News

POST TYPE

PERSPECTIVE

နှစ်ပေါင်း ၃၀ ကြာပြီးတဲ့အခါ ၈၈ ကျောင်းသားတွေ ဘယ်နားမှာ
12-Mar-2018
နှစ် ၃၀ ပြည့် ဖုန်းမော်နေ့

မနက်ဖြန်ကျရောက်မယ့် မတ်လ ၁၃ ရက်နေ့ဟာ နှစ် ၃၀ ပြည့် ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ၁၉၈၈ ကာလက တက္ကသိုလ်ကျောင်းသားလူငယ်တွေ စတင်ခဲ့တဲ့ ၈ လေးလုံးလှုပ်ရှားမှု၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး - ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုစတင်ခြင်း နှစ် ၃၀ ပြည့်နေ့ပေါ့။

အဲဒီနေ့မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ အားလုံးသိပြီးသားမို့ သိပ်ရှင်းပြနေဖို့ လိုမယ်မထင်ပါ။ အားလုံးဆိုတာ ၈၈ ကို မီခဲ့သူ၊ ၈၈ ကနေ ဒီနေ့အထိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေကို မျက်ခြည်မပြတ်လေ့လာနေသူတွေကို ဆိုလိုတာပါ။ ဒါပေမဲ့ ၈၈ နောက်ပိုင်းမှာ မွေးသူတွေတောင် အခု အသက် ၃၀ ရှိနေပြီမို့ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်က အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲဆိုတာကို အသက် ၃၀ အောက် ဒီနေ့လူငယ်တွေ သိပါ့မလား။ စာသင်ကျောင်းတွေမှာကော ၈၈ သမိုင်းကို (NLD အစိုးရသစ် လက်ထက်မှာတောင်) သင်ကြားပေးနေရဲ့လား။

အနှစ်ချုပ်ပြောရမယ်ဆိုရင် ၂၆ နှစ်ကြာနေပြီဖြစ်တဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) အုပ်ချုပ်ရေးစနစ်၊ စီးပွားရေးစနစ်၊ ပညာရေးစနစ်တွေအပေါ် မကျေမလည်ဖြစ်နေတဲ့ ကျောင်းသားထုဟာ ၁၉၉၇ စက်တင်ဘာမှာ ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ငွေစက္ကူတွေကို တရားမဝင်တော့ဘူးလို့ အစိုးရက ရုတ်တရက် ကြေညာလိုက်တဲ့အတွက် သုံးစရာမရှိ၊ စားစရာမရှိဖြစ်သွားလို့ပါ။ အဲဒီလို အခံရှိနေရာကနေ ၁၉၈၈ မှာ ကျောင်းတွေပြန်ဖွင့်တော့ ပေါက်ကွဲမှုမြင့်မားလာတယ်လို့ ဆိုချင်ပါတယ်။

သာမန်ကြည့်လိုက်ရင်တော့ စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ အင်းစိန်ဘက်က အရပ်သားတွေကြား မကျေလည်မှုကနေ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်နောက်ခံအချက်အလက်က နိုင်ငံရေးမကျေလည်မှုပါ။ ဒါကို အဲဒီကာလအစိုးရက စနစ်တကျမကိုင်တွယ်ဘဲ လက်နက်နည်းနဲ့ ပစ်ခတ်ဖြေရှင်းတော့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ မတ်လ ၁၃ ရက်နေ့မှာ ကျဆုံးခဲ့ရပြီး တခြားကျောင်းသားတွေ ဒဏ်ရာရ၊ တချို့ အဖမ်းခံရ၊ တချို့ ကျောင်းထုတ်ခံရ ဖြစ်ခဲ့ပါတယ်။

