News

POST TYPE

PERSPECTIVE

မြန်မာနိုင်ငံတွင် အခြေခံစပါးဈေးနှုန်း ပထမဆုံး သတ်မှတ်
07-Mar-2018
နေပြည်တော် ၊ မတ် ၆

စပါးပေါ်ချိန်တွင် သာမန်စပါးအမျိုးအစားများသည် ဈေးနှုန်းကျဆင်းလေ့ရှိသည့်အတွက် လယ်သမားအများစု၏ အကျိုးစီးပွားကာကွယ်ရန် ဧည့်မထ၊ ဇီယာစသည့် သာမန်မျိုးစပါးဈေးကို တင်းတစ်ရာလျှင် (၄၆ ပေါင်) ကျပ် ငါးသိန်း အခြေခံဈေးထားပြီး ဝယ်ယူရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်လိုက်သည်။

မတ်လ ၆ ရက်နေ့က နေပြည်တော် MICC 2 ၌ ပြုလုပ်သည့် မြန်မာ့ဆန်စပါး ကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ ၂၀၁၈ တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းမှုဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆန်စပါးအခြေခံဈေးနှုန်း သတ်မှတ်ထုတ်ပြန်ခြင်းသည် မြန်မာနိုင်ငံ၏ ဆန်စပါးလောကတွင် ပထမဆုံးအကြိမ် သတ်မှတ်ထုတ်ပြန်ခြင်း ဖြစ်သည်။

“ဆန်က ပြည်သူတွေ အဓိကစားသုံးနေတဲ့ အစားအစာဖြစ်တာကြောင့် ဒီနိုင်ငံထဲမှာ မှန်ကန်တဲ့ဈေးနဲ့ ဆန်ရနိုင်ဖို့ အရေးကြီးတယ်။ တစ်ဖက်မှာလည်း ပြည်ပကိုပို့တဲ့အခါ အကျိုးအမြတ်ရစေမယ့် ပစ္စည်းတစ်ခုအနေနဲ့ ကြည့်ဖို့လိုပါတယ်။ ဒီလို နှစ်ခုစလုံးဘက်ကကြည့်မှ အောင်မြင်နိုင်မှာ”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားသည်။

ယခု သတ်မှတ်လိုက်သည့် အခြေခံဈေးနှုန်းသည် ၂၀၁၈ ခုနှစ် နွေစပါးပေါ်ချိန်နှင့် မိုးစပါးပေါ်ချိန်အထိသာ အကျုံးဝင်မည်ဖြစ်ပြီး ပြင်ပဈေးကွက်ပေါက်ဈေးသည် ယခုအခြေခံဈေးနှုန်း အထက်၌ ဖြစ်ပေါ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်း အောက်ရောက်နေပါက အခြေခံဈေးဖြင့်သာ ဝယ်ယူရမည်ဖြစ်ကြောင်း၊ အခြေခံဈေးဖြင့် ဝယ်ယူမည့်စပါးများတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းအထိ ရှိရမည်ဖြစ်ပြီး အဖျင်း အမှော်ဖုန် သဲခဲ စသော အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းဖြင့် ကိုက်ညီသည့် စပါးများ ဖြစ်ရမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အနည်းဆုံဈေးကို ၅ သိန်းသတ်မှတ်လိုက်တာ ကောင်းပါတယ်၊ ဒီထက်နိမ့်ရင် လယ်သမားတွေမှာ စိုက်စရိတ် ကူလီစရိတ်တွေ မလိုက်နိုင်တော့ဘူး၊ နောက်တစ်ချက်က စိုက်စရိတ်ပြန်ဆပ်တဲ့ အချိန်ကို ပြင်ပေးသင့်တယ်၊ စပါးပေါ်လောက်တဲ့ အချိန်လောက်ဆပ်ရတော့ လယ်သမားတွေ မပြေလည်ဘူး။ ချေးငွေပြန်ဆပ်တဲ့ အချိန်ကို ပြင်ပေးသင့်တယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုသတ်မှတ်လိုက်တာကို ကြိုဆိုပါတယ်”ဟု မကွေးတိုင်းဆန်စက် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းထိုက်က ဆိုသည်။ 

