News

POST TYPE

PERSPECTIVE

ဆန္ဒဝတော ကိံနာမကမ္မံ နသိဇ္ဈတိ
26-Feb-2018


“ဆန္ဒဝတော-ဆန္ဒရှိသောသူအား၊ ကိံနာမကမ္မံ-အဘယ်မည်သော ကိစ္စသည်၊ နသိဇ္ဈတိ-မပြီးစီးဘဲ ရှိနိုင်အံ့နည်း၊ ပြီးစီးရမည်သာတည်း”

ယနေ့မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြောင်းရမည်လော၊ ပြင်ဆင်ရမည်လော၊ တည်ရှိပြီးဖြစ်သည့်အတိုင်းသာ ထားရမည်လောဟူသော အငြင်းပွားမှုနှင့်ပတ်သက်၍ ပြောင်းလဲလျှင်လည်းရ၏၊ ပြင်လျှင်လည်းရ၏၊ ရှိပြီးသားအတိုင်းထားလျှင်မူ မကောင်းဟူ၍ ဆုံးဖြတ်ရမည်သာ ဖြစ်ပါသည်။ (စာရေးသူ၏ ဆုံးဖြတ်ချက်) 

ဖွဲ့စည်းပုံအခြေခံဥပဒေအား ရေးဆွဲရသည့် ရည်ရွယ်ချက်မှာ အစိုးရနှင့်ပြည်သူကြား အစိုးရမှပြည်သူများနှင့် ပတ်သက်၍ မည်သို့မည်ပုံ အုပ်ချုပ်မည်၊ ထိုသို့အုပ်ချုပ်ရာတွင် ပြည်သူများက လိုက်နာရမည်ဟူသော ပဋိညာဉ် တစ်ရပ်သာဖြစ်ပါသည်။ (နားလည်ရမည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍ ထားခြင်းမှာ နိုင်ငံသူ၊ နိုင်ငံသားများအား အစိုးရက ကာကွယ်စောင့်ရှောက်ရန်အတွက် တစ်နည်းအားဖြင့် အုပ်ချုပ်သူက နိုင်ငံသူနိုင်ငံသားများအတွက် ဝန်ထုပ်ဝန်ပိုး တစ်နည်းအားဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအား အနိုင်မကျင့်နိုင်စေရေးအတွက် ပြဋ္ဌာန်းသည့် ဥပဒေသာဖြစ်ပါသည်။) 

ကမ္ဘာပေါ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ရေးသားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (Written Constitution) နှင့် မရေးသားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (Unwritten Constitution) ဟူ၍ နှစ်မျိုးရှိပြီး ပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းပုံအခြေခံဥပဒေ (Rigid Constitution) နှင့် ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းပုံအခြေခံဥပဒေ (Flexible Constitution) ဟူ၍ နှစ်မျိုးသာရှိပါသည်။ 

ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်ဖြစ်စေ၊ ပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်စေ လိုအပ်လာပါက ပြင်ဆင်ပြောင်းလဲနိုင်ရမည်သာ ဖြစ်ပါသည်။ “လိုအပ်လာပါက” ဆိုသော စကားရပ်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခေတ်ကာလအလျောက် မလျော်သောအချိန်သို့ ရောက်ရှိလျှင်သော်လည်းကောင်း၊ နိုင်ငံသားများ၏ အခွင့်အရေးကို ထိခိုက်စေလျှင်သော်လည်းကောင်း အုပ်ချုပ်သူအချင်းချင်း အာဏာခွဲဝေရာတွင် ညီမျှမှုမဖြစ်ပါက ထိုဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြောင်းလဲ သို့မဟုတ် ပြင်ဆင်ရမည်သာ ဖြစ်ပါသည်။

အထက်တွင်ဖော်ပြခဲ့သည့် ဆန္ဒရှိပါက ပြီးစီးရမည်ဟူသော တရားတော်လာစကားအရ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင် (သို့မဟုတ်) ပြောင်းလဲရန်လိုအပ်နေကြောင်း သိရှိနေပါလျက် ထိုသိရှိသည့် အကြောင်းအရာကို မလုပ်ဆောင်နိုင်ခြင်းမှာ ဝီရိယနှင့်စိတ်ဓာတ် လိုအပ်နေခြင်းကြောင့်သာဖြစ်ကြောင်း စာရေးသူအနေနှင့် ရှုမြင်ပါသည်။

