News

POST TYPE

PERSPECTIVE

ဆီးသီးဗန်းမှောက်အောင်လုပ်နေတဲ့ ပညာရေးလား
12-Mar-2018
ရော...ခက်တော့ခက်နေပြီပဲ။

အခုတစ်လော ပညာရေးသတင်းတွေ ဖတ်ရတာ အာရုံကြောမှာ မီးပွင့်ပြပြီး ပူစပ်ပူလောင်နိုင်လှတယ်။ အပြောင်းအလဲတွေကလည်း များလှချည်လား။ အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ မရိုးနိုင်အောင်ကိုပဲ။ ရက်ပိုင်းလပိုင်းလောက်အတွင်းမှာပဲ နောင်းနင်းခတ်အောင် ပြောင်းနေကျမှတော့ တိမ်ပေါ်လမ်းလျှောက်ရသလို ဟုတ်မှဟုတ်ပါ့မလားလို့ တွေးပြီးပူမိသေးတယ်။ 

နိမ့်ကျနေတဲ့ပညာရေးစနစ်ကို မြင့်စေချင်လွန်းလို့ဆိုပြီး အခြေခံပညာကဏ္ဍမှာ ကလေးတွေရဲ့ တတ်ကျွမ်းမှုအရည်အသွေးကို ဆန်းစစ်တဲ့အနေနဲ့ စတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာမေးပွဲကို ခရိုင်စစ်၊ တိုင်းစစ်ဆိုပြီး ကျင်းပနေကြတာ မဟုတ်လား။ ဒါတင်ကရိုးလား။ စာမေးပွဲကျင်းပရာမှာ မေးခွန်းလုံခြုံအောင်ဆိုပြီး မေးခွန်းတိုက်တွေ ဆောက်လိုဆောက်။ စာစစ်ဌာန လုပ်မယ့်ကျောင်းတွေကို မေးခွန်းတွေ ဖြန့်ဝေရာမှာ အလွယ်တကူ ပေါက်ကြားမှုမရှိအောင်လို့ မြောက်လက်နှစ်ခုပါတဲ့ သံသေတ္တာတွေ ဝယ်ခိုင်းပြီး ထည့်လိုထည့်။ ကျောင်းတွေကို မေးခွန်းတွေ အချိန်မီရောက်အောင် နည်းလမ်းမျိုးစုံနဲ့ သယ်လိုသယ်။ အဲဒီလိုသယ်ရာမှာလည်း မြို့ကြီးပြကြီးက ကျောင်းတွေဆို ပြဿနာမဟုတ်ပေမယ့် ကျေးလက်က ကျောင်းတွေခမျာ ဒုက္ခတွေများလှပေါ့။ ကားမပေါက်တဲ့နေရာတွေဆို ဆိုင်ကယ်တစ်တန်၊ ခြေကျင်တစ်တန်နဲ့ သယ်လိုသယ်။ ဆရာ၊ ဆရာမတွေကိုယ်တိုင် ခေါင်းပေါ်မှာ ရွက်လိုရွက်။ ပခုံးပေါ်ထမ်းလိုထမ်း။ 

ဆိုရရင်... မေးခွန်းတွေ ကျောင်းကိုရောက်ဖို့ သယ်ယူရတဲ့စရိတ်စက ကုန်ကျမှုက အတော်အတန် ထောင်းလှပေမယ့် ပညာရေးအတွက် အကျိုးရှိမှာဆိုတော့ ကုန်ပါလေ့စေ။ ဒါ့အပြင် စာမေးပွဲ ဖြေပါပြီတဲ့။ စာမေးပွဲကျင်းပနေစဉ်မှာ ကလေးတွေ မသမာမှုမလုပ်နိုင်စေဖို့ အခန်းစောင့် ဆရာ၊ ဆရာမတွေကို အလှည့်ကျ တာဝန်တွေချ။ ကဲ... ဘယ်လောက်ကောင်းတဲ့ အစီအမံဖြစ်သလဲ။ 

