News

POST TYPE

PERSPECTIVE

သဘာဝဓါတ်ငွေ့ရည်
10-Mar-2018
(၁)

သဘာဝဓာတ်ငွေ့တွင် လောင်စာအနေနှင့် ကောင်းမွန်သောအချက်များ ရှိကြပါသည်။ ၎င်းသည် သန့်ရှင်းစွာလောင်ကျွမ်းပြီး ဈေးနှုန်းချိုသာသည်။ သုံးစွဲသူတို့ထံ ပိုက်များဖြင့်ဖြန့်ချိဝေငှနိုင်ပြီး လိုအပ်သည့်အချိန်တွင် ရပ်ဆိုင်းခြင်း၊ ပို့ပေးခြင်းများကိုလုပ်နိုင်သည်။ သဘာဝဓာတ်ငွေ့ကို လောင်စာဆီအဖြစ် ရေနံနှင့် ကျောက်မီးသွေးတို့အစား ကမ္ဘာနှင့်အဝန်း အသုံးပြုနေကြပါသည်။ သို့ပါသော်လည်း ၎င်းတွင် ကြီးစွာသော ချို့ယွင်းချက်ရှိသည်။ လိုအပ်သော အပူပမာဏပေးရန် ကြီးစွာသော (Volume) ပမာဏ လိုအပ်ခြင်းပင်ဖြစ်သည်။ 

သို့သော် အဓိကလောင်စာဆီတစ်ခုအနေနှင့် ဖြစ်မလာပေ။ ၎င်းကို အသုံးပြုသောနေရာများကိုပို့ရန် စီးပွားရေးအရ တွက်ခြေမကိုက်၊ ထို့ကြောင့် သယ်ယူပို့ဆောင်ရန် နည်းလမ်းရှာကြသောအခါ ၎င်းကို အရည်အဖြစ် ပြောင်းလဲတင်ပို့ခြင်းနည်းကို တွေ့လာကြသည်။ သဘာဝဓာတ်ငွေ့ကို အပူချိန် - ၂၅၉ ံ ဖာရင်ဟိုက်(- ၁၆၂ ံစင်တီဂရိတ်) အထိ လျှော့ချသောအခါ မူလဓာတ်ငွေ့ပမာဏ၏ ၁/၆၀၀ သာ ရှိတော့သည်။ ထိုအရည်ကို သိုလှောင်ရခြင်း၊ ပို့ပေးရခြင်းမှာ ပိုက်လိုင်းဖြင့် ဓာတ်ငွေ့ကို မပို့ဆောင်နိုင်သောနေရာများသို့ ပို့ပေးရန် စီးပွားရေအရ ပိုမိုတွက်ခြေကိုက်ကြောင်း သိလာကြသည်။

(၂)

သဘာဝဓာတ်ငွေ့ LNG- Liquid Natural Gas ဟု ခေါ်ဆိုရာဝယ် အဓိကအားဖြင့် မီသိန်း (Methane)ဓာတ်ငွေ့ကိုခေါ်သည်။ ၎င်းတွင် အီသိန်းနှင့် ပရိုပိန်းနိုက်ထရိုဂျင် အနည်းငယ် (Trace) အဖြစ် ပါဝင်နိုင်သည်။ ၎င်းသည် အရောင်မရှိ၊ ကြည်လင်သည်၊ အငွေ့ပြန်အမှတ်နိမ့်ကျသည်။ စွမ်းအင်အဖြစ်သုံးကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်သည်။ သူတို့ကို ပမာဏသေးသေး ရောင်းချနိုင်ပြီး စည်တင်ထားသောကားများ ဖြင့် ရောင်းချနိုင်သည်။ သို့ပါသော်လည်း ဓာတ်ငွေ့အရည်ဖြစ်စေရန် လုပ်ရသည်မှာ စက်ရုံကြီးဖြစ်ရမည်၊ အခြားဓာတ်ငွေ့များပါ ထုတ်လုပ်သောအခါ ၎င်းတို့ကိုပို့ပေးအတွက် ပင်လယ်ကူးသင်္ဘောများ (Ocean Tanker) ကြီးများ ပါဝင်သည်။

သဘာဝဓာတ်ငွေ့ကို နီးသောနေရာမှ စားသုံးသူတို့လက်ထဲသို့ အရောက်ပေးပို့ရာတွင် ပိုက်များကို အသုံးပြုသည်။ ပို၍ဝေးသောအရပ်များသို့မူ ဖိနှိပ်ထားသော (High Pressure) ပေးပြီးပို့မှသာ တွက်ခြေကိုက်သည်။ လူနေအိမ်များသို့ပို့ရာတွင် လူဦးရေ ၂ သန်းမှ ၃ သန်းရှိသော မြို့တစ်မြို့သို့ ဥပမာ ၃၆ လက်မရှိသော ပိုက်လိုင်းဖြင့် ပေးပို့နိုင်သည်။ ဖိအားမှာ ၃၀ မှ ၁၀၀ Almosphere အထိ ပေးရသည်။

