News

POST TYPE

PERSPECTIVE

ကျွန်တော်တို့ အားလုံးသည် သက်ရှိထင်ရှား သမိုင်းဆရာများ ဖြစ်ကြ၏
20-Jul-2016

(၁)

ပုဂံပြည် နရသီဟပတေ့မင်းကြီး၏ အမတ်ပညာရှိကြီး ရာဇသင်္ကြန်တွင် ပုဂံအုတ်လှကြီး၊ ညောင်ဦးအုတ်လှငယ် ဟူ၍ သား နှစ်ယောက်ရှိ၏။ အဖ အနိစ္စ ရောက်သောအခါ အဖ၏ အမည်ကို လုကြရာ မင်းကြီးက “အမည်သည် လိုရင်း မဟုတ်။ သတ္တိ အရည်အချင်းသာ လိုရင်းဖြစ်သည်၊ အမည် မလုကြနှင့်”ဟု ဆို၍ အကြီးကို “အနန္တ ပစ္စည်း”၊ အငယ်ကို “ရန္တပစ္စည်း”ဘွဲ့ အမည်ပေးတော်မူ၏။

ဤတွင် အုတ်လှငယ် အကြောင်းကား... ၊ တစ်ခါသော် ရခိုင်ပြည်ဘက် မစ္ဆဂီရိ အရပ်၌ ပုန်ကန်သည်ကို နှိမ်နင်းရာ ရာဇသင်္ကြန်ပါ စစ်သူကြီး လေးယောက်ကို မှူး၍ စေလွှတ်လိုက်သည်။ မစ္ဆဂီရိစားလည်း မခံနိုင်၍ အညံ့ခံပြီးလျှင် အသက်ကို လွှတ်ပါဟု အခွင့် တောင်းလာ၏။ ထိုအကြောင်းကို ရာဇသင်္ကြန်သား အဆိုပါ အုတ်လှငယ်ကို သံတော်ဦးတင် စေလွှတ်၍ အုတ်လှငယ်သည် စလင်းသို့ ရောက်လျှင် နေ့ ည မရွေး လှေဖြင့် ဆန်လေ၏။

မင်းကြီးလည်း “စစ်က ဆက်စာတမန် မရောက် ကြာလေသည်”ဟု လေသာပြတင်းက ကြည့်မျှော်သော်၊ အဝေးမှ ရွက်တိုက် လာသည့် လှေကို မြင်တော်မူလျှင် စစ်က လွှတ်လိုက်သော သံလှေ ဖြစ်တန်ရာသည်ဟု  စစ် အကြောင်းကို သိလိုဇောနှင့် မေးစေ၏။ အုတ်လှကား စစ်အကြောင်းကို မလျှောက်၊ ကျွန်တော် အုတ်လှ လာသည် ဟူ၍သာ လျှောက်လိုက်၏။

မင်းကြီးက “ငါကြောင့်ကြတော်မူ၍ အလျင်အမြန် မေးစေသည်ကို ဤသို့ လျှောက်ရသလော။ ငအုတ်လှကို သတ်လေ”ဟု သူသတ်ကို စေတော်မူ၏။ သူသတ်တို့ ဓား တဖွေးဖွေးနှင့် လှေသို့ တက်လာမှ အကြောင်းကို သိရသော် “စစ်ရေးသာကြောင်းကို လျှောက်ပါရစေဦး”ဟု ဆို၏။ သူသတ်တို့လည်း မင်းကြီးအား လျှောက်သော် “အုတ်လှငယ် လာစေဦး”ဟု မိန့်တော် မူပြန်သည်။ ရှေ့သို့ ရောက်သော် မိမိ၏ ဦးခေါင်း၌ ပေါင်းထားသော အဝတ်ကို ချွတ်ဖွင့်လေ၏။ ဆံပင်များ အထွေးထွေး ကျွတ်ကျလေသည်။ ကျသော ဆံပင်မှာလည်း သန်းနှင့်ကျိကျိ ရှိသည်ကို မင်းကြီး မြင်စေပြီးမှ “အရှင့် အမှုတော်ကို ဦးဆွေး ဆံမြည့် ထမ်းပါသည်၊ အရှင်မြင်တော် မမူပါ။ အလွယ်တကူ မလျှောက်သာသောကြောင့် ကျွန်တော် မလျှောက်လိုက်ခြင်း ဖြစ်ပါသည်”ဟု လျှောက်လေ၏။

