News

POST TYPE

PERSPECTIVE

အကြည်ညိုပျက်အောင် လုပ်နိုင်သလား
08-Mar-2018
အခုတစ်လောမှာ ကြည်ညိုလေးစားမှုနှင့်ပတ်သက်တဲ့ စကားလုံးတွေ၊ အသံတွေကို တော်တော်များများ ကြားနေရပါတယ်။ အထူးသဖြင့်ကတော့ အဖွဲ့အစည်းတစ်ခုအပေါ်မှာ အကြည်ညိုပျက်အောင် ပြုမှုဆိုတာ ဘယ်လိုဟာကိုခေါ်တယ်၊ အကြည်ညိုပျက်အောင်ပြုမိရင်တော့ ဘယ်လိုပြစ်ဒဏ်မျိုးတွေ ကျခံရနိုင်တယ်ဆိုတဲ့ကိစ္စတွေ။ ဒီနေရာမှာ စဉ်းစားဆင်ခြင်မိသမျှလေးကို အဓိကတင်ပြချင်တာကတော့ ကြည်ညိုလေးစားမှုဆိုတာ ဖျက်ဆီးလို့ရကောင်းတဲ့ အရာမျိုးလား၊ ဖျက်ဆီးလို့ရတယ်ဆိုရင်လည်း သူ့ကိုဘယ်သူတွေက ဖျက်ဆီးပစ်နိုင်ပါလိမ့်မလဲဆိုတဲ့ ကိစ္စပါ။ 

ဒါက တကယ်လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ကြည်ညိုလေးစားမှုဆိုတာ လူတိုင်းလိုလား နှစ်သက်ကြတဲ့ အရာတစ်ခုပါ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုအားလုံးက လေးစားနေကြတာကို လိုချင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားချင်ကြတယ်။ ကြည်ညိုလေးစားမှုကို ရသထက် ရချင်တယ်။ ဒီလေးစားမှုလေးကို လျော့မသွားစေချင်ဘူး၊ အထိခိုက်မခံနိုင်ဘူး။ ဒါက သဘာဝကျတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမဲ့သူ့ကို ဖန်တီးနိုင်တာက ဘယ်သူလဲ။ ဖျက်ဆီးနိုင်တာကကော ဘယ်သူလဲ။ ဒါ စဉ်းစားစရာ တစ်ခုပါ။ 

ကြည်ညိုလေးစားမှုကို ပတ်ဝန်းကျင်က ဖန်တီးပေးလို့ရတယ်လို့ ယူဆကြတာတွေလည်း ရှိပါတယ်။ ရှိတော့ ရှိပါတယ်။ ဥပမာတွေပြောရရင်တော့ အများကြီးပါ။ ဘိုးတော်လိုလို ဘာလိုလို အတုအယောင် ဇာတ်ခင်းနေတဲ့ သူတစ်ယောက်လို့ပဲ ဆိုကြပါစို့။ သူ့ကို ကြည်ညိုလာအောင်၊ ကိုးကွယ်ချင်လာအောင် သူကိုယ်တိုင်က ပြောဆိုဖန်တီးသလိုပဲ သူ့ရဲ့တပည့်လက်သား လူယုံတော်တွေကလည်း အလံရှူးလုပ်ကြတယ်လေ။ ဒီဆရာကြီးက ဘယ်လောက်အထိစွမ်းတာ။ သူ့ကိုဆည်းကပ်တဲ့သူတွေကို ဘယ်အတိုင်းအတာအထိကို မစနိုင်တာ။ သူ့ကို ကိုးကွယ်ဆည်းကပ်လို့ လက်တွေ့အောင် မြင်ကြီးပွားသွားတဲ့သူတွေကတော့ ဘယ်ရွေ့ဘယ်မျှ ဂဏန်းချပြလို့ကို မရနိုင်တော့ဘူး။ တကယ်ဆို သူက ထွက်ရပ်လမ်းကို ကြွမြန်းရတော့မှာ။ သတ္တဝါတွေကို သနားကရုဏာထားလွန်းလို့သာလျှင် လောကီလူတောထဲမှာ အခုလို ကယ်မပေးနေရတာ။ အထက်ပုဂ္ဂိုလ်ကြီးတွေကလည်း သူ့ကိုမှ စိတ်ချတာလေ။ သူ့ကိုပဲတာဝန်တွေ ပေးထားကြတာပေါ့။ စသည်စသည်အားဖြင့် ကြုံဖူးကြမှာပေါ့။ ဒါကို ဘေးကဖန်တီးပေးတဲ့ ကြည်ညိုလေးစားမှုလို့ပြောရင် ရနိုင်မှာပါ။

