News

POST TYPE

PERSPECTIVE

တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလ မလှိုင်တွင် အခန်းခနှင့် စားသောက်ကုန်ဈေးတက်
13-Mar-2018



မိတ္ထီလာ၊ မတ် ၁၂

မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံးနှင့် စည်းကမ်း အကောင်းဆုံးဟု ထင်ရှားသော မလှိုင်မြို့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း အခန်းငှားခနှင့် စားသောက်ကုန်ဈေးများ မြင့်တက်လာကြောင်း မြို့ခံများနှင့် ကျောင်းသားမိဘအချို့ထံမှ သိရသည်။

မလှိုင်မြို့ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် ဘော်ဒါဆောင်များသည် တက္ကသိုလ်ဝင်တန်းအောင်ချက် ကောင်းသောကြောင့် ရပ်ဝေးဒေသများ လာရောက် သင်ယူလေ့ရှိရာ ကျောင်းသား မိဘများနှင့် အုပ်ထိန်းသူများသည် စာမေးပွဲကာလ မြို့တွင်း၌ တည်းခိုနေထိုင်နေခြင်းကြောင့် အခန်းငှားခနှင့် စားသောက်ကုန်ဈေးများ မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“ကျွန်တော့်မြို့ကို စိုးရိမ်တာတော့ ရှိတယ်။ ဒါ အပြုသဘောနဲ့ပြောတာပါ။ ဥပမာ - မြို့ခံတွေ ဈေးသွားဝယ်ရင် ဝန်ဆောင်မှု မကောင်းတော့ဘူး။ ဧည့်သည်တွေကိုပဲ ရောင်းချင်တော့တာ။ နောက်တစ်ခုက အိမ်ငှားခတွေ တက်ကုန်တယ်။ လာနေတဲ့လူက နှစ်ပတ်လောက်ပဲနေတာ ဒါပေမဲ့ နှစ်သိန်းဆိုလည်း ပေးတာပဲ။ သုံးသိန်းဆိုလည်း ပေးတာပဲ”ဟု မလှိုင်မြို့ခံ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးသက်နိုင်ဝင်းက ပြောကြားသည်။

မလှိုင်မြို့၌ ပုံမှန်အချိန်များ၏ အိမ်ခန်းငှားခမှာ ကျပ်တစ်သိန်းအောက်သာ ရှိသော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ နီးကပ်လာချိန်ကစ၍ ဈေးတက်လာပြီး အိမ်အလွတ် (သီးသန့်) တစ်လုံးလျှင် ကျပ်နှစ်သိန်းမှ သုံးသိန်း၊ အိမ်ရှင်နှင့်တွဲ၍ နေမည်ဆိုပါက ကျပ်တစ်သိန်းခွဲခန့်အထိ ဈေးရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ကျောင်းသားတွေ စာမေးပွဲဖြေတဲ့နေရာမှာ မိဘတွေက အုပ်စုလိုက် သွားစောင့်တယ်။ တခြားမြို့ကလာတဲ့ မိဘတွေက ရာဂဏန်းလောက် ရှိတယ်။ အဲဒီလို နေရာတွေမှာ အအေးဘူးနဲ့ စားစရာ ဈေးတွေက မြို့ထဲမှာထက် အနည်းဆုံး နှစ်ဆလောက်ဖြစ်နေတယ်။ ဒါကိုတော့ မှတ်ချက်မပေးချင်ဘူး။ ဒါပေမဲ့ ပညာရေးကြောင့် ဂုဏ်သတင်းကောင်းနေတဲ့ ကျွန်တော်တို့မြို့မှာ အခုလိုဖြစ်နေတာ”ဟု မလှိုင်မြို့ ရပ်ကွက်ကြီး (၁) မှ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းသို့ ကုန်ဈေးနှုန်း ကြီးမြင့်နေခြင်းကြောင့် အခက်အခဲဖြစ်ရကြောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေနေသည့် သမီးဖြစ်သူထံ လာရောက်နေထိုင်သူ တောင်ကြီးမြို့မှ ဒေါ်မိုးမိုးက ပြောဆိုသည်။

မလှိုင်မြို့တွင် ပုဂ္ဂလိကကိုယ်ပိုင် အထက်တန်းကျောင်း နှစ်ကျောင်း၊ ဘော်ဒါဆောင် ၂၇ ခုရှိပြီး ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၄၆၃၅ ဦးရှိရာ မိတ္ထီလာခရိုင် လေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူဦးရေ ဒုတိယ အများဆုံးဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

R-01

  • VIA