ယခုသတ်မှတ်ပေးလိုက်သည့် အခြေခံစပါးဈေးနှုန်းသည် လက်ရှိပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိကြောင်း၊ လက်ရှိစပါးဈေးသည် အတက်ဈေးတွင်ရှိနေကြောင်း ကုန်သည်များနှင့် တောင်သူများက ဆိုသည်။

“ဒီအခြေခံဈေးနှုန်း သတ်မှတ်တာ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် နည်းတောင်နည်းသေးတယ်။ မြေပြင်မှာ ပေါက်နေတာက တင်း ၁၀၀ ကို ငါးသိန်းခွဲလောက် ပေါက်နေတာ။ ဒါပေမဲ့ အခြေခံဈေးနှုန်းလို့ ပြောထားတဲ့အတွက် လေးသိန်းခွဲ မဖြစ်သွားဘူးပေါ့။ သွင်းအားစုရယ်၊ ကုန်ထုတ်လုပ်မှု မမျှမတဖြစ်နေတဲ့ တောင်သူတွေအတွက် ဒီနှစ်အတွက်ကတော့ အဆင်ပြေပါတယ်” ဟု ဒလမြို့နယ်မှ မိဘဂုဏ်ရည် ဆန်စက်ပိုင်ရှင် ဦးဆွေဦးက မှတ်ချက်ပြုသည်။

ယခုအခြေခံဈေးနှုန်းသည် တောင်သူများအတွက် နည်းပါးပြီး လက်ရှိမနောသုခ စပါး တင်း ၁၀၀ လျှင်ပင် ကျပ်ခြောက် သိန်းကျော်နှင့် ပဒေသာစပါးတင်း ၁၀၀ လျှင် ကျပ်ခုနစ်သိန်းခွဲခန့် ပေါက်ဈေးရှိကြောင်း မကွေးတိုင်းဒေသကြီး၊ စကုမြို့နယ်မှ တောင်သူ ဦးနေနေက သုံးသပ်ပြောကြားသည်။

အခြေခံစပါးဈေးနှုန်း သတ်မှတ်ခြင်းကို တောင်သူလယ်သမားများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်၊ အကျိုးအမြတ်၊ ပြည်တွင်း ဈေးကွက်ဈေးနှုန်းများ၊ နိုင်ငံတကာဈေးနှုန်းများ စသည့် အခြေအနေများကို လေ့လာသုံးသပ်၍ စိုက်ပျိုးထုတ်လုပ်မှု ရာသီအတွက်ဖြစ်သင့်သည့် အခြေခံဈေးနှုန်းကို ရာသီအလိုက် ထုတ်ပြန်ပေးမည်ဖြစ်ပြီး တောင်သူလယ်သမားများအနေဖြင့် အခြေခံဈေးနှုန်းဖြင့် ရောင်းချရန် အခက်အခဲရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မြို့နယ်ကိုယ်စားလှယ်များ၊ အသင်းချုပ်ရုံးချုပ်တို့ထံ ဆက်သွယ်တင်ပြနိုင်ကြောင်း ဆန်စပါးအသင်းချုပ်၏ ယခုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ယခင်နှစ်များတွင် မိုးစပါးစိုက် ၁၅ သန်းကျော်ဧကတွင် အထွက်တင်းသန်းပေါင်း ၁၀၉၉ တင်း ကျော်ထွက်ရှိပြီး နွေစပါးစိုက်ဧက၂၄ သန်းကျော်တွင် ထွက်ရှိတင်းမှာ သန်းပေါင်း ၂၂၇ တင်းဖြစ်သောကြောင့် စုစုပေါင်း အထွက်တင်းမှာ သန်းပေါင်း ၁၃၂၆ တင်းထွက်ရှိကြောင်းနှင့် လက်ရှိလူဦးရေအရ ဖူလုံမှုနှုန်းမှာ ၁၆၀ ရာခိုင်နှုန်းကျော်ရှိသည်ဟု လယ်ယာစိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တရားဝင် ထုတ်ပြန်ထားသော စာရင်းဇယားများတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းတင်ပို့နိုင်ခဲ့ခြင်းသည် နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး တောင်သူလယ်သမားများကို အခြေခံ၍ ဆန်အများဆုံးထွက်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်စေရန်အတွက်လည်း အစိုးရနှင့်သက်ဆိုင်ရာ လုပ်ငန်းရှင်များ၊ လယ်သမားများအနေနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 

J-11၊ J-20

 



  • VIA