ဒီလိုလုပ်ရပ်တွေရှိပါတယ်။ ရှိတယ်ဆိုတာထက် ပေါကိုပေါပါတယ်။ ယုံမိကြတဲ့သူတွေကလည်း တကယ့်ကို မနည်းမနောပါ။ ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်လာရင် လမ်းလွဲကိုလိုက်မိလျက်သား ဖြစ်သွားကြတဲ့သူတွေ တစ်ပုံကြီးပါ။ ဒါပေမဲ့ ဒီယုံကြည်မှုက ဘယ်လောက်အထိ ခံနိုင်သလဲဆိုရင် အစစ်အမှန် မတွေ့သေးခင်အချိန်အထိပါပဲ။ တကယ့်အစစ်အမှန်က ဘာလဲဆိုတာကို သိလာတဲ့တစ်နေ့မှာတော့ စောစောကပြောတဲ့ အလံရှူးရှူးခံလိုက်ရလို့ ကြည်ညိုမိတဲ့ ကြည်ညိုမှုလေးတွေက အားလုံးလွင့်စဉ် ကွယ်ပျောက်သွားတာပါပဲ။ တန်ခိုးကြီးတယ်၊ အစွမ်းထက်တယ်၊ အဟုတ်ကို မနိုင်တယ်ဆိုလို့ တကယ်သွားကြည့်ရင် လက်တွေ့ကြုံမှ ယုံကြမှာပါ။ တကယ်မဟုတ်ဘဲ လုပ်ကြံလံကြုတ် ဇာတ်လမ်းကြီးမှန်း သိသွားကြရင်တော့ ကြာကြာခံမှာမဟုတ်ပါဘူး။ 

ဒီတော့ ကြည်ညိုလေးစားမှုဆိုတာ ပတ်ဝန်းကျင် လူပြောသူပြောတွေထက် ကိုယ့်ကိုယ်၌ကသာ ဖန်တီးပေးနိုင်တယ်လို့ ပြောချင်ပါတယ်။ ငါ့ကိုကြည်ညိုပါ။ ငါ့ကိုလေးစားကြစမ်းပါကွာလို့ ပြောဆိုကြော်ငြာနေဖို့လည်း လိုဟန်မတူပါဘူး။ 

တိတ္ထိခြောက်သောင်းကို နေ့စဉ်ဆွမ်းကပ်နေတဲ့ အသောကမင်းကြီးက နိဂြောဓသာမဏေလေး ဆွမ်းခံကြွလာတာကို တစ်ခဏလေး ဖူးမြင်လိုက်ရရုံနဲ့ ကြည်ညိုလေးစားသွားခဲ့တယ်။ အရည်းကြီးတွေကို ကိုးကွယ်နေတဲ့ အနော်ရထာမင်းမြတ်က အရှင်အရဟံကို တစ်ခဏလေး ဖူးမြင်လိုက်ရရုံနဲ့ ကြည်ညိုလေးစားပြီးတော့ ထေရဝါဒ ဗုဒ္ဓသာသနာတော်အပေါ်မှာ ယုံကြည်သက်ဝင်သွားခဲ့တယ်။ ဒီအရှင်မြတ်တွေက သူတို့ကို ကြည်ညိုပါ လေးစားပါလို့ မပြောခဲ့ကြပါဘူး။ သူတို့ရဲ့ သွားပုံ လာပုံ နေပုံ ထိုင်ပုံ ဣရိယာပုတ်ကို မြင်ရုံနဲ့သာ ဒါတော့ဖြင့် သူတော်ကောင်းအစစ် ဖြစ်လိမ့်မယ်လို့ ယုံကြည်ပြီး ကြည်ညိုလေးစားသွားကြတာပါ။ ဘေးက လူပြောသူပြောနှင့် မဆိုင်ပါဘူး။ တကယ့် သူတော်ကောင်းတရားက ဒီအရှင်မြတ်တွေရဲ့ သန္တာန်မှာ အစစ်အမှန် ကိန်းဝပ်နေလို့သာလျှင် သူတို့နဲ့ထိုက်တန်တဲ့ ကြည်ညိုလေးစားမှု၊ ယုံကြည်သက်ဝင်မှုတွေကို ရသွားကြတာပါ။