ဒါက ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းအတွင်း ဖြစ်ပွားခဲ့တာပါ။ ဒီသတင်းဟာ ရန်ကုန်ရှိ တခြားကျောင်းတွေနဲ့ ပြည်နယ်တိုင်းအသီးသီးရှိ ကျောင်းတွေ ဆီပျံ့နှံ့သွားပြီး တစ်နိုင်ငံလုံးမှာ ကျောင်းသားဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အကျိုးဆက်ကတော့ ကျောင်းတွေကိုပိတ်ပြီး ကျောင်းသားအားလုံးကို အိမ်ပြန်ပို့လိုက်တာပါပဲ။ ဇွန်လမှာ ကျောင်းတွေပြန်ဖွင့်တော့ အခြေအနေတွေဟာ ထိန်းမရတော့ဘဲ ဆန္ဒပြပွဲဆက်တိုက်ဖြစ်ကာ နောက်ဆုံး ၈ လေးလုံး အရေးတော်ပုံအဖြစ် လူသိများတဲ့ ဩဂုတ်လ ၈ ရက်နေ့ လူထုအုံကြွမှုကြီးဆီ ရောက်သွားခဲ့ပါတယ်။

အဲဒီ မတ်လ ၁၃ ကနေ စက်တင်ဘာ ၁၈၊ စစ်တပ်က အာဏာသိမ်းချိန်အထိ ပစ်ခတ်မှုတွေအတွင်း ကျဆုံးသူဦးရေ ၃၀၀၀ အထိရှိနိုင်တယ်လို့ သမိုင်းဆရာတွေက ပြောပါတယ်။ ဒါပေမဲ့ အခုချိန်အထိ အစိုးရဘက်က တရားဝင်ထုတ်ပြန်ထားတဲ့စာရင်း မရှိသေးပါ။ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ၈ လေးလုံးသမိုင်းပြတိုက်ဆိုပြီး ရန်ကုန်မှာလုပ်နေတယ်လို့ သတင်းတွေကြားရပေမယ့် လူ ၃၀၀၀ စလုံးရဲ့အမည်စာရင်းတွေရရဲ့လား၊ ကျောင်းသုံးသမိုင်းစာအုပ်မှာ ၈၈ သမိုင်းကို ဘယ်လိုရေးသားဖော်ပြထားသလဲ၊ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

ဒါက လွန်ခဲ့တဲ့နှစ် ၃၀ က ဖြစ်ခဲ့တဲ့ သမိုင်းကြောင်း အနှစ်ချုပ်ပါ။ စာရေးသူ တကယ်ပြောချင်တာက သမိုင်းကြောင်းမဟုတ်ပါဘူး။ အဲဒီသမိုင်းဖြစ်စဉ်အစပိုင်းမှာ ပါဝင်ခဲ့တဲ့ ၈၈ ကျောင်းသားတွေ အခု နှစ် ၃၀ ကြာပြီးတဲ့အချိန်မှာ ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေကြသလဲဆိုတဲ့အပိုင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ က သူတို့မျှော်မှန်းခဲ့သလို စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းသွားပြီလား၊ ဒီမိုကရေစီအခွင့်အရေးတွေ ရနေပြီလား။ လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာ အဲဒီကာလက သူတို့မျှော်မှန်းခဲ့တဲ့အတိုင်း ဟုတ်ပါရဲ့လား...။

လမ်းသုံးသွယ်နှင့် ၈၈

၈ လေးလုံး အရေးတော်ပုံအတွင်း ဦးဆောင်ပါဝင်ခဲ့သူတချို့ရဲ့ ပြန်လည်ပြောပြချက်အရ စက်တင်ဘာ ၁၈ မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကျောင်းသားလှုပ်ရှားမှုကို လမ်းသုံးသွယ်ခွဲပြီးလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်ဆိုပါတယ်။ တစ်ဖွဲ့က ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်) အဖြစ်ဆက်ရှိပြီး မြေအောက်လှုပ်ရှားမှုလုပ်မယ်။ တစ်ဖွဲ့က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအဖြစ် ထူထောင်ပြီး မြေပေါ်နိုင်ငံရေးလုပ်မယ်၊ တစ်ဖွဲ့က တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်မယ်လို့ ဆိုပါတယ်။

