News

POST TYPE

PERSPECTIVE

ပြည်သူက ပြည်သူ့အတွက်
13-Mar-2018 tagged as

ဒုတိယအကြိမ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၏ လတ်တလော ဆောင်ရွက်မှုများကို ပြည်သူအများ စိတ်ဝင်စားမှု မြင့်မားလျက်ရှိတယ်။ သတ္တမပုံမှန်အစည်းအဝေးကာလအတွင်း ၂၀၁၈ ခုနှစ်၏ ၆ လ ဘတ်ဂျက်မှာ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ကျောင်းသားများရဲ့ တောင်းဆိုမှု၊ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကိစ္စနှင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်းခြင်း စတဲ့ကိစ္စသုံးခုမှာ ပြည်သူအများဆုံး စိတ်ဝင်စားမှုရှိတဲ့ကိစ္စရပ်များဖြစ်တာ တွေ့ရပါတယ်။ ပြည်သူများစိတ်ဝင်စားသည်ဆိုခြင်းမှာလည်း ပြည်သူလူထု၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ပတ်သက်နေခြင်းကြောင့်လည်း ဖြစ်ပါတယ်။

ပထမအချက်ဖြစ်တဲ့ ၂၀၁၈ ဘဏ္ဍာရေးနှစ်၏ ခြောက်လဘတ်ဂျက်ကို ပြည်ထောင်စုလွှတ်တော်က ၆.၃.၂၀၁၈ ရက်နေ့မှာ အတည်ပြုခဲ့ကြောင်း သိရပါတယ်။ ၂၀၁၈ ဘဏ္ဍာရေးနှစ်၏ ခြောက်လဘတ်ဂျက်မှာ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ ကျောင်းသားများက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသားများ ဆန္ဒပြတောင်းဆိုသည်မှာလည်း ကျောင်းသားအချို့ရဲ့ လိုလားချက် သို့မဟုတ် ပြည်သူ့အသံတစ်သံလို့ ဆိုနိုင်ပါလိမ့်မယ်။ ကျောင်းသားအချို့ရဲ့ တောင်းဆိုချက်အပေါ် တည်ဆဲအစိုးရတစ်ရပ်က ဆောင်ရွက်ပေးနိုင်သည်များ ရှိနိုင်သလို ဆောင်ရွက်မပေးနိုင်သည်များလည်း ရှိနိုင်ပါတယ်။ နိုင်ငံရဲ့ ဘဏ္ဍာငွေအခြေအနေအရ စဉ်းစားဆုံးဖြတ်ကြရတာ၊ အခြားသောကဏ္ဍများအတွက် စဉ်းစားရတာများလည်း ရှိပါလိမ့်မယ်။ သို့သော်လည်း ဒီမိုကရေစီစနစ်အရ အများရဲ့ဆုံးဖြတ်ချက်ကို လိုက်နာရမှာဖြစ်သလို လူနည်းစုရဲ့ဆန္ဒကိုလည်း လေးစားပေးရမှာပါ။ သို့မှသာ နိုင်ငံတော်ရဲ့တည်ဆောက်နေတဲ့စနစ်နဲ့ ကိုက်ညီမှာဖြစ်သလို ဒီမိုကရေစီစနစ်ရဲ့ အခြေခံဖြစ်တဲ့ အပြန်အလှန်လေးစားမှုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ 

ဒုတိယအချက်ကတော့ ၂၀၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်းပဲ ဖြစ်ပါတယ်။ ယင်းဥပဒေကြမ်းကို ၈.၃.၂၀၁၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ ပြင်ဆင်ချက်အဆို တင်သွင်းခဲ့ကြ၊ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ စတင်တင်သွင်းစဉ်ကပင် ပြောဆိုဝေဖန်မှုများစွာ ရှိနေခဲ့တာပါ။ ပြည်ထောင်စုလွှတ်တော်မှာ ယင်းဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြင်ဆင်ချက်အဆိုများ ဆွေးနွေးကြစဉ်မှာလည်း လွှတ်တော်ကိုယ်စားလှယ်များက ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးနဲ့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်များကို ဆွေးနွေးခဲ့ကြတာ တွေ့ရပါတယ်။ သို့သော်လည်း ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်းဟာ နိုင်ငံတော်နှင့်ပြည်သူအတွက် အရေးကြီးလို့ အဲဒီနေ့က သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းခြင်း၊ လွှတ်တော်ရဲ့ အဆုံးအဖြတ်ယူခြင်းများမပြုလုပ်ဘဲ လိုအပ်ရင် ထပ်မံညှိနှိုင်းဆွေးနွေးပြီး အစီရင်ခံစာ တင်သွင်းဖို့ ကျေညာခဲ့ကြောင်း သိရပါတယ်။ ၂၀၁၈ ပြည်ထောင်စု အခွန်အကောက်ဥပဒေကြမ်းဟာ နှေးကွေးနေတဲ့ စီးပွားရေးလုပ်ငန်းများကို ပြန်လည်နိုးထလာဖို့ ရည်ရွယ်တယ်လို့ယူဆရပေမယ့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်များဟာ ပြည်သူအများစုအတွက် အမှန်တကယ်အကျိုး ရှိ၊ မရှိ စိုးရိမ်နေကြတာပါ။ 