ဓာတ်ငွေ့ကို မြေကြီးထဲမှထုတ်ရာတွင် ရေနံနှင့်အတူ ထွက်လာသောကြောင့် များစွာသောနေရာများတွင် မီးရှို့ပစ်ရသည်။ မြေကြီးထဲသို့ ရေနံထုတ်လုပ်ရေးအတွက် ပြန်လည်မောင်းသွင်းရမည့်အခါလည်း ရှိသည်၊ သို့မဟုတ် အနီးအနားရှိ စက်မှုလုပ်ငန်း (Industry) များရှိလျှင်လည်း ပေးပို့အသုံးပြုနိုင်သည်။ စက်မှုလုပ်ငန်းများဆိုရာတွင် လျှပ်စစ်ထုတ်လုပ်ရေး (Electric Generator) များ ပါဝင်ပါသည်။

ဓာတ်ငွေ့များကို အိမ်သို့ အပူပေးရန်အတွက် ပေးပို့ရာတွင် လူတို့လိုအပ်ချက်မှာ အမြဲပြောင်းလဲနေသည်။ ဥပမာ အအေးပိုသော ညနေပိုင်း၊ ညဦးအချိန်များတွင် အသုံးများကြသည်။ ထိုအချိန်များတွင် မူလအချိန်များထက် ၂ ဆအထိ လိုအပ်သည်။ ထိုသို့အသုံးမလိုသောအချိန်မှ ဓာတ်ငွေ့များကို သိမ်းဆည်းထားရန် လိုအပ်လာသည်။ ထိုအခါ အရည်သို့ပြောင်းလဲသောနည်းကို အသုံးပြုရသည်။

ဂျပန်နိုင်ငံအနေနှင့် နိုင်ငံတွင်းလောင်စာဆီလိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကို နိုင်ငံခြားမှ တင်သွင်းရသည်။ ထိုသို့တင်သွင်းရန်အတွက်မူ သိုလှောင်ကန်များထားရှိရသည်။ သိုလှောင်ကန်များတွင် အဓိကမှာ အအေးခံထားရမည့်ပစ္စည်းဖြစ်သဖြင့် အပူကာ (Insulation) များ ရှိရမည်။ ဓာတ်ငွေ့များ ပြင်ပသို့ လွတ်မထွက်သွားရန် လုံခြုံရမည်။

ထိုသို့ ကြီးမားသောအလုပ်ကို လုပ်နိုင်ရန်အတွက် လူနှင့်ပစ္စည်းများ၏လုံခြုံမှု (Safety) မှာ အရေးကြီးလာသည်။ LNG မှာ ဓာတ်ဆီနှင့် ဓာတ်ငွေ့များတင်ပို့သလိုပင် ဂရုမစိုက်ပါက အန္တရာယ်အများကြီး ဖြစ်နိုင်သည်။ ဓာတ်ငွေ့ရည် လေထုအတွင်းသို့ လွတ်ထွက်မသွားစေရန် အမြဲဂရုစိုက်ရသည်။

အမေရိကန်ပြည်တွင် ကလီဗာလင်းတွင်ဖြစ်သော မတော်တဆမှုတွင် သိုလှောင်ကန်တစ်ခုမှ အပြစ်တစ်ခုကြောင့် ဓာတ်ငွေ့ရည်များသည် ပြင်ပသို့ ထွက်ကုန်သည်။ စဦးက သိုလှောင်ကန်များတွင် ဓာတ်ငွေ့ရည်များ ပြင်ပသို့ ပြန့်မထွက်စေရန် (Dike) များ၊ မြေပြင်၌ အကာအကွယ်များလည်းမရှိပေ။ အေးသောအရည်များ ပြင်ပသို့ဖောက်ထွက်ပြီး အငွေ့ပြန် မီးလောင်ပေါက်ကွဲရာတွင် လူ ၁၂၈ ဦး သေဆုံးကြရသည်။ ထိုမတော်တဆ ဖြစ်မှုဖြစ်ပြီး အနှစ် ၂၀ ခန့် ဤလုပ်ငန်းမှာ ရပ်ဆိုင်းသွားခဲ့ရာ ထိုဖြစ်ရပ်ကြောင့် အနှစ် ၂၀ ခန့် တိုးတက်မှုနောက်ကျခဲ့ရပါသည်။

ယခုအခါ ဓာတ်ငွေ့ကို အရည်အဖြစ် အအေးခံထားပြီး လိုအပ်မှ အငွေ့ပြန်ပြီး အသုံးပြုစေသောအလုပ်ကို လုပ်နေသောကုမ္ပဏီပေါင်း ၆၀ ခန့် အမေရိကားတွင် ရှိပါသည်။