ဤနေရာတွင် စာရေးသူက အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပုံကို အကျဉ်းချုပ်အနေနှင့် တင်ပြလိုပါသည်။

အမေရိကန်နိုင်ငံသည် ၁၇၇၆ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရန်အတွက် အမျိုးသားခေါင်းဆောင်များက ညီလာခံတစ်ရပ် ကျင်းပရန် ဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ ညီလာခံကျင်းပရန် ဆောင်ရွက်ရခြင်းမှာ အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီးတွင် မညီညွတ် ကွဲပြားလျက်ရှိသောကြောင့် ပြည်နယ်များခွဲထွက်၍ သီးခြားပြည်နယ်များ ဖြစ်သွားမည့်အရေးကို စိုးရိမ်သောကြောင့် အမျိုးသားခေါင်းဆောင်များက ညီလာခံတစ်ရပ် ကျင်းပရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ 

သို့အတွက် မေလ ၂ ရက် ၁၇၈၇၊ တနင်္လာနေ့တွင် Philadelphia မြို့၊ လွတ်လပ်ရေးခန်းမဆောင်၌ ညီလာခံကျင်းပနိုင်ရန်အတွက် ပြည်နယ်များ၏ ခေါင်းဆောင်များထံ အကြောင်းကြားခဲ့ပါသည်။ ထိုသို့ အကြောင်းကြားခဲ့သော်လည်း ရက်သတ္တပတ် နှစ်ပတ်ကျော်သည့်တိုင်အောင် ပြည်နယ်ခေါင်းဆောင်အချို့က ရောက်ရှိလာခဲ့ခြင်း မရှိပါ။ နောက်ဆုံးတွင် လုံလောက်သည့် ကိုယ်စားလှယ်ဦးရေ အနေအထား ရောက်ရှိသည့်အချိန်တွင်မူ ဝါရှင်တန်အား ဥက္ကဋ္ဌအဖြစ် ရွေးမြှောက်၍ ညီလာခံကျင်းပခဲ့ကြပါသည်။ ထိုညီလာခံအား ကိုယ်စားလှယ် ၅၅ ယောက်သာ အမြဲတမ်း တက်ရောက်ခဲ့သော်လည်း ကိုယ်စားလှယ်အဖြစ် ၇၄ ဦးအား ခန့်အပ်ခဲ့ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ခဲ့ပြီး ၁၇-၉-၁၇၈၇ နေ့တွင် အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအား အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြပါသည်။ လက်မှတ်ရေးထိုးခဲ့သည့် ကိုယ်စားလှယ်ဦးရေမှာ ၃၉ ဦးရှိပြီး အခြားသူများမှာ ထိုအချိန်က လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပါ။ 

အထက်ပါဖြစ်စဉ်အရ အမေရိကန်နိုင်ငံ၏ အမျိုးသားခေါင်းဆောင်များအား သတင်းစာဖြင့် ပုတ်ခတ်ခြင်း၊ အမျိုးမျိုးသိက္ခာချခြင်းများ ပြုလုပ်ခဲ့သော်ငြားလည်း ယနေ့တိုင် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တည်ရှိဆဲဖြစ်ပြီး အချိန်အခါအလျောက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခဲ့ရသည်လည်း ရှိပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရာ၌ လွှတ်တော်တွင် ပြင်သကဲ့သို့ လွှတ်တော်၏ပြင်ပတွင်လည်း ပြင်ဆင်နိုင်ရန် အမေရိကန် အမျိုးသားခေါင်းဆောင်များက တွေးခေါ်မြော်မြင်၍ လုပ်ဆောင်ခဲ့ကြပါသည်။ ထို့အတူ အမေရိကန်ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအတွက် အမေရိကန်နိုင်ငံ၏ တရားလွှတ်တော်ချုပ်က လည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်များကလည်းကောင်း ပြင်ဆင်နိုင်စေရန်အတွက် လမ်းစဖော်ဆောင်ပေးခဲ့ပါသည်။ 

