News

POST TYPE

PERSPECTIVE

ငြိမ်း စု စီ ဥပဒေကြမ်းကို ပြင်းထန်စွာကန့်ကွက်ကြောင်း နိုင်ငံရေးပါတီ ၂၁ ခု ပူးတွဲထုတ်ပြန်
25-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အမျိုးသားလွှတ်တော်တွင် ဆွေး နွေးနေသော ငြိမ်းစုစီဥပဒေအား ပြင်ဆင်မည့် ဥပဒေမူကြမ်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ယခင်အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၁ ခုက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်လိုက်သည်။

ယင်းဥပဒေမူကြမ်း၏ ပုဒ်မ ၁၈ တွင် ဖော်ပြထားချက်များမှာ နိုင်ငံသားများ၏ မူလအခွင့်အရေး လျော့ပါးစေရန် စီမံဖန်တီးမှု တစ်ခုဖြစ်ပြီး အာဏာပိုင်များ၏ လုပ်ရပ်အလွဲအမှားများကို မည်သို့မျှ ထောက်ပြဆန့်ကျင်ခြင်း မပြုနိုင်စေရန် ထိန်းချုပ်မှုအဖြစ် ရှုမြင်သောကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ ရေရှည်အကျိုးစီးပွားအလို့ငှာ ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဥပဒေမူကြမ်း၏ ပုဒ်မ ၁၈ တွင် မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူတို့၏ကိုယ့်ကျင့် တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုကိုသော်လည်းကောင်း သုံးစွဲပြီး အခြားသူ တစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကိုပြုကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်း ခံရလျှင်ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

ယင်းအပြင် ပုဒ်မ ၁၈ မှလွဲ၍ ဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျုးလွန်ပါက ပြစ်မှုကျုးလွန်သည့်နေ့မှစ၍ ၁၅ ရက်အတွင်း သက်ဆိုင်ရာ တရားရုံးကို တရားစွဲဆိုတင်ပို့ရမည်ဟု အစားထိုးလိုကြောင်း တင်သွင်းချက်တွင် ဖော်ပြထားသည်။

E-02