ကြည်ညိုလေးစားမှုကို ဘေးကဖန်တီးပေးလို့မရနိုင်တဲ့ အကြောင်းကို ဥပမာတွေတင်နေရရင်တော့ အများကြီးပါ။ အများကြီးမှ တကယ့်ကို အများကြီးရှိမှာပါ။ ဒီနေရာမှာတော့ ဒီလောက်ဆိုရင် လုံလောက်ပြီ ထင်ပါတယ်။ ဒါဆိုရင် အကြည်ညိုပျက်အောင်လုပ်ဖို့ကကော ဘယ်သူတွေက စွမ်းနိုင်သလဲ။ ဘေးပတ်ဝန်းကျင်ရဲ့ အပြောအဆိုတွေက ကိုယ့်အပေါ်မှာ ဖြစ်တည်နေတဲ့ ကြည်ညိုလေးစားမှုလေးကို ဖျက်ဆီးပစ်လိုက်နိုင်သလား ဆိုတာကို ဆက်လက်ဆင်ခြင်ဖို့လိုဦးမှာပါ။ 

တခြားကိုမကြည့်နဲ့လေ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုပဲကြည့်။ ဘုရားရှင်ကို မကြည်ညိုအောင်၊ မလေးစားအောင် တိတ္ထိဆရာကြီးတွေရော၊ တက္ကတွန်းတွေရော အားလုံးဝိုင်းပြီး ကြိုးစားခဲ့ကြတယ်။ စိဉ္စမာနဆိုတဲ့ ခပ်ချောချော ခပ်လှလှ မိန်းကလေးကလည်း ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့်တူအောင် ပျဉ်ချပ်ဖောင်းဖောင်းဖုဖုလေး သူ့ဗိုက်မှာချည်ပြီးတော့ ပရိသတ်ဗိုလ်ပုံအလယ်မှာ တရားဟောနေတဲ့ ဘုရားရှင်ကို သွားစွပ်စွဲတယ်လေ။ ဪသာ်၊ အရှင်ကသာ တရားဟောနေနိုင်တာ၊ အကျွနု်ပ်မှာတော့ဖြင့် အရှင်နဲ့ရတဲ့ကိုယ်ဝန်ကြီး နေ့စေ့လစေ့ကြီးနဲ့ ကြည့်ပါဦး စသည်အားဖြင့်ပေါ့။ ဘုရားကို အကြည်ညိုပျက်အောင် လုပ်ခဲ့ပါသေးတယ်။ ဖျက်ဆီးခဲ့ပါသေးတယ်။ ဒါပေမဲ့ တကယ်ကော အောင်မြင်ခဲ့ရဲ့လား။ နတ်သားလေးယောက်က ကြွက်ယောင်ဆောင်ပြီး ပျဉ်ချပ်ချည်တဲ့ကြိုးတွေကို ကိုက်ဖျက်ချလိုက်လို့ ကိုယ်ဝန်အတုဆိုတာ ဘွားခနဲ ပေါ်ပေါက်သွားခဲ့တယ်လေ။ 