ဆရာ၊ ဆရာမတွေခမျာလည်း စာမေးပွဲဆိုင်ရာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို ကျင်းပရနဲ့ဆိုတော့ စတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာမေးပွဲလည်းပြီးရော ဖတ်ဖတ်ကိုမောရောပဲ။ ဒါတောင် ဒသမတန်းစာမေးပွဲက ပြီးသေးတာမဟုတ်သေးဘူး။ ဒီနှစ်မှာတော့ ပြီးခဲ့တဲ့စာမေးပွဲတွေ ကျင်းပရာမှာ မေးခွန်းမှားတာ ပေါက်ကြားတာမရှိဘဲ စနစ်ကျလွန်းလို့ တကယ့်ကို အရည်အချင်းရှိတဲ့ တကယ်စာတတ်တဲ့ကလေးတွေ ပေါ်ထွက်လာမယ်။ အရည်အချင်းမမီသေးတဲ့ ကလေးတွေလည်း သူ့တတ်ကျွမ်းမှုနဲ့သူ ရှိနေလိမ့်မယ်လို့ မျက်လုံးပြုတ်ကျမတတ် မျှော်လင့်မိတာပေါ့။ 

ဒါပေမဲ့ မျှော်လင့်ချက်ရောင်နီမှ မသန်းသေးဘူး။ ဗြုန်းခနဲဆိုပြီး ပြောင်းလဲခြင်းအသစ်က ရက်ပိုင်အတွင်း ထွက်လာပြန်တော့ ခေါင်းမော့ရမယ့် ပညာရေးစနစ်ဟာ ဒုံရင်းအတိုင်း အောက်ခြေကို ပြန်ရောက်သွားရပြန်တာပေါ့။ လိုရင်းကိုပြောရရင် အရည်အသွေး စံမီတာ မမီတာ အပထား ကလေးအားလုံး သိမ်းကျုံးပြီး မအောင်မရှိ ငါ့တပည့်ပြန်ဖြစ်လို့ သွားရပြန်တာပဲ။ 

ကြည့်ကြပါဦးဗျာ...။ စာမေးပွဲပဲခေါ်ခေါ်၊ စစ်ဆေးခြင်းပဲခေါ်ခေါ် အတန်းကူးပြောင်းခြင်းနဲ့ပတ်သက်လို့ ပညာရေးဌာနက ထွက်လာတဲ့ ညွှန်ကြားချက်တဲ့။ ထူးမခြားနား၊ အံ့ဩဖွယ်ရာမရှိ။ ခေတ်စကားနဲ့ပြောရရင် ကုန်တယ်ဗျာ။ ညစ်တယ်ဗျာ။ 

စတုတ္ထတန်းခရိုင်စစ်နဲ့ အဋ္ဌမတန်း တိုင်းစစ်စာမေးပွဲမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်နေရသူတွေကိုပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် တစ်ဘာသာဖြေဆိုပြီး ဆက်လက်မဖြေနိုင်တဲ့သူတွေကိုပဲဖြစ်ဖြစ် နှုတ်မေး နှုတ်ဖြေ စစ်ဆေးပြီး အရင်စာမေးပွဲရလဒ်တွေနဲ့ ထည့်သွင်းတွက်ချက်ကာ စီ(C) အဆင့်နဲ့ အောင်စာရင်းထုတ်ပြန်ပေးရမယ် ဆိုပါလား။

ကျောင်းစာသင်နှစ်မှာ စစ်ဆေးထားတဲ့ အခန်းဆုံးစစ်ဆေးခြင်း (Chapter End Test)၊ ပထမနှစ်ဝက်ဆုံး စာမေးပွဲ (First Semester) နဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ CPR (Comprehensive Parsonal Record) ပါ ကျောင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ ရမှတ်တွေနဲ့ချိတ်ဆက်ပြီး စီ (C) အဆင့် သတ်မှတ်ပေးရမယ်တဲ့။ 

အောင်စာရင်း ထုတ်ပြန်ပေးရာမှာလည်း A, B, C စသဖြင့် အဆင့် သတ်မှတ်ပေးရမှာဖြစ်ပြီး ဒီ (D) အဆင့်ရရှိပါက အခန်းဆုံးစစ်ဆေးခြင်း (CET) မှာပဲဖြစ်ဖြစ်၊ နှစ်ဝက်ဆုံးစာမေးပွဲ (First Semester) မှာပဲဖြစ်ဖြစ်၊ ကျောင်းလုပ်ငန်းဆောင်ရွက်မှု (CPR) မှာပဲဖြစ်ဖြစ် A, B, C တစ်ခုခုရရှိခဲ့ပါက စီ (C) အဆင့်ကို ပြောင်းလဲသတ်မှတ်ပေးရမယ်လို့ ဆိုပြန်တာပေါ့။ 