ရည်ရွယ်ချက်အတိုင်းဖြစ်မလာဘဲ လူနည်းစုအတွက်သာ အကျိုးရှိမယ်ဆိုရင် ပြည်သူအများစုက ပိုမို အခက်အခဲနဲ့ရင်ဆိုင်ရမှာကို ထောက်ပြနေကြတာပါ။ လွှတ်တော်ဆိုသည်မှာလည်း နိုင်ငံတော်အကျိုးစီးပွားကို ဦးစားပေးရမှာဖြစ်သလို ပြည်သူအများစုရဲ့ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်းစားပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက်ချည်းသာ ဦးတည်ဆောင်ရွက်၍မရသလို ပြည်သူအကျိုးချည်းအတွက်လည်း စဉ်းစားဆောင်ရွက်မရနိုင်ဘူးဆိုတာ နားလည်ပါတယ်။ သို့သော် ပြည်သူများဟာ အခက်အခဲအများအပြားကို ရင်ဆိုင်နေကြရတဲ့အချိန် ဖြစ်တယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားပေးရမှာပါ။ မှန်ကန်သောနည်းလမ်းရွေးချယ်မှု၊ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ရန်မှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကျွမ်းကျင်မှု၊ မြော်မြင်တွေးဆနိုင်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုအပေါ်မှာ မူတည်မယ်လို့ ယူဆမိပါတယ်။ လွှတ်တော်ရဲ့အဆုံးအဖြတ်ဟာ ပြည်သူများရဲ့ ဘဝလို့လည်း ဆိုနိုင်ပါလိမ့်မယ်။

တတိယအချက်မှာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းဖြစ်ပါတယ်။ အများစု စိတ်ဝင်စားတဲ့ ဥပဒေကြမ်းဖြစ်သလို ကန့်ကွက်မှုအများဆုံ ဥပဒေကြမ်းလို့လည်း ပြောနိုင်ပါတယ်။ ယခုပြင်ဆင်ချက်ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရ သို့မဟုတ် ပြည်ထောင်စုဝန်ကြီးဌာနက တင်သွင်းတာမဟုတ်ပါဘူး။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က တင်သွင်းတာပါ။ စိတ်ဝင်စားစရာကောင်းတဲ့အချက်လို့ မြင်ပါတယ်။ ငြိမ်း၊ စု၊ စီ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို တင်သွင်းတော့ ယခင်က အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း ဆွေးနွေးမှုကို သတိရမိပါတယ်။ တရားဥပဒေသည် မျှတမှုရှိရန်လိုအပ်သည်ဟု မှတ်သားခဲ့မိပါတယ်။ ထိုသို့ဆိုလျှင် ပြည်သူများအတွက် နိုင်ငံသားအခွင့်အရေး မျှမျှတတရရှိစေဖို့၊ တရားမျှတမှုရရှိစေဖို့ ယခုတင်သွင်းတဲ့ဥပဒေကြမ်းကို သုံးသပ်သင့်ပါတယ်။ ဥပဒေတစ်ခုဟာ လိုသလိုဆွဲနိုင်သော ရော်ဘာကွင်းဥပဒေမဖြစ်ရန်၊ လိုသလို အဓိပ္ပာယ်ဖွင့်ဆိုခြင်းမပြုနိုင်ရန်၊ တိကျရှင်းလင်းရန် လိုအပ်ပါတယ်။ အဓိပ္ပာယ် ကျယ်ပြန့်သောစကားရပ်များဟာ ဥပဒေကိုကျင့်သုံးရာမှာ အခက်အခဲဖြစ်စေပါလိမ့်မယ်။ အရေးပေါ်စီမံမှုအက်ဥပဒေမှာ ကျယ်ပြန့်စွာအဓိပ္ပာယ် ဖွင့်ဆိုနိုင်သော စကားရပ်များကြောင့် ဥပဒေကို လိုသလို အသုံးပြုသွားကြတာကိုလည်း သတိပြုသင့်ပါတယ်။ ဒါ့အပြင် နောင်လာမယ့် အစိုးရအဆက်ဆက်အတွက်လည်း ထည့်သွင်းစဉ်းစားပေးရန် လိုအပ်မယ်လို့ ယူဆပါတယ်။ ဥပဒေကျင့်သုံးသူများ တရားမျှတပါက ပြည်သူများအတွက် တရားမျှတမှု ရနိုင်ကောင်းသော်လည်း ဥပဒေကို လိုသလိုကျင့်သုံးသူဖြစ်ပါက ဦးစွာဖိနှိပ်ခံရသူများမှာ ပြည်သူများသာ ဖြစ်သွားပါလိမ့်မယ်။