LNG ဓာတ်ငွေ့ရည် သယ်ယူပို့ဆောင်ပေးသော သင်္ဘောများမှာ ၁၆၅,၀၀၀ ကုဗမီတာမျှသယ်နိုင်သည်။ ဤသည်မှာ ဘောလုံးတစ်ကွင်းစာကို ၄၀ မီတာခန့် အနက်တူးပြီး ရရှိသောနေရာပမာဏနှင့် ညီမျှပါသည်။ သယ်လာသောသော ဓာတ်ငွေ့ရည်များကို သိုလှောင်ကန်၏ ပမာဏမှာ ၅၀,၀၀၀ ကုဗမီတာထက် ၂ဆ မှ ၄ ဆခန့် ကြီးမားရမည် ဖြစ်သည်။

၁၉၇၃ ခုနှစ်က နယူးယောက်စီးတီးအနီး စတေတန်ကျွန်း သိုလှောင်ကန်တွင် မတော်တဆမှု ဖြစ်ပွားခဲ့ပြန်သည်။ ထိုကန်အကာနံရံများကို ကွန်ကရစ်ဖြင့် ပြုလုပ်ထားပြီး အပူကာအဖြစ် (Polyurethane) ကို အသုံးပြုသည်။ ဤလှောင်ကန်မှာ အသုံးပြု၍ နှစ်နှစ်ခန့်အကြာ ယိုပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းကို ပြုပြင်ရန်အတွက် ဓာတ်ငွေ့ရည်များကို စုပ်ထုတ်လိုက်သည်။ ထို့နောက် နိုက်ထရိုဂျင်ဓာတ်ငွေ့ကို မီးကြွင်းမီးစများ ပြေငြိမ်းရန်အတွက် မောင်းသွင်းသည်၊ ပြီးလျှင် လေကိုမှုတ်သွင်းပြီး အဆင်သင့်ဖြစ်မှ အလုပ်သမားများ ဆင်းကြသည်။

ထိုစဉ်တွင် အပူကာပစ္စည်းကို မီးလောင်ပြီး လှောင်ကန်အတွင်း ဖိအားတိုးပွားလာမှုကြောင့် ဒီဇိုင်းလုပ်ထားသည့်အတိုင်း အမိုးက အုံကြွလာသည်။ ကန်မှာပြိုပျက်သွားပြီး လုပ်သား ၄၀ ခန့် ပိတ်မိသေဆုံးကြရသည်။ ထိုဖြစ်စဉ်တွင် ဓာတ်ငွေ့ရည်မပါဝင်သော်လည်း ပြင်ပအမြင်မှာ မကောင်းလှပေ။ သိုလှောင်ကန်များတွင် အကာအရံများ ကွန်ကရစ် (Double Wall) ဖြစ်ပြီး အတွင်းတွင် အပူကာအဖြစ် Foam အထူ ၁ မီတာခန့် ပါဝင်ရသည်။

LNG ၏ ထူးခြားသော ဂုဏ်သတ္တိများတွင် ရေနှင့်ထိတွေ့ပါက မီးမလောင်ဘဲ ပေါက်ကွဲပျက်စီးတတ်ခြင်းပင်ဖြစ်၏။ ၁၉၇၀ ခုနှစ်က စမ်းသပ်မှုတစ်ခုတွင် ဓာတ်ငွေ့ရည်သည် ရေနှင့်တွေ့ထိသောအခါ (Flameless Vapour Explosion) ဖြစ်ခါ ကွန်တိန်နာတစ်ခု ပျက်စီးသွားရဖူးသည်။ ဓာတ်ငွေ့ရည်ပမာဏ ၁ ကုဗမီတာ၏ လေးပုံတစ်ပုံခန့် ရေထဲသို့ ဖိတ်စဉ်ကျရာတွင် ပေါက်ကွဲမှုဖြစ်ရခြင်း ဖြစ်သည်။ ဤကိစ္စဖြစ်ရပ်များတွင် မီးလောင်သောဖြစ်ရပ်မပါဝင်ပေ။ ထိုသို့ ပေါက်ကွဲမှုဖြစ်ရခြင်းမှာ ဖိတ်စဉ်ကျသော ဓာတ်ငွေ့ရည်သည် (Super Heat) ဖြစ်ရသောကြောင့်ဟု ဆုံးဖြတ်ကြသည်။