နောက်ထပ် သုန္ဒရီပရိဗိုဇ်မကလည်း ဒီလိုပဲ ထပ်ပြီးကြိုးစားခဲ့သေးတယ်။ ညချမ်းအချိန်တွေ ဇေတဝန်ကျောင်းတော်နားသွား၊ မယောင်မလည်လုပ်ပြီးတော့ ညညမှာ ကျောင်းတော်ထဲသွားပြီး အိပ်ခဲ့ရလေဟန်တွေ လုပ်တယ်။ မနက်မနက်တွေကျရင်လည်း ဆွမ်းပို့လာတဲ့သူတွေ မမြင်မြင်အောင် ကျောင်းထဲကထွက်ထွက်လာပြီး ညကကျောင်းမှာပဲ အိပ်ခဲ့လေဟန်တွေ လုပ်တယ်။ ဘေးကမေးရင်လည်း ရှင်ကြီးဂေါတမနဲ့ ဂန္ဓကုဋီထဲမှာ အတူတူအိပ်ခဲ့ကြတာလေလို့ ပြောဆိုတယ်။ နောက်ပိုင်းမှာ သူ့ဆရာ တိတ္ထိကြီးတွေက သူ့ကိုသတ်ပြီး အလောင်းကို ဇေတဝန်ကျောင်းတော်အနီးက အမှိုက်ပုံနားမှာသွားထားပြီးတော့ ဘုရားရှင်နှင့် သံဃာတော်တွေကပဲ ကိုယ်ဝန်ကိစ္စကို လက်စလက်နဖျောက်ချင်လို့ အလောင်းဖျောက် ဖုံးဖိ ထားကြလေဟန်တွေ ဖန်တီးခဲ့ကြတယ်။ အကြည်ညိုပျက်အောင် စနစ်တကျအကွက်ဆင်ပြီးတော့ တပည့်လက်ရင်းတစ်ယောက်ရဲ့ အသက်ကိုရင်းပြီးတော့တောင်မှ ဖန်တီးခဲ့ကြတယ်။ သူတို့ရဲ့လုပ်ကြံမှုလည်း မအောင်မြင်ခဲ့ဘူးလေ။ နောက်ပိုင်းတော့ ထန်းရည်မူး ကျွဲခိုးပေါ်ဆိုသလို လူသတ်သမား သေသောက်ကျူးတွေရဲ့ စကားကျွံရာကနေတစ်ဆင့် အမှုမှန်ပေါ် သွားခဲ့တယ်။ အကြည်ညိုပျက်အောင်လုပ်ခံရတဲ့ ဘုရားရှင်မှာတော့ ကြည်ညိုမှုတွေ တိုးသထက်သာ တိုးလို့လာခဲ့တယ်။ ဒီအဖြစ်အပျက်နှင့် ဆက်နွှယ်ပြီးတော့ ဘုရးကိုယ်တော်မြတ်ကြီးက မဏိသူရကဇာတ်တော်ကို ဟောကြားခဲ့တယ်။ 

တစ်ခါတုန်းက ဘုရားလောင်းရသေ့ဟာ ဟိမဝန္တာတောအလယ်က ပတ္တမြားလိုဏ်ဂူကြီးအနီးမှာ ကျောင်းသင်္ခမ်းနဲ့ သီတင်းသုံး ပျော်မွေ့နေတော်မူတယ်။ အဲ့ဒီ ပတ္တမြားလိုဏ်ဂူအနီးမှာ တောဝက်သုံးဆယ်ကလည်း အုပ်စုဖွဲ့ နေထိုင်ကျက်စားနေကြတယ်။ ခြင်္သေ့ကြီးတစ်ကောင်လည်း နေတယ်။ ခြင်္သေ့ရဲ့အရိပ်က ပတ္တမြားဂူမှာ လာထင်တော့ ဒါကိုမြင်ရတဲ့ဝက်တွေက တထိတ်ထိတ် တလန့်လန့်ဖြစ်ကြရတယ်။ ကြောက်လန့်စိတ်ကြောင့် ကြုံလှီပိန်ကပ်ကုန်ကြတယ်။ 

ဒီတော့ အကြံထုတ်တာပေါ့။ ဉာဏ်နီဉာဏ်နက်တွေ၊ ဉာဏ်ဝါဉာဏ်စိမ်းတွေ သုံးကြတော့တာပေါ့။ ပတ္တမြားဂူကြီး အရောင်မှိန်သွားအောင် ဝက်တွေက ရွှံ့ဗွက်တွေထဲမှာ အရင်လူးပြီး ဂူကိုသွားသွားပွတ်ကြတယ်။ ဒါပေမဲ့ ဝက်တွေက ရွှံ့နဲ့ပွတ်လေ၊ ပတ္တမြားဂူက ပိုပိုပြီးတော့ ပြောင်လက်ပြီး အရောင်ထွက်လာလေလေ ဖြစ်နေတယ်။ ဒါကို ကြံရာမရဖြစ်ပြီး ဝက်တွေက ဘုရားလောင်းရသေ့ထံ သွားလျှောက်တင်ကြတယ်။ ဘုရားလောင်း ရသေ့မြတ်က ဝက်တွေကို ဒီလိုပြန်ပြောတယ်။