သို့ရာတွင် ထိုလမ်းစဖော်ပေးခြင်းနှင့် ပတ်သက်၍ မည်သည့်အမျိုးအစား၊ မည်သည့် ကဏ္ဍပါဝင်ရမည်ဟူသောအချက် မထည့်သွင်းခဲ့သည့်အတွက် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန်မှာ အခက်အခဲများစွာ ဖြစ်ခဲ့ရပါသည်။ သို့ရာတွင် ပြင်ဆင်နိုင်သလောက် ပြင်ဆင်ခဲ့ပြီး ဖြစ်ပါသည်။ 

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အုပ်ချုပ်ရေးကာလအတွင်း ပေါ်ပေါက်လာသည့် ဥပဒေဖြစ်ရာ (Self-appointed) ကဲ့သို့ဖြစ်နေပြီး ထိုဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော ဦးသိန်းစိန် (ယခင် နိုင်ငံတော်သမ္မတ) မှာ တပ်မတော်မှပင်ဖြစ်ပြီး ထို ဦးသိန်းစိန် (သမ္မတ) လက်ထက်က အုပ်ချုပ်ရေးတွင်ပါဝင်ခဲ့သော အုပ်ချုပ်သူအားလုံး၏ (၉၉ ဒသမ ၉) ရာခိုင်နှုန်းမှာ တပ်မတော်သားများပင် ဖြစ်ခဲ့ကြပါသည်။

ထိုဦးသိန်းစိန် လက်ထက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ရန်မလိုအပ်သော်လည်း ယခု အစိုးရလက်ထက်တွင်မူ မဖြစ်မနေပြင်ဆင်ရန်မှာ အလွန်အရေးကြီးကြောင်း မြင်သာမှုရှိနေပါသည်။ ယနေ့မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မည်ဆိုပါက ပုဒ်မ (၄၃၃)၊ ပုဒ်မ (၄၃၅)၊ ပုဒ်မ (၄၃၆) (က)၊ ပုဒ်မ (၄၃၆) (ခ) တွင် ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ခန့် ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားရာ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) အား မလွဲမသွေ ပြင်ဆင်ရမည်သာဖြစ်ပါသည်။ 

အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်အား ပုဒ်မ (၁၀၉) အရ ဖွဲ့စည်းရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၄၀ ဦးဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦးထက် မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဟူ၍ ပြဋ္ဌာန်းထားရာ တပ်မတော်ဘက်မှ ၁၁၀ ဦးမှာ ပြည်သူ့လွှတ်တော်တွင် ၃ ချိုး ၁ ချိုး ပါဝင်နေသဖြင့် ၇၅ ရာခိုင်နှုန်းကျော်ရန်မှာ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦးထဲက ၁ ဦးပါဝင်မှသာ ၇၅ ရာခိုင်နှုန်းကျော်မည်ဖြစ်သဖြင့် များစွာ အခက်အခဲရှိနေပြီဖြစ်ပါသည်။ 

ထိုသို့အခက်အခဲဖြစ်ရခြင်းမှာ ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် အုပ်ချုပ်ရေးဘက်၊ တရားစီရင်ရေးဘက်တွင် ပါဝင်သူအားလုံးလိုလိုပင် တပ်မတော်သားချည်းများသာဖြစ်ရာ အာဏာခွဲဝေကျင့်သုံး ဆောင်ရွက်ရာတွင် ပြဿနာဖြစ်ပွားမှု မရှိနိုင်သော်လည်း ယနေ့အစိုးရမှာ အားလုံးလိုလို တပ်မတော်သားချည်းမဟုတ်သဖြင့် အာဏာခွဲဝေကျင့်သုံးရာတွင် (Dead Lock)မှာ မဖြစ်မနေ နေရာတိုင်းတွင် ပေါ်ပေါက်လျက်ရှိပါသည်။ ရှိနေမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ တပ်မတော်အနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးများကို ဝင်ရောက်ဆောင်ရွက်နေမည်ဆိုပါက မြန်မာနိုင်ငံ၏ ကာကွယ်ရေးမှာလည်း လစ်ဟင်းသွားမည်ဖြစ်ရာ ယနေ့မြန်မာနိုင်ငံတော်၏ ဖြစ်ပေါ်နေသော ပဋိပက္ခများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်းမှာ မလွဲမသွေပြုလုပ်ရမည့်၊ လုပ်ဆောင်ရမည့် အဓိကကဏ္ဍသာဖြစ်ကြောင်း ပေါ်ပေါက်လျက်ရှိပါသည်။

