူလူထုက ယုံကြည်အားကိုးစိတ်နဲ့ အလုံးစုံ ပုံအပ်ခဲ့ကြခြင်းကို အပြစ်ရှိတယ်လို့ ဆိုလို့မရနိုင်ပါဘူး။ လူထုဟာ NLD ပါတီအပေါ်မှာ တာဝန် အပြည့်အဝ ကျေပွန်ခဲ့တာဖြစ်ပါတယ်။

NLD ပါတီအနေနဲ့ကတော့ ရွေးကောက်ပွဲလွန်ကာလကနေစပြီးတော့ လူထုအပေါ်တာဝန်ကျေတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပြီလို့ ပြောဆိုဖို့ရာ အင်မတန်မှခက်ခဲပါတယ်။ ရွေးကောက်ပွဲကတိကဝတ်များကိုပါ မေ့မေ့လျော့လျော့ ထားခဲ့ရုံမျှမက မြန်မာလူထုအတွက် လောလောလတ်လတ်ပြဿနာဖြစ်တဲ့ အခြေခံစားဝတ်နေရေး ပြေလည်ရေးကိုလည်း တစ်စုံတစ်ရာ ပံ့ပိုးပေးနိုင်ခြင်းမရှိသေးဘဲနဲ့ မရေရာ မသေချာတဲ့ စီးပွားရေးမူဝါဒတွေနဲ့ အိုးနင်းခွက်နင်းတွေဖြစ်နေတာ တွေ့ရပါတယ်။ ပြည်သူလူထုဟာ အခုဆိုရင် ကူသူကယ်သူမဲ့တဲ့ အနေအထားကိုတောင် ရောက်နေပြီလို့ ပြောရမလားမသိတော့တဲ့ အခြေအနေပါ။ အခွင့်အလမ်းတွေအားလုံး ပျောက်ဆုံးနေပြီး မနက်ဖြန် ဘာဖြစ်လာမလဲဆိုတာတောင် တွေးဆလို့မရနိုင်တော့တဲ့ အခြေအနေဆိုးကို ရင်ဆိုင်ကြုံတွေ့နေရပါပြီ။

စားဝတ်နေရေးအခက်အခဲ၊ အလုပ်အကိုင်အခွင့်အလမ်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့အချိန်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို နံပါတ်တစ်ဦးစားပေးပြီး ကြွေးကြော်ခဲ့တဲ့ပါတီကြီးတစ်ရပ်ကနေပြီးတော့ အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ တန်ဖိုးရှိလှတဲ့ အခွင့်အရေးကို ကန့်သတ်လိုက်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ အဆိုတင်ပြီး NLD ပါတီဝင်ကိုယ်စားလှယ်မဲအများစုနဲ့ အတည်ပြုလိုက်တဲ့အခါမှာ အားလုံးဟာ အံ့အားတသင့် ယူကျုံးမရဖြစ်ကြရပါတော့တယ်။ ဒီဥပဒေကြမ်းကို အဆိုတင်တဲ့အချိန်ကတည်းကစပြီး နယ်ပယ်အသီးသီးက တတ်သိပညာရှင်များနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ ကောင်းကျိုးချမ်းသာကို လိုလားကြသူများက မဖြစ်သင့်တဲ့အကြောင်း ထောက်ပြပြောဆိုမှုတွေ အမြောက်အမြားရှိနေခဲ့ရုံမက ကန့်ကွက်မှုတွေလည်း ရှိနေတဲ့ကြားထဲကနေ အတည်ပြုလိုက်တာဖြစ်ပါတယ်။ 

ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီဘူးရယ်လို့ တော်တော်များများက လက်ခံဖို့ငြင်းဆိုခံခဲ့ရတဲ့ ပြည်တွင်းပြည်ပက ကန့်ကွက်မှုတွေအများကြီးရှိနေတဲ့ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၁၈ မှာ ဒီအခွင့်အရေးကို အာမခံချက်ပေးထားတာဖြစ်ပြီးတော့ လက်ရှိ အမျိုးသားလွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းဟာ အခြေခံဥပဒေပြဋ္ဌာန်းချက်များနဲ့ ဝိရောဓိဖြစ်နေတာကြောင့် ပိုပြီးတော့ တုန်လှုပ်ချောက်ချားခဲ့ရပါတယ်။ ဆိုလိုတာက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် မျှော်လင့်ချက်များပေးခဲ့တဲ့ နိုင်ငံရေးပါတီကြီးက လုပ်ပိုင်ခွင့်များရလာတဲ့အခါမှာ တပ်မတော်က အတင်းအကျပ်ရေးဆွဲပြဋ္ဌာန်းခဲ့လို့ ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီပါဘူးလို့ စွပ်စွဲပြောဆိုခံနေရတဲ့ အခြေခံဥပဒေထဲက လူထုအတွက် ပြဋ္ဌာန်းပေးထားတဲ့ အခွင့်အရေးတွေကို သံပတ်တင်းကန့်သတ်လိုက်ခြင်းဟာ သဘာဝယုတ္တိတရားနဲ့ ကင်းလွတ်နေပြီးတော့ တကယ်မှဟုတ်ရဲ့လားလို့တောင် တုန်လှုပ်ဝမ်းနည်းကြရပါတယ်။

ဒီထက်ပိုဆိုးတာကတော့ အများက မုန်းတီးခံ အပြစ်တင်ခံနေရတဲ့ ဒီမိုကရေစီစံနှုန်းနဲ့မညီပါဘူးလို့ စွပ်စွဲခံနေရတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထုရဲ့ အခြေခံအကျဆုံး အခွင့်အရေးကို မကန့်သတ် မပိတ်ပင်ဖို့ ပြတ်ပြတ်သားသား မဲပေးလိုက်ကြခြင်းက အရပ်ဘက်နိုင်ငံရေးသမားတွေ ဆင်ခြင်စဉ်းစားဖို့ တော်တော်သင့်တဲ့ ကိစ္စဖြစ်ပြီးတော့ တပ်မတော်ဟာ ဒီမိုကရေစီတည်ဆောက်ရေးကို ကန့်လန့်တိုက်ဖို့ စိတ်ကူးမရှိရုံမက အခြေခံဥပဒေကပြဋ္ဌာန်းထားတဲ့အတိုင်း တိတိကျကျ ရပ်တည်ပြီးတော့ လူထုအကျိုးစီးပွားကို ကာကွယ်လိုက်ခြင်းဆိုတဲ့ ဖြစ်ရပ်ပါပဲ။ 

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို မီဒီယာက အဆိုပါဥပဒေကြမ်းကို ကန့်ကွက်မဲပေးရခြင်း အကြောင်းရင်းကိုမေး မြန်းတဲ့အခါမှာ “ပြည်သူလုထုရဲ့ အခြေခံအခွင့်အရေးများကို ကန့်သတ်ခြင်းဖြစ်ရုံမက ဒီမိုကရေစီစံနှုန်းများနဲ့ ဆန့်ကျင်နေတာကြောင့် ဒီဥပဒေကို အတည်မပြုသင့်ဘူး”လို့ ဖြေကြားသွားတာတွေ့ရပါတယ်။ တပ်မတော်နဲ့ အရပ်ဘက်နိုင်ငံရေးလုပ်ဆောင်ချက်က ပြောင်းပြန်ဇောက်ထိုးဖြစ်နေခြင်းကလည်း နောက်ထပ် အံ့ဩဖွယ်ရာတစ်ရပ်ဖြစ်ပါတယ်။ အရပ်ဘက်နိုင်ငံရေး သမားတွေအနေနဲ့က တစ်စုံတစ်ယောက် တစ်စုတစ်ဖွဲ့ကနေ အခြေခံအခွင့်အရေးများကို ထိပါးလာရင်တောင်မှ ကာကွယ်ဟန့်တားဖို့ တာဝန်ရှိပါတယ်။ ပြည်သူလူထုဘက်ကနေ မားမားမတ်မတ် မယိမ်းမယိုင်ရပ်တည်ဖို့ တာဝန်အပြည့်အဝရှိပါတယ်။ ဒါကို မျက်ကွယ်ပြုရုံမက အရပ်ဘက်နိုင်ငံရေးသမားတို့က လူထုရဲ့ အခြေခံအခွင့်အရေးကို ထပ်ပြီးတော့ ကန့်သတ်ပိတ်ပင်ရာရောက်တဲ့ ဥပဒေတစ်ရပ်ကို မဖြစ်မနေ အဆိုတင်ပြီး မရမက အတည်ပြုလိုက်ခြင်းက ယုံချင်စရာတောင်မှ မကောင်းတဲ့ကိစ္စရပ်ဖြစ်ပါတယ်။