နောက်ထပ်ထူးခြားချက် တစ်ရပ်အဖြစ် အီတလီနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုတစ်ရပ်အကြောင်းပင် ဖြစ်သည်။ ဓာတ်ငွေ့ရည်ကို ၁၈ နာရီခြား၍ သိုလှောင်ကန်တွင်းသို့ ထည့်မိသည်။ အထဲမှာသိပ်သည်းခြင်းနှင့် အပူချိန်မတူညီသောအရည်သည် သတ်သတ်ဖြစ်ပြီး အသစ်ဓာတ်ငွေ့ရည်နှင့် ပေါင်းစပ်ရောသွားခြင်းမရှိပေ။ ထိုအခါ ကန်အတွင်း ဖိအားများ တိုးပွားလာပြီး Safety Valve များ ပွင့်ထွက်ခါ ဓာတ်ငွေ့ရည် ၁၅၀,၀၀၀ ကီလိုဂရမ်မျှ ဖိတ်စင်ကျခဲ့သည်။ ဤအဖြစ်အပျက်ကို (Rollover) ဖြစ်ရပ်ဟု ခေါ်သည်။ ထိုအချိန်မှစပြီး နောင်တွင် ဤအဖြစ်မျိုးမဖြစ်ရအောင် လုပ်နည်းလုပ်ဟန်များကို ပြုပြင်ပေးခဲ့ရသည်။

ဤကဲ့သို့ ပေါက်ကွဲသော အဖြစ်အပျက်နှစ်မျိုးတို့ကြောင့် ဓာတ်ငွေ့ရည်ဖိတ်စင်ကျပါက အဆိပ်အတောက်မဖြစ်သော်လည်း ပမာဏများပြားပါက ဘေးပတ်ဝန်းကျင်မှ အောက်ဆီဂျင်ကို စုပ်ယူခါ (Phyxiation) ဖြစ်နိုင်သည်။ ထိုအခါ အလွန်အေးခဲပြီး နိမ့်ကျသောအပူချိန်ကြောင့် ရေခဲနှင့် တွေ့သောအခါတွင်ကြုံရသော (Snow Bite) ကဲ့သို့သောအဖြစ်များ ဖြစ်နိုင်သည်။

ဤဓာတ်ငွေ့ရည်၏ ပြဿနာမှာ မီးလောင်ခြင်းပင်ဖြစ်သည်၊ ထိုအရာသည် မီးတစ်ပွင့် (Open Fire) နှင့် တွေ့ပါက ဓာတ်ဆီမီးကဲ့သို့ မီးလောင်တော့သည်။ မီးပွင့်နှင့် မတွေ့မီ ချက်ချင်းမီးမလောင်လျှင်လည်း ထိုဓာတ်ငွေ့များသည် ပတ်ဝန်းကျင်ကို လျင်မြန်စွာ အုပ်စိုးသွားတော့သည်။ မီးပွင့်နှင့်တွေ့သည့်အခါ ပေါက်ကွဲမီးလောင်တော့သည်။

သိုလှောင်ကန်ထဲတွင်ရှိနေသော ဓာတ်ငွေ့ရည်သည် အပြစ်ကင်းစင်သည့် အရည်တစ်မျိုးပင် ဖြစ်ပါသည်။ အငွေ့ပြန်နိုင်ပြီး ပြင်ပလေနှင့် မတွေ့မထိသမျှ အန္တရာယ်မဖြစ်နိုင်ပါ။ အကယ်၍ လေထုအတွင်းသို့ လွတ်ထွက်သွားလျှင်သာ ပြင်ပပတ်ဝန်းကျင်ကို ဒုက္ခပေးနိုင်သည်။ ထို့ကြောင့် သိုလှောင်ကန်များ တည်ဆောက်ရာတွင် ပြင်ပသို့ ဓာတ်ငွေ့ရည်များ မယိုထွက်ရအောင် ထိန်းသိမ်းကြရသည်။ ပြင်ပလေမုန်တိုင်းများ၊ ငလျင်လှုပ်မှုများ ဖြစ်ပေါ်လာပါက အန္တရာယ်တစ်စုံတစ်ရာမဖြစ်ရအောင် ဆောက်လုပ်ရေးဒီဇိုင်းများ ရေးဆွဲကြရပါသည်။ လွန်ခဲ့သော အနှစ် ၅၀၊ ၁၀၀ အတွင်း အတွေ့အကြုံများကို အခြေခံ၍ ထိုသို့ရေးဆွဲကြရခြင်း ဖြစ်ပါသည်။

(၃)

ယခုအခါမြန်မာပြည်တွင် LNG ကို စွမ်းအင်တစ်မျိုးအဖြစ်အသုံးပြုရန် ရည်ရွယ်ထားရှိကြောင်း သိရပါသည်။ ဓာတ်ငွေ့ရည် အသုံးပြုရေးအတွက် လုပ်စရာအလုပ်များမှာ အများအပြားရှိကြပါသည်။ အခြားအသုံးပြုဖူးသော နိုင်ငံရပ်ခြားမှ အတွေ့အကြုံများကို သင်ခန်းစာယူသင့်ကြောင်း တင်ပြလိုက်ရပါသည်။

ကိုသန်းလွင်