အယံ မဏိဝေဠုရိယော၊ အကာစော ဝိပုလော သုဘော။
နာဿ သက္ကာ သိရိ ံဟန္တုံ၊ အပက္ကမထ သူကရော။

သူကရာ- ဝက်တို့၊ အယံမဏိ-ဤပတ္တမြားသည်၊ ဝေဠုရိယော-ကြောင်မျက်ရွဲတည်း။ အကာစော-မကြမ်း၊ ဝိပုလော-ပြန့်ပြောသော အရောင်ရှိ၏၊ သုဘော-တင့်တယ်၏။ အဿ-ထိုပတ္တမြား၏၊ သိရိ ံ- အရောင်အဝါကို၊ ဟန္တုံ- ဖျောက်အံ့သောငှါ၊ နသက္ကာ- မတတ်ကောင်း၊ တုမှေ-သင်တို့သည်၊ အပက္ကမထ- ဖဲကြကုန်လော့။

ဘုရားလောင်းရဲ့စကားကိုကြားပြီးတော့မှ ဝက်တွေက ပတ္တမြားဂူကို အရောင်မှိန်အောင် ဖျက်ဆီးလို့မရမှန်းသိပြီးတော့ ဝေးရာအရပ်ကို ရှောင်သွားကြတော့တယ်။ 

ဒီတော့ ပြန်ချုပ်လိုက်ရင် ကြည်ညိုလေးစားမှုကို ပတ်ဝန်းကျင်က ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူပြောသူပြောတွေကြောင့်၊ သွားပုပ်လေလွင့် ပုတ်ခတ်ပြောဆို ကဲ့ရဲ့ကြတာတွေကြောင့် ကိုယ့်ကိုထိခိုက်ရင်လည်း ခဏပဲဖြစ်မှာပါ။ အဖြစ်မှန်မပေါ်ခင် အချိန်အတိုင်းအတာအထိပဲ ဖြစ်မှာပါ။ ဒါကိုထည့်တွက်နေလို့ ဖြစ်မှာမဟုတ်ပါဘူး။ 

ဒီလိုပြောတာက ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုဘူးလို့ ပြောနေတာမဟုတ်ပါဘူး။ ကိုယ်လုပ်စရာရှိတာကိုသာ အာရုံစူးစိုက်ပြီးလုပ်နေဖို့ ဆိုလိုရင်းဖြစ်ပါတယ်။ အများအကျိုး၊ ရွက်သည်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့လို့ ရှေးသူတော်ကောင်း ဆရာတော်ဘုရားကြီးတွေက ဆုံးမခဲ့တယ်လေ။ ပြောချင်ရာပြောပါစေ အရွဲ့တိုက်ပြီးတော့ကို ဆက်လုပ်လိုက်ဦးမယ်လို့တော့ လုပ်လို့မရဘူးပေါ့။ စိတ်ကောင်းနှင့်ယှဉ်ပြီးတော့ ဆက်လက် လုပ်ကိုင်ရမယ်လို့ ဆုံးမထားပါတယ်။ 

ဘေးပတ်ဝန်းကျင်က မှားယွင်းတဲ့ အပြောအဆိုတွေကြောင့် ကိုယ့်အပေါ် အကြည်ညိုပျက်တယ်ဆိုရင်လည်း ဒီကိစ္စက ခဏပဲ၊ အဖြစ်မှန် မပေါ်ခင်အချိန်အထိပဲ ဖြစ်နေမှာဖြစ်သလို ဘေးတီးတီးပေးလို့ ကိုယ့်ကို အသားလွတ် ကြည်ညိုလေးစားလာကြတာဆိုရင်လည်း ဒါက ခဏပဲခံမယ်၊ ရေရှည်ကြာကြာခံနိုင်မှာ မဟုတ်ဘူးဆိုတာကို သတိမူစေချင်ပါတယ်။ ဒီတော့ ကြည်ညိုလေးစားမှုနှင့် ပတ်သက်လာရင် အမှန်တကယ် အာရုံစိုက်ရမှာက ကိုယ့်ကိုယ်ကိုယ်ပါ။ 

