News

POST TYPE

PERSPECTIVE

လက်ပံတန်း ပညာရေးသပိတ် ဖြိုခွဲခံရမှု သုံးနှစ်ပြည့်ချိန်ထိ ကျောင်းသားထု၏ တောင်းဆိုချက် မရရှိသေး
10-Mar-2018 tagged as သပိတ် ပညာရေး

ရန်ကုန်၊ မတ် ၁၀ 

လက်ပံတန်းပညာရေးသပိတ် ဖြိုခွင်းခံရသည်မှာ သုံးနှစ်ပြည့်ပြီဖြစ်သော် လည်း ကျောင်းသားထုက တောင်းဆိုခဲ့ သည့်တောင်းဆိုချက် ၁၁ ချက်ကို လက်ရှိ အချိန်ထိ မရရှိသေးကြောင်း၊ ဗကသ အနေနှင့် ယင်းတောင်းဆိုချက်များကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း ဗကသ က ထုတ်ပြန်ခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက်က သပိတ်မှောက်တောင်းဆိုခဲ့သည့် ဒီမိုကရေစီပညာရေး တောင်းဆိုချက် ၁၁ ချက် လက်ရှိအချိန်ထိ မရရှိသေး၍ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ဒီမိုကရေစီ ပညာရေး သပိတ် အကြမ်းဖက်ခံရမှု ၃ နှစ်ပြည့် အခမ်းအနားတွင် ထုတ်ပြန်လိုက်သည်။

ဒီမိုကရေစီပညာရေးသပိတ် အကြမ်း ဖက်ခံရမှု ၃ နှစ်ပြည့် အခမ်းအနားကို ဗကသက ဦးစီးကာ 
မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းတိုက်တွင် ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗကသ၏ အဆိုပါထုတ်ပြန်ချက်တွင် ဒီမိုကရေစီအရေး တောင်းဆိုချက် ၁၁ ချက်ကို ဆက်လက်ကိုင်စွဲကြ၊ ဒီမို ကရေစီပညာရေးအတွက် ဆက်လက် တိုက်ပွဲဝင်ကြဟူ၍လည်း တိုက်တွန်းထားသည်။

“လွန်ခဲ့တဲ့သုံးနှစ်က တစ်ဖက်သက် ပြဋ္ဌာန်းခဲ့တဲ့ ပညာရေး ဥပဒေကို ဆန့်ကျင်ပြီး သပိတ်မှောက်ခဲ့ကြပါတယ်။ အခု ကျွန်တော်တို့ ဒီပွဲကို လုပ်နေတာကလည်း ဒီတောင်းဆိုချက် ၁၁ ချက်ကို အခုထိ မရ သေးဘူးဆိုတာ ပြောချင်လို့ပါ။ပြီးတော့ အကြမ်းဖက်တဲ့ လုပ်ရပ်ကိုလည်း မမေ့သွားအောင်ပါ” ဟု ဗကသ ဗဟိုလုပ်ငန်း ကော်မတီဝင် ကိုမျိုးကိုက ဆိုသည်။

ထို့ပြင် ဒီမိုကရေစီပညာရေး တောင်းဆိုမှုတွင်ပါဝင်ခဲ့သော ကျောင်းသားများသည် အကျဉ်းထောင်များတွင် တစ်နှစ်ကျော်ကြာ မတရား အကြမ်းဖက် ဖမ်းဆီးခံခဲ့ရပြီး ကျောင်းသားများ တောင်းဆိုခဲ့သော တောင်းဆိုချက် ၁၁ ချက်သည် ယနေ့အထိ မရရှိသေးသည်ကို တွေ့ရှိရကြောင်း ဗကသ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ ရွေးချယ်စရာ မရှိလို့ သပိတ်မှောက်ခဲ့ကြတာပါ။ ကျွန်တော်တို့ လွှတ်တော်တွေ ဘာတွေနဲ့လုပ်တယ်။ မအောင်မြင်တော့ သပိတ်မှောက်တဲ့ နည်းလမ်းကို ရွေးချယ်စရာမရှိလို့ ရွေးချယ်ခဲ့ကြတာ။ ဆက်ပြီးလည်း တောင်းဆိုသွားဖို့ လိုအပ်ပါတယ်”ဟု ဗကသ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ကိုမိုးထက်နေက ဆိုသည်။

၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့က ပညာရေး သပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့တွင် အာဏာပိုင်များက ဖြိုခွဲခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် ရိုက်နှက်မှုများလည်း ပြုလုပ်ခဲ့ကာ ဦးဆောင်သူအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

သပိတ်မှောက်ကျောင်းသားများက ပညာရေး မူဝါဒနှင့် ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန်၊ ကျောင်းသားသမဂ္ဂများ ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင် အသိအမှတ်ပြုရေး၊ လက်ရှိ ကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရေး၊ ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း သတ်မှတ်နိုင်ရေးစသည့် တောင်းဆိုချက်များ အပါအဝင် တောင်းဆိုချက် ၁၁ ချက်ကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

J-08