ငြိမ်း၊ စု၊ စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ဥပဒေကြမ်း အတည်ဖြစ်ခဲ့ပြီးဖြစ်ပါတယ်။ ယခု ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ကြမှာပါ။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့က တညီတညွတ်တည်း အတည်ဖြစ်လျှင်တော့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးစရာမလိုဘဲ မှတ်တမ်းတင်အတည်ဖြစ်သွားပါလိမ့်မယ်။ လွှတ်တော်က ဆွေးနွေးဆုံးဖြတ်ပြီးရင် နိုင်ငံတော်သမ္မတရဲ့သဘောထားမှတ်ချက်သာ ကျန်ပါတော့မယ်။ 

လွှတ်တော်ဆိုသည်မှာလည်း ပြည်သူတို့ရဲ့အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အင်စတီကျူးရှင်းတစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူလူထုအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွားအတွက် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ထိန်းကျောင်းဦးဆောင်နေရတာပါ။ နိုင်ငံရဲ့ အရေးကြီးတဲ့ မူဝါဒတွေ၊ အဆုံးအဖြတ်တွေ၊ အတည်ပြုချက်တွေကို လွှတ်တော်မှာသာ ဆွေးနွေးဆုံးဖြတ်နေရတာပါ။ ဒီလိုပဲ ပြည်သူများကလည်း နိုင်ငံတော်နဲ့ ပြည်သူများအကျိုးစီးပွားကို ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးနိုင်မယ့် ကိုယ်စားလှယ်များကို မဲပေးရွေးချယ်ခဲ့ကြတာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်အကြီးအကဲနဲ့ အစိုးရအဖွဲ့ကို ပြည်သူများက တိုက်ရိုက်ရွေးချယ်ရခြင်းမဟုတ်။ ပြည်သူများကိုယ်စား လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ပေးရခြင်း ဖြစ်ပါတယ်။ ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်များကိုသာ တိုက်ရိုက်ရွေးချယ်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူနှင့် အနီးကပ်ဆုံးရှိနေသူများ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိမဲဆန္ဒနယ်မြေအတွင်းရှိ ပြည်သူများရဲ့ နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများမှအစ နိုင်ငံတော်အရေးကိစ္စများအထိ ဆက်စပ်ပတ်သက်နေရသူများဖြစ်တာကြောင့် ပြည်သူ့ကိုယ်စားလှယ်ဟု ဆိုခြင်းဖြစ်ပါတယ်။ ပြည်သူ့အသံ လွှတ်တော်အသံလို့လည်း ဖော်ညွန်းထားပါတယ်။ လွှတ်တော်က မည်သို့ပင် အတည်ပြုဆုံးဖြတ်သည်ဖြစ်စေ၊ မည်သည့်ဥပဒေပြဋ္ဌာန်းသည်ဖြစ်စေ ယင်းလုပ်ဆောင်ချက်သည်ပင် နိုင်ငံတော်ရဲ့အနာဂတ်၊ ပြည်သူများရဲ့အနာဂတ်လို့ ဆိုချင်ပါတယ်။

ဒီမိုကရေစီနိုင်ငံကို By the people, For the people လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနှင့် By the people ကို ပြည်သူများက မျက်ဝါးထင်ထင် လက်တွေ့ပြသခဲ့ပြီးပါပြီ။ ပြည်သူများတာဝန်ကျေခဲ့ပြီလို့ ပြောနိုင် ပါတယ်။ For the people ကို ပြည်သူများက ယခု မျှော်လင့်လျက်ရှိပါတယ်။ ပြည်သူ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်များက  For the people ဖြစ်ဖို့သည် ပြည်သူအားလုံးရဲ့ဆန္ဒ ဖြစ်ပါလိမ့်မယ်။ By the people, For the government ဆိုရင် လက်ရှိလျှောက်လှမ်းနေတဲ့ ဒီမိုကရေစီစံနှုန်းဘောင်နဲ့ အံလွဲသွားနိုင်ပြီး စနစ်တခြား လက်တွေ့တခြားဖြစ်သွားမှာကို အထူးစိုးရိမ်မိပါတယ်။

သိန်းထွန်း (IR)

  • TAGS