(၂)

ထိုအခါမှ မင်းကြီးက ဟုတ်မှန်လှပေသည်ဟု ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းတော်မူ၍ ရေမိုးချိုး၊ နံ့သာလိမ်း၊ အဝတ်ကောင်း ဝတ်၊ အစားကောင်း စားစေပြီးမှ စစ်အကြောင်းကို လျှောက်စေ၏။ စစ်အကြောင်းကို ကြားရသော် “မစ္ဆဂီရိစားမှစ၍ တစ်မြို့လုံးကို သစ္စာပေးပြီးလျှင် သားနှင့် ညီတို့ကို ပုဂံသို့ ယူခဲ့စေ”ဟု အမိန့်တော် ချလိုက်လေသတည်း။

(မြန်မာ့ဂုဏ်ရည် ရာဇဝင် ဖတ်စာ၊ အမျိုးသားပညာဝန် ဦးဖိုးကျား)

အထက်ဖော်ပြပါ ပုဂံရာဇဝင်ထဲက သူရဲကောင်း အုတ်လှငယ် သေဘေးမှ သီသီလေး လွတ်ခဲ့သည့် သမိုင်းမှတ်တမ်းကို ကျွန်တော် မူလတန်း ကျောင်းသားဘဝကပင် အကြိမ်ပေါင်း များစွာ ဖတ်ရှုခဲ့ဖူးသည်။ ဖတ်ပြီးလေတိုင်း မင်းဧကရာဇ်တို့၏ အမျက် မာန်စောင်ကြီးပုံကို ထိတ်လန့်ရပြီး အုတ်လှငယ်ခမျာ ကံကြီး၍ မသေလေခြင်းဟု သက်ပြင်း ချမိသည်ချည်းပင်ဖြစ်၏။ ထိုမှ တစ်ဆက်တည်းတွင် ယင်းဖြစ်ရပ်တွင် ပါဝင်သူ အားလုံး၏ လုပ်ရပ်နှင့် အပြုအမူတို့ကို အဖန်ဖန် တလဲလဲ ဆန်းစစ်နေမိခဲ့သည်။

နရသီဟပတေ့ (မင်းခွေးချေး) ကား သက္ကရာဇ် ၆၁၇ ခုနှစ်တွင် အမတ်ကြီး ရာဇသင်္ကြန်၏ အစောင်အမဖြင့် ပုဂံထီးနန်းကို ရခဲ့သူဖြစ်၏။ အငြူအစူ အမျက်မာန်စောင် ပြင်း၏။ အစားအသောက် ကြူး၏။ မိဖုရား စောလုံကို သံကျပ်စင် တင်၍ သတ်ခဲ့သူဖြစ်၏။ အမတ်ကြီး ရာဇသင်္ကြန်ကို အမျက်တော် ရှိ၍ ဒလဟူသော အရပ်သို့ နယ်နှင်ခဲ့သူဟု မှန်နန်းရာဇဝင်တွင် ဖော်ပြသည်။

မင်းဧကရာဇ် တစ်ဦး အနေနှင့် စစ်သတင်းကို အလျင်စလို သိလိုစိတ်အား လူ့သဘာဝဟု နားလည် ပေးနိုင်သော်ငြား သူ၏ ထီးနန်းစည်းစိမ်ကို ကာကွယ်ရန် အသက်ကို ပဓာန မထားဘဲ တိုက်ပွဲ ဝင်ခဲ့သည့် မင်းမှုထမ်းကောင်းအား အသေအချာ စိစစ်ခြင်း မရှိဘဲ သူသတ်လွှတ်၍ သတ်စေခြင်းကား အလွန် အရုပ်ဆိုး အကျည်း တန်သည်ဟုသာ ဆိုရပေမည်။ အကယ်၍သာ အုတ်လှငယ်ကို သူသတ်တို့ သတ်ပြီးခါမှ နရသီဟပတေ့ အနေနှင့် ဖြစ်ရပ်မှန်ကို သိပါမူ မြန်မာ့သမိုင်းတွင် အဖြစ်ဆိုး မှတ်တမ်း တစ်ခု ထပ် တိုးခဲ့ပေလိမ့်မည်။