ဤနေရာတွင် ပညာရှင်ဟူသည်မှာ မိမိတို့လုပ်ကိုင်သည့် အလုပ်နှင့်ပတ်သက်၍ အသေးစိတ် သိရှိဆောင်ရွက်နိုင်မှသာ ပညာရှင်ဟု ခေါ်ဆိုရမည်ဖြစ်ပါသည်။ လူတစ်ဦးတစ်ယောက်အနေနှင့် စွယ်စုံတတ်မြောက်ရန်မှာ မလွယ်ကူသကဲ့သို့ နိုင်ငံ၏အရေးအရာများကို ဆောင်ရွက်နေသူများအနေနှင့်လည်း စွယ်စုံမဆောင်ရွက်သင့်ပါ၊ စွယ်စုံဆောင်ရွက်နိုင်သူများမရှိဟု မဆိုလိုပါ၊ ရှိနိုင်ပါသည်။ သို့ရာတွင် စွယ်စုံဆောင်ရွက်နိုင်သူများဟု အဆိုရှိသူများအနေနှင့် မိမိတို့ဆောင်ရွက်သည့်ကိစ္စမှာ ပြီးမြောက်မှု ရှိ/မရှိကို လေ့လာဆန်းစစ်ရန် လိုပါသည်။ တစ်နည်းအားဖြင့် နိုင်ငံ၏တိုးတက်မှု ရှိ/မရှိကို သုံးသပ်ရန်လိုမည်ဖြစ်ပါသည်။

ဤနေရာတွင် ဥပမာအနေအားဖြင့် စစ်ဘုရင်ကစားသူ တစ်ယောက်အနေနှင့် မိမိ၏အဆင့်နှင့် သင့်တော်သည့်အခြေအနေအား လေ့လာသုံးသပ်ရန်ဖြစ်ပြီး မိမိသည် ကမ္ဘာ့စစ်ဘုရင်ချန်ပီယံကိုပင် ကစားနိုင်ကြောင်း ပြောလိုက ပြောနိုင်ပါသည်။ သို့ရာတွင် အများသိကြသည့်အတိုင်း ကစားနိုင်ပါသည်ဟု ဆိုငြားသော်လည်း အနိုင်အရှုံးမှာ ပေါ်ပေါ်ထင်ထင်တွက်ဆ၍ အဖြေမှာ ကြိုတင်သိရှိနိုင်ပြီး ဖြစ်ပါသည်။ 

ဝန်နှင့်အား မျှရန်လိုပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်၏ ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ လိုက်လျောညီထွေဖြစ်စေရန်မှာ နိုင်ငံ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် စိတ်ကောင်း၊ စေတနာကောင်းဖြင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးများအား အဘက်ဘက်မှ မြင့်မားစေရန်အတွက် ယခုလက်ရှိ နိုင်ငံအုပ်ချုပ်သူများအနေနှင့် စိတ်ကောင်း စေတနာကောင်း၊ ရည်ရွယ်ချက်ကောင်း၊ အလုပ်ကောင်းဖြင့် သက်သေပြရန်လိုအပ်ပြီး မိမိနေရာရရှိရေး၊ မိမိနာမည်ကြီးစေရန် ဆောင်ရွက်မှုများကို ရှောင်သင့်ပြီး နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယခုအချိန်တွင် အမှန်တကယ်ပြင်ဆင်ရန် လိုအပ်ပါကြောင်းနှင့် အမှန်တကယ် ပြင်ဆင်လိုစိတ်ရှိပါက ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း Lord Bryce မှ အောက်ပါအတိုင်း ရေးသားခဲ့သည်ကို တင်ပြလိုက်ရပါသည်။

“Thus the American Constitution has necessarily changed as the nation has changed, has changed in the spirit with which men regard it, and therefore in its own spirit”

ဦးရီစိန် (တရားလွှတ်တော်ရှေ့နေ)