အခုလိုညွှန်ကြားချက်ထုတ်လိုက်တာဟာ ကလေးတွေအတွက် မအောင်မရှိ ငါ့တပည့်ဖြစ်နေတာမို့ သတင်းကောင်းဖြစ်တယ်လို့ ထင်ရပေမယ့် တစ်ဖက်မှာလည်း ကလေးတွေရဲ့ အရည်းအချင်းကို အရှိအတိုင်း စိစစ်ရာမရောက်ဘဲ အလွယ်တကူ အအောင်ပေးလိုက်သလို ကလေးတွေရဲ့ စိတ်သန္တာန်ထဲမှာ ကြိုးစားချင်တဲ့စိတ်တွေ လျော့ပါးသွားအောင် အခွင့်အရေးပေးသလိုမျိုး ဖြစ်နေမလားလို့ ထင်မိတာပဲ။ ဒါကလည်း ပညာရေးကို အဆင့်မြင့်စေချင်တဲ့ လောဘစိတ်ကြောင့် ကိုယ်တစ်ယောက်တည်းရဲ့ အတွေးအထင်ဖြစ်တာမို့ မှားချင်လည်းမှားနိုင်ပါတယ်။ ကိုယ့်စိတ်တိုင်းကျ မဖြစ်နိုင်မှန်းလည်း သိပါတယ်။ 

ဒါပေမဲ့ ဒီလိုညွှန်ကြားချက်ထုတ်မယ်လို့ နဂိုကတည်းက အစီအစဉ်ရှိခဲ့မယ်ဆိုရင် ဘာဖြစ်လို့များ ငွေကုန်ကြေးကျခံပြီး စတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာမေးပွဲကို ခရိုင်စစ်တွေ၊ တိုင်းစစ်တွေကို လုပ်နေကြသလဲလို့ ပညာရေးဌာနက တာဝန်ရှိသူ လူကြီးမင်းတွေကို မေးကြည့်ချင်တယ်။ ကိုယ်တွေက ပညာရေးဆိုင်ရာ အတတ်ပညာရှင်တစ်ယောက်မဟုတ်ပေမယ့် ကျောင်းဆရာအလုပ်ကို အနှစ် ၄၀ လောက် လုပ်ခဲ့ဖူးတာမို့ ကျောင်းတွင်းစာမေးပွဲတွေလည်း လုပ်ခဲ့ဖူးသလို အစိုးရစစ်စာမေးပွဲတွေမှာလည်း ကြီးကြပ်ရေးမှူးအဖြစ် ဆယ်ကြိမ်လောက် လုပ်ခဲ့ဖူးတာဆိုတော့ကာ...။ 

စာမေးပွဲတစ်ခုကျင်းပဖို့ ငွေကြေးဘယ်လောက်ကုန်ကျတယ်ဆိုတာ နောကျေအောင် သိပြီးသား။ ခရိုင်စစ်၊ တိုင်းစစ်စာမေးပွဲတွေဆို နိုင်ငံတော်စရိတ်နဲ့ ကျင်းပရတာဖြစ်လို့ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ ဘယ်လောက်ကုန်ကျမယ်ဆိုတာ တွေးလို့သာ ကြည့်ကြပေရော့။ 

ကိုယ်တွေက အတွေးချော်ပြီး မတော်တရော်စဉ်းစားမိတာတစ်ခုရှိနေတယ်။ မဟုတ်မှလွဲရော။ ခရိုင်စစ်၊ တိုင်းစစ်စာမေးပွဲကို ခုတုံးလုပ်ပြီး ပညာရေးဌာနမှာ ဆီးသီးဗန်းများ မှောက်အောင်လုပ်နေကြသလားလို့ပါ။ 