၈၈ ကျောင်းသားမှန်ရင် ဒီသုံးခုထဲက တစ်ခုခုမှာ ပါဝင်ခဲ့ဖူးမှာပါ။ စာရေးသူကတော့ တတိယအုပ်စုထဲမှာ ပါခဲ့သူတစ်ဦးပေါ့။ ဒီလမ်းသုံးသွယ်ကိုသိပြီး ကြိုတင်ပြင်ဆင် ပါဝင်ခဲ့တာမျိုးတော့မဟုတ်ပါဘူး။ လက်နက်နဲ့ပစ်ခတ်နေတဲ့ စစ်တပ်ကို လမ်းပေါ်ထွက် အော်ဟစ်ဆန္ဒပြနေရုံနဲ့ အပြောင်းအလဲက ဖြစ်လာမှာမဟုတ်ဘူး။ သေနတ်မှန်ပြီး သေဖို့ပဲရှိတယ်။ ဒီတော့ လက်နက်ရှိသူကို လက်နက်ကိုင်ပြီးတော်လှန်မှရမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုတွေနဲ့အတူ တခြားကျောင်းသား သူငယ်ချင်းတွေနဲ့ တောထဲရောက်သွားခြင်းသာ ဖြစ်ပါတယ်။

ဘယ်လိုနည်းနဲ့ပဲ ရောက်သွားသည်ဖြစ်စေ တောထဲရောက်သွားတဲ့ အင်အားတစ်သောင်းဝန်းကျင်ရှိ ကျောင်းသားတွေဟာ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ဖွဲ့ပြီး စစ်အာဏာရှင်တွေကို လက်နက်ကိုင် တော်လှန်ခဲ့ကြပါတယ်။ နှစ် ၃၀ ကာလအတွင်း ကျဆုံးသူ ၈၀၀ ကျော်ရှိတယ်လို့ ABSDF ဗဟိုက စာရင်းထုတ်ပြန်ထားပါတယ်။ ဆိုလိုတာက နှစ် ၃၀ ကြာတဲ့အထိ ပြည်တွင်း - ပြည်ပမှာ ဆက်လက်ရှင်သန်နေသူတွေဟာ ကံကောင်းထောက်မပြီး မသေပဲကျန်နေသူတွေသာ ဖြစ်ပါတယ်။

အလားတူ မြေပေါ်မြေအောက်လှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ချခံရတဲ့ တခြားလမ်းနှစ်သွယ်က ကျောင်းသားတွေလည်း အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ရတာ မနည်းလှပါ။ လက်နက်ကိုင်တော်လှန်ရေးလောက် မများပေမယ့် ဒါဇင်နဲ့ချီ ရှိခဲ့ပါတယ်။ ဘဝပျက်ခဲ့ရသူ ရာနဲ့ချီရှိခဲ့ပါတယ်။ ပြည်ပကိုထွက်ခွာခဲ့ရသူ ရာနဲ့ချီရှိခဲ့ပါတယ်။

ဟောအခု နှစ် ၃၀ ကြာပြီးတဲ့အချိန် ဇာတ်ပေါင်းခန်းရောက်တဲ့အခါမှာတော့ ABSDF ဟာ အစိုးရတပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေထဲ ပါဝင်နေပါပြီ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီလည်း နယ်စပ်ကနေ ပြည်တော်ပြန်ဝင်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လှုပ်ရှားနေပါပြီ။ ဗကသ ကျောင်းသားဟောင်းတွေလည်း NLD ပါတီထဲ ဝင်သူဝင်၊ လွှတ်တော်အမတ်ဖြစ်သူဖြစ်၊ ပါတီသစ်ထောင်သူထောင်၊ ၈၈ အမည်နဲ့ ဆက်ရပ်သူရပ် စသဖြင့် ပုံစံမျိုးစုံနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းသစ်မှာ ပါဝင်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။