စီးပွားရေးအကျပ်အတည်းဆိုတာက တစ်ချိန်မဟုတ်တစ်ချိန် ပြေလည်သွားမယ့်ကိစ္စသာဖြစ်ပါတယ်။ နိုင်ငံသားတို့ရဲ့ အခြေခံအခွင့်အရေးများကို ဥပဒေများပြဋ္ဌာန်းပြီး ကန့်သတ်တယ်ဆိုတဲ့ကိစ္စကိုကျတော့ လွယ်လွယ်ကူကူနဲ့ ပြန်လည်ဖြေရှင်းလို့ မရနိုင်ပါဘူး။ နောက်တစ်ခါ လွှတ်တော်သက်တမ်းတစ်ခုအတွင်း အများစုမဲပေးခွင့်ရှိတဲ့ ပါတီတစ်ရပ်က သူတို့စိတ်ဆန္ဒနဲ့ ရည်ရွယ်ချက်ကိုပဲ ဦးစားပေးပြီး ဥပေဒတစ်ရပ်ကို ပြဋ္ဌာန်းသွားလိုက်၊ နောက်သက်တမ်းတစ်ခုမှာ နောက်ထပ်လူတွေက တစ်ခါ သူတို့ ဆန္ဒရှိတဲ့အတိုင်း လုပ်လိုက်ဆိုရင် အဲသလိုတွေလုပ်တဲ့ကိစ္စကလည်း တစ်ခါ လူထုကို ထိခိုက်နစ်နာစေတယ်ဆိုရင် တိုင်းပြည်တည်ဆောက်ရေးဆိုတဲ့ကိစ္စ ဘယ်လိုနည်းနဲ့ အောင်မြင်ပြီးမြောက်ပါတော့မလဲဆိုတာကို အလေးအနက် တွေးတောဆင်ခြင်ကြစေချင်ပါတယ်။ ပြည်သူလူထုက တာဝန်ပေးလို့ လုပ်ပိုင်ခွင့်ရကြတဲ့စနစ်ကို ဒီမိုကရေစီလို့ ခေါ်ပါတယ်။ အာဏာပါဝါရဲ့ မူလပိုင်ရှင်က လူထုပါ။ လူထုက ရွေးချယ်တာဝန်ပေးခြင်းကို ခံရတဲ့အခါမှာ လူထုကို ပြန်ပြီး ဖိစီးမယ်၊ နှိပ်ကွပ်မယ်ဆိုရင် အာဏာရှင်စနစ်ထက် ပိုမိုဆိုးရွားလာနေပြီလားလို့ မေးခွန်းထုတ်လာကြပါလိမ့်မယ်။ ပြည်သူလူထုဟာ ဒီမိုကရေစီကိုပါ သံသယဝင်လာကြမယ်ဆိုရင်တော့ လုပ်မှားကိုင်မှား ရှိတဲ့လူတွေမှာ တော်တော်တာဝန်ကြီးသွားပါလိမ့်မယ်။ လူထုအကျိုးစီးပွားသည်သာ ပထမဖြစ်ဖို့ ဘာကိုပဲလုပ်လုပ် အလေးအနက်ထားဆင်ခြင်ကြဖို့ သင့်ပါတယ်။

လူထုရဲ့ အခွင့်အရေးကို လူထုက ယုံကြည်စွာရွေးချယ်တင်မြှောက် တာဝန်ပေးလိုက်သူများက ကန့်သတ်လိုက်ခြင်းဟာ မြန်မာ့နိုင်ငံရေးခရီးအတွက် ရင်လေးစရာတွေ ထပ်မံတိုးပွားလာစေသလိုဖြစ်တာကြောင့် နိုင်ငံတည်ဆောက်ရေးအတွက် စိတ်မချမ်းသာစရာ ရင်လေးစရာအခြေအနေဖြစ်လို့ အားလုံးက သတိ ပညာ ဆင်ခြင်တုံတရားနဲ့ သုံးသပ်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းရုံမှတစ်ပါး အခြားမရှိတော့ပါ။

မင်းထင်