ကိုယ့်ကို လူတွေ ဝိုင်းချီးကျူးနေကြပြီလား။ ဒါဆိုရင် သူတို့ချီးကျူး ဩဘာပေးတဲ့အချက်တွေ ကိုယ့်မှာ အမှန်တကယ် ရှိနေရဲ့လားဆိုတာကို ပြန်သုံးသပ်ပြီးတော့ တကယ်မရှိသေးရင် ရှိအောင်ကြိုးစားဖို့လိုသလို ရှိထားရင်လည်း ဆက်လက်တည်မြဲနေအောင် ကြိုးစားထိန်းသိမ်းဖို့လိုမှာပါ။ 

ကိုယ့်ကို လူတွေက ဝိုင်းကဲ့ရဲ့ပြီးတော့ အကြည်ညိုပျက်အောင် လုပ်နေကြပြီလား။ ဒါဆိုရင်လည်း သူတို့ သွားပုပ်လေလွင့်ပြောတဲ့ကိစ္စတွေက ကိုယ့်မှာ အမှန်တကယ်ဖြစ်နေတာလား ဆိုတာကို ပြန်သုံးသပ်ရမှာပါ။ မှန်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြုပြင်ဖို့ပဲ အာရုံစိုက်ရမှာပါ။ ဒီလိုမပြောကြနဲ့။ မင်းတို့ပြောတာလွဲနေပြီ ဆိုပြီးတော့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာနေဖို့မလိုသလို မင်းတို့ဆက်ပြောရင်တော့ ငါတို့ကလည်း ဘယ်လိုပြန်လုပ်လိုက်မယ်နော် ဆိုတာမျိုးလည်း ပြောနေဖို့မလိုပါဘူး။ သူတို့ပြောတာမမှန်ဘူး၊ သက်သက်မဲ့ကို ပုတ်ခတ်ဝေဖန်နေတာဆိုရင်လည်း သိပ်ပြီးတော့ အာရုံစိုက်နေလို့မဖြစ်ပါဘူး။ မငဲ့မစောင်း ကိုယ့်လမ်းကြောင်းကိုသာ စိတ်ကောင်းနှင့်ယှဉ်ပြီး ရှေးရှုနှင်ကြရမှာပါ။

ကိုယ့်ကိုအကြည်ညိုပျက်အောင် လုပ်နိုင်သလားဆိုတဲ့ ခေါင်းစဉ်ပါ မေးခွန်းကို ပြန်ဖြေရရင် လုပ်နိုင်တယ်လို့ပဲဖြေရမှာပါ။ ဒါပေမဲ့ အဲ့ဒီလုပ်နိုင်တဲ့သူက ဘေးပတ်ဝန်းကျင်ကလူတွေ မဟုတ်ပါ။ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကြည်ညိုအောင်ရော၊ အကြည်ညိုပျက်အောင်ရော ဘယ်သူကမှ လုပ်မပေးနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်ကသာ လုပ်နိုင်ပါတယ်။

ဒီတော့ အကြည်ညိုပျက်အောင်လုပ်ခြင်း မလုပ်ခြင်းနှင့်ပတ်သက်လို့ ဘေးကိုအာရုံအရမ်းစိုက်နေစရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်သာ ပို၍ပို၍ အာရုံစိုက်နေသင့်ပါတယ်။ ဘေးပတ်ဝန်းကျင် လူပြောသူပြောနဲ့ ပတ်သက်လို့ကတော့ ကိုယ်ကိုယ်တိုင်ကသာ ပတ္တမြားအစစ်ဖြစ်နေပါစေ၊ ကိုယ့်အရောင်မှိန်သွားအောင် ဘယ်ဝက်ကမှ ရွှံ့နှင့်လာလူးလို့ မရပါဘူးလို့ ဆိုလိုက်ပါရစေခင်ဗျာ။ 

သိုက်စိုးထွန်း (နတ်ရွာ)