ပန်းတိုင်ရောက်ပြီလား၊ အားလုံးပါဝင်ခွင့်ရပြီလား

စာရေးသူ တွေ့ဆုံစကားပြောမိသလောက် ၈၈ ရဲဘော်တွေဆီက ကြားရသမျှကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ပန်းတိုင်အဖြစ် ခံယူထားသူမရှိပါ။ ပန်းတိုင်ဆီချီတက်နိုင်တဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ တချို့ကပြောပြီး အများစုကတော့ ဒီနည်းဟာ အကောင်းဆုံးမဟုတ်ပေမယ့် လက်တွေ့အကျဆုံးနည်းတစ်ခု ဖြစ်တယ်လို့ ပြောကြပါတယ်။ တချို့ကတော့ လက်ရှိအနေအထားဟာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွမှာ ရောက်နေတယ်လို့သာ မယုတ်မလွန် ပြောပါတယ်။ 

အဲ... တချို့ အနည်းစုကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာ လမ်းမှန်ပေါ်ရောက်နေတာမဟုတ်ပဲ လမ်းမှားထဲကျသွားပြီ။ စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး ဒီမိုကရေစီရအောင်လုပ်မယ်ဆိုတာဟာ သီအိုရီအရကို မှားနေတယ်။ အတွေးအခေါ်အရ ဖောက်ပြန်သွားတာဖြစ်တယ်။ ဘာမူဝါဒမှ မရှိတော့ဘဲ စစ်အာဏာရှင်တွေ ပေးသမျှယူရမယ့်အခြေအနေ ရောက်သွားပြီလို့ ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။

အမြင်ဆိုတာ အမျိုးမျိုးရှိနိုင်တာမို့ ဘယ်သူကမှန်ပြီး ဘယ်သူက မှားတယ်လို့ ပြောဖို့ခက်ပါတယ်။ ကာလတစ်ခုဖြတ်သန်းပြီးရင် အဖြေပေါ်လာပါလိမ်မ့ယ်။ ဒါကြောင့် အမြင်မတူရင် အတိုက်အခံပါတီထောင်ပြီး လက်ရှိအစိုးရကို ဝေဖန်ထောက်ပြကြ၊ ဒါမှမဟုတ် အရပ်ဘက်အဖွဲ့အစည်းတွေ၊ တခြားအဖွဲ့တွေကနေ လက်ရှိအစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ကို ဝေဖန်ထောက်ပြထိန်းကျောင်းကြပေါ့။ တစ်နိုင်ငံလုံးရှိ သန်း ၅၀ စလုံးက အစိုးရကို ကန့်ကွက်သူမရှိ ထောက်ခံရေးဆိုတာ မဖြစ်နိုင်ပါဘူး။ သန်း ၅၀ စလုံးက အစိုးရကိုထောက်ခံနေပါတယ်လို့ ပြောရင်းလည်း မဆလခေတ်ကပြောသလို ၉၉ ရာခိုင်နှုန်း ထောက်ခံပါတယ်ဆိုတာနဲ့ တူသွားနိုင်ပါတယ်။

အရေးကြီးတာက ဘယ်လမ်းကြောင်းနဲ့ပဲလျှောက်လျှောက် အများပြည်သူအတွက် အကျိုးရှိရဲ့လားဆိုတဲ့ ပေတံနဲ့ပဲ တိုင်းတာရမယ်ထင်ပါတယ်။ အဲတော့ အခု NLD အစိုးရတက်လာချိန်မှာ အများပြည်သူဘဝ အရင်ကထက် ပိုအကျိုးရှိလာသလား။ စစ်အာဏာရှင်တွေနဲ့ တရားဝင်ပေါင်းသင်းခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ အခု ၂၀၁၈ အကြား ၆ နှစ်တာကာလအတွင်း အခြေအနေကို ပြန်ကြည့်ရင် အများပြည်သူဘဝဟာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်ကနေ နည်းနည်းချင်းစီတော့ သက်သာလာနေတယ်လို့ ဆိုချင်ပါတယ်။ 

ဒါပေမဲ့ ဒီလိုသက်သာလာခြင်းဟာ ဥပဒေအရ၊ အင်စတီကျူးရှင်းတွေအရ ဒီမိုကရေစီအခွင့်အရေးတွေ အခိုင်အမာရလာနေခြင်းလား၊ ဒါမှမဟုတ် စစ်အာဏာရှင်တွေက သနားကြင်နာစိတ်ဝင်လာပြီး ယာယီပေးလိုက်တဲ့ “ကျားသနားမှ နွားချမ်းသာ” ခွင့်ရတဲ့ အခွင့်အရေးတွေမျိုးလား ဆိုတာကတော့ သိပ်မရှင်းလှသေးပါ။