ပြီးခဲ့တဲ့လလောက်က ထင်ပါရဲ့။ လွှတ်တော်မှာ ပညာရေးဝန်ကြီးဌာနက Desktop ကွန်ပျူတာတွေဝယ်ဖို့ ဘတ်ဂျက်တင်ပြီးတောင်းသတဲ့။ ကွန်ပျူတာတစ်စုံကို ငွေကျပ် ၁၁ သိန်းကနေ ၁၃ သိန်းအထိ တန်တယ်ဆိုပဲ။ ဝယ်ရမယ့်အလုံးရေက ၁၂၀၀ ကျော်တောင် ဆိုပါလား။ ဒါဆို တောင်းတဲ့ငွေက ကျပ်သိန်းပေါင်း ၁၃,၀၀၀ နဲ့ ၁၇,၀၀၀ ကြားမှာ ရှိနေတော့တာပေါ့။ အပြင်မှာ ကွန်ပျူတာတစ်စုံရဲ့ ပေါက်ဈေးဟာ သူတို့တင်ပြတဲ့ဈေးမှ မပေါက်တာ။ သူတို့တင်ပြတဲ့ဈေးက အပြင်ပေါက်ဈေးထက် နှစ်ဆ၊ သုံးဆလောက် မြင့်နေတယ်။ ပညာရေးဌာနမှာ အဲ့ဒီလောက်ဈေးကောင်းတဲ့ ကွန်ပျူတာတွေသုံးဖို့ လိုလို့လား စသဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က တင်ပြတော့မှ စဉ်းစားစရာ ဖြစ်သွားတော့တာပေါ့ဗျာ။ 

တော်သေးတာပေါ့ဗျာ။ နို့မို့ဆိုရင် ရေနဲ့တွေ့လိုက်တဲ့ ငါးတွေလိုပဲ ဆွေ့ဆွေ့ခုန်ကြမယ့်အဖြစ်လိုမျိုး။ အရင်ကလို အထက်နဲ့အောက် လက်ဝါးချင်းရိုက်ပြီး ဆီးသီးဗန်းမှောက်တော့မလို့။ လက်မတင်လေး ကာလိုက်နိုင်တယ်လို့ ပြောရတော့မှာပဲ။ 

ဆိုရရင် ပညာရေးဌာနမှာလုပ်နေတဲ့ ပြောင်းလဲမှုတွေက အိပ်မက်ကြီးကြီးကို မျက်လုံးသေးသေးလေးနဲ့ မက်နေသလိုပဲ။ ပြောင်းလဲတာလည်း ပြောင်းလဲကြပေါ့ဗျာ။ ဒါပေမဲ့ ပြောင်းလဲမှုတွေက ငိုက်ကျနေတဲ့ ပညာရေးစနစ်ကို နိုင်ငံတကာနဲ့အမီ ဦးမော့လာအောင် လုပ်တာဟုတ်ရဲ့လား၊ အမှန်တကယ်ရော ပြောင်းလဲရဲ့လားဆိုတာကိုတော့ အခိုင်အမာ စဉ်းစားဖို့လိုပါလိမ့်မယ်။ ဒီလောက်အေးခဲနေတဲ့ ပညာရေးစနစ်ကို စိတ်ကူးပေါက်တိုင်း ကောက်ရိုးမီးမွှေးနေသလို ပြီးစလွယ်ပြောင်းလဲနေလို့ကတော့ အကျိုးမရှိနိုင်လောက်ဘူးလို့ ထင်ပါတယ်။ ပြောင်းလဲခြင်းလုပ်ရာမှာလည်း ငွေကုန်ကြေးကျနည်းစေမယ့် နည်းလမ်းတွေကို ရှာသင့်ရင် ရှာရပေမပေါ့။ ပြောင်းလဲခြင်းလုပ်တယ်ဆိုပြီး ငွေလည်းကုန် အသံလည်းပြာ အရာလည်းမယွင်းလို့ကတော့ ဘာထူးမှာမို့လို့လဲ။ “ပိုးသာကုန် မောင်ပုံစောင်းမတတ်” ဆိုသလို ပုံစံမျိုး ဖြစ်နေတော့မှာပဲ။ ဒါပေမဲ့ ... အဆုံးထိ သွားကြည့်ကြတာပေါ့။ 

ပညာရေးဌာနမှာလုပ်နေတဲ့ ပြောင်းလဲခြင်းမှန်သမျှကို “ဆီးသီးဗန်း မှောက်အောင်လုပ်နေတဲ့ ပညာရေးလား” လို့ ပြည်သူတွေက ထင်သွားရင်တော့ မကောင်းဘူးနော...။

ကိုသောင်း (ပညာရေး)