News

POST TYPE

PERSPECTIVE

အိမ်အကူကို အက်စစ်ဖြင့်ပက်မှု အိမ်ရှင်နှင့်ကျူးလွန်သူကို ပုဒ်မနှစ်ခုစီဖြင့်ဖမ်းဆီး
04-Mar-2018

မန္တလေး၊ မတ် ၃

ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် အိမ်အကူလုပ်ကိုင်နေသော အမျိုးသမီးငယ်တစ်ဦးကို အက်စစ်ဖြင့်ပက်မှုဖြင့် အိမ်ရှင်အမျိုးသမီးနှင့် ကျူးလွန်သူအမျိုးသမီးကို ပုဒ်မနှစ်ခုစီဖြင့် ဖမ်းဆီးထားကြောင်း အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ခွဲ (မန္တလေး) မှ တပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးဇင်က ပြောကြားသည်။ 

“အက်စစ်နဲ့ပက်ခဲ့တဲ့ အမျိုးသမီးကိုရော၊ အိမ်အကူအဖြစ်ခိုင်းစေနေတဲ့ အိမ်ရှင်အမျိုးသမီးကိုရော ပုဒ်မနှစ်ခုနဲ့ အရေးယူထားတာပါ။ ပုဒ်မနှစ်ခုလုံးက ထောင်ဒဏ်ဆယ်နှစ်ကနေ တစ်သက်တစ်ကျွန်းအထိချလို့ရတဲ့ ပုဒ်မတွေဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုတွင် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်နေသူသည် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာမှ မနန်းမေဇင်ဦးဆိုသူဖြစ်ကာ ၂၀၁၀ ပြည့်နှစ်ကတည်းက အက်စစ်ဖြင့် အလောင်းခံခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါအမျိုးသမီးငယ်သည် မတ်လ ၁ ရက်နေ့က ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး မန္တလေးတိုင်း အမျိုးသမီးရေးရာအဖွဲ့နှင့်တွေ့ဆုံကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာမှ အသက် ၁၄ နှစ်ခန့်အရွယ်ရှိ မနန်းမေဇင်ဦးကို ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် နေထိုင်သည့် ဒေါ်မိုးမိုးဆိုသူက ၎င်းပိုင်စတိုးဆိုင်တွင် တစ်လလျှင် တစ်သောင်းကျပ်ဖြင့်အလုပ်လုပ်ရန် ၂၀၀၈ ခုနှစ်က ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်မိုမိုး၏ စတိုးဆိုင်တွင် နှစ်လခန့်သာအလုပ်လုပ်ကိုင်ခဲ့ရပြီး ဆိုင်ပိတ်လိုက်သည့်အတွက် သမီးဖြစ်သူ ဒေါ်နီနီနုနွယ်၏အိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်နေခဲ့ကြောင်း၊ ယင်းသို့ လုပ်ကိုင်စဉ် ၂၀၁၀ ပြည်နှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်၏မောင်က မနန်းမေဇင်ဦးကို ချစ်ရေးဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး ဒေါ်နီနီနုနွယ်က အက်စစ်ဖြင့်ပက်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“အသေးစိတ်စစ်ဆေးကြည့်တဲ့အခါမှာ ကလေးမလေးကို ဒေါ်မိုးမိုးက မွေးစားသမီးလိုသဘောထားခဲ့တယ်ပြောပါတယ်။ ဖြစ်သွားတာက လူငယ်သဘာဝ ချစ်ရေးဆိုတာကနေ စတယ်။ အဲ့ဒါဖြစ်ပြီး သူတို့က ကလေးမလေးကို ပိတ်လှောင်ထားတာ၊ လစာမပေးတာတွေပါ လုပ်လာကြတော့ ဥပဒေအရ ပြစ်မှုမြောက်သွားတာပေါ့”ဟု ယင်းအရာရှိက ရှင်းပြသည်။ 

ယင်းသို့ အက်စစ်နှင့်အပက်ခံရမှုကြောင့် မနန်းမေဇင်ဦး၏ ဘယ်ဘက်ဦးခေါင်းမှစကာ ကိုယ်တစ်ခြမ်းလုံးဒဏ်ရာရရှိခဲ့ပြီး မျက်စိတစ်ဖက် ကွယ်သွားခဲ့ကာ ဘယ်ဘက်လက်မှာလည်း ကွေးဆန့်၍ မရသည့် အခြေအနေသို့ရောက်ရှိသွားခဲ့ကြောင်း မန္တလေးတိုင်း အမျိုးသမီးရေးရာအဖွဲ့ထံမှလည်း သိရသည်။

မနန်းမေဇင်ဦးကို အခန်းတစ်ခုအတွင်း ပိတ်လှောင်ထားခဲ့ပြီး ဒဏ်ရာများ သက်သာလာချိန်တွင်လည်း အိမ်ထဲမှအိမ်ပြင်မထွက်စေဘဲ အိမ်အလုပ်များခိုင်းခဲ့ကြောင်း၊ လွန်ခဲ့သောတစ်ပတ်ခန့်က နန်းမေဇင်ဦး အိမ်အလုပ်များလုပ်ကိုင်နေစဉ် အမှိုက်ပုံးပြုတ်ကျသွားခဲ့သည်ကို ဒေါ်နီနီနုနွယ်က ကန်ကျောက်ခဲ့ခြင်း၊ ဝက်စာပုံးအတွင်းသို့ မျက်နှာကိုနှစ်ခြင်းများ ပြုလုပ်လာခြင်းကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက ပြောကြားသည်။ 

ဒေါ်မိုးမိုးတို့အနေနှင့် မနန်းမေဇင်ဦး အလုပ်လုပ်ကိုင်နေသည့် ဆယ်နှစ်တာကာလအတွင်း လုပ်အားခအပြည့်အဝပေးချေခဲ့ခြင်းမရှိဘဲ စတင်လာရောက်စဉ်က နှစ်သောင်းကျပ်၊ အက်စစ်ဖြင့်ပက်ပြီးသည့်နောက်ပိုင်းတွင် တစ်သိန်းကျပ် တစ်ကြိမ်၊ နှစ်သိန်းကျပ် တစ်ကြိမ်သာ ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ 

လုပ်အားခမပေးခြင်း၊ ညှဉ်းပန်းနှိပစက်ခြင်း၊ ပိတ်လှောင်ထားရှိခဲ့ခြင်းများ ကျူးလွန်ခဲ့သည့် ဒေါ်နီနီနုနွယ်နှင့် ဒေါ်မိုးမိုးတို့ကို မတ်လ ၁ ရက်နေ့က ဖမ်းဆီးထားပြီး အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ)၁၀၁/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၄/ ၃၂ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ 

လက်ရှိတွင် မနန်းမေဇင်ဦးကို အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့က စောင့်ရှောက်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားကာ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နိုင်ရန် ဆောင်ရွက်ပေးနေကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

M-04