တစ်နည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာ အင်စတီကျူးရှင်းအရ တစ်ဆင့်ပြီးတစ်ဆင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးဆီ စနစ်တကျသွားနေတာမျိုးမဟုတ်ဘဲ အာဏာရှင်တွေကို အလိုလိုက် အကြိုက်ဆောင်ပြီး ချော့မော့ပေါင်းသင်းနေရတဲ့ အနေအထားမှာရှိနေဆဲဖြစ်ပါတယ်။ ဒီလိုချော့ပေါင်းရင်းနဲ့ ဒီမိုကရက်တွေဘက်က အပြောအဟောကောင်းလွန်းလို့ အာဏာရှင်တွေ ဒီမိုကရက်တစ်ဖြစ်လာလေမလား၊ အာဏာရှင်ဟောင်းတွေဘက်က ပြန်စည်းရုံးလို့ ဒီမိုကရက်တွေပဲ အာဏာရှင်စတိုင် ဝင်သွားလေမလား။ အခုအစိုးရသစ်သက်တမ်း ၂ နှစ်ကျော်ကာလအတွင်းမှာတော့ ၅၀ - ၅၀ နဲ့ အပြန်အလှန် အားပြိုင်နေဆဲလို့ ယူဆရပါတယ်။

ဒီလို အကြိတ်အနယ်အားပြိုင်နေတဲ့အချိန်မျိုးမှာ ရှေ့မှာ နိဒါန်းချီခဲ့တဲ့၊ နှစ် ၃၀ ကြာ ဒီမိုကရေစီခရီးလမ်းကို စတင်ဖောက်ခဲ့တဲ့ ၈၈ ကျောင်းသားဟောင်းတွေ ဘယ်ရောက်ပြီး ဘာတွေလုပ်နေကြသလဲ။ ဒီအပြောင်းအလဲဖြစ်စဉ်မှာ ဒီလူတွေအားလုံး ပါဝင်ခွင့် အပြည့်အဝရကြပါရဲ့လား၊ ဘေးဖယ် ခံထားရသူတွေ ရှိနေဆဲလား၊ တကယ်လို့ အားလုံးကို ပါဝင်ခွင့်ပေးပါ့မယ်လို့ အစိုးရဘက်ကပြောမယ်ဆိုရင် ဒီလူတွေ အစိုးရပါတီထဲ ဝင်ကြမှာလား၊ မဟာမိတ်ပါတီထောင်မှာလား၊ အတိုက်အခံပါတီထောင်မှာလား၊ အရပ်ဘက်အဖွဲ့အစည်းတွေအဖြစ် ဆက်လှုပ်ရှားကြမှာလား၊ သာမန်အရပ်သားတွေအဖြစ်ပဲ နေကြတော့မလား။

သေချာတာကတော့ ဘယ်လိုနည်းနဲ့ပဲ နိုင်ငံရေးထဲပါဝင်ခွင့်ရသည်ဖြစ်စေ လက်ရှိဖြစ်နေတဲ့ အရပ်ဘက် - စစ်ဘက် အားပြိုင်ပွဲ၊ သို့မဟုတ် ဒီမိုကရက်တစ်အင်အားစုနဲ့ စစ်အာဏာရှင်ဟောင်းတွေရဲ့အားပြိုင်ပွဲမှာ အရပ်ဘက်အုပ်စု အင်အားကောင်းလာပြီး စစ်အာဏာရှင်အုပ်စု လုံးဝ အမြစ်ပြုတ်သွားရေးအတွက် ၈၈ အင်အားစုအားလုံး ဝိုင်းလုပ်ရမယ့်၊ ဝိုင်းလုပ်ခွင့်ပေးရမယ့်အချိန် ရောက်နေပြီဖြစ်ပါတယ်။ ။

ထက်အောင်ကျော်