ယင်းဖြစ်ရပ်တွင် အုတ်လှငယ်ဘက်မှ တစ်ဖန် ပြန်လည်စဉ်းစား ကြည့်မိသည့်အခါ မင်းဧကရာဇ်စေ၍ မေးလာသူအား “နိုင်တယ်လို့ လျှောက်လိုက်ပါကွာ”ဟူသော လိုရင်း အဖြေ စကား တစ်ခွန်းကို အဘယ်ကြောင့် မဖြေခဲ့လေသနည်း ဟူသောအချက်သည် စဉ်းစားထိုက်၏။

(၃)

အုတ်လှငယ်သည် စစ်သတင်းကို ဧကရာဇ်ထံ တင်ပြရန် နေ့ ည မရွေး လှေဖြင့် အပြင်းဆန်ခဲ့သူ ဖြစ်သည်။ အဖြစ်မှန် အရနိုင်သည်ဟူသော သတင်း စကား တစ်ခုတည်းဖြင့် မလုံလောက် မစ္ဆဂီရိကို အောင်နိုင်ပုံ၊ မစ္ဆဂီရိစား၏ အသနားခံချက်တို့ကို အုတ်လှငယ် ကိုယ်တိုင် အလေးအနက် လျှောက်တင်မှသာ ပြည့်စုံမည်ဖြစ်သည်။

ဆက်၍ စဉ်းစားရန် ရှိသေး၏။ မင်းစေလိုက်သော မင်းချင်းသည် အုတ်လှငယ်၏ လှေအား ကမ်းစပ်သို့ ဦးစွာ ကပ်စေလျက် အုတ်လှငယ်နှင့် မျက်နှာချင်းဆိုင် စကားဆိုခဲ့ရဟန် မတူချေ။ ဘုရင့်ထံ အရေးကြီးသတင်း တစ်ရပ် အလျင်အမြန် သံတော်ဦးတင်မည့် လှေကို မင်းချင်းက ကမ်းကပ်ပါဦးဟု ခေါ်ဝံ့မည်လည်း မဟုတ်သဖြင့် မြစ်ကမ်း နဖူးတွင်ရပ်ကာ မြစ်တွင်းက လှေဆီသို့ အော်ဟစ် မေးမြန်းခဲ့ခြင်းသာ ဖြစ်တန်ရာသည်။ ထိုအခြေအနေတွင် အုတ်လှငယ် အနေနှင့် မင်းချင်းကို ဇာတ်စုံခင်းရန် မည်သို့မျှ အခွင့် မသာချေ။

ဤနေရာ၌ မင်းချင်း၏ အပြုအမူကို ဆက်လက် ဆန်းစစ်လိုသည်။ မင်းချင်းသည် အုတ်လှငယ်အား မကျေနပ်စိတ်အခံ နဂိုမူလကပင် ရှိနေသလော။ တိကျသော အဖြေစကားကို သူမှတစ်ဆင့် မပါးလေသဖြင့် အုတ်လှငယ်ကို ငြိုငြင်လေသလော။ စဉ်းစားတွေးတောထိုက်သည်ဟု ကျွန်တော် ထင်မြင် ယူဆသည်။

အသွားတမန် အပြန်ရှေ့နေ ဟူသော မြန်မာစကားပုံ တစ်ရပ်ရှိသည်။ နှစ်ဖက်ကြားတွင် ဝင်ရပ်ရသော သူသည် နှစ်ဖက် အခြေအနေမှတစ်ဆင့် ဆိုးကျိုး တစ်စုံတစ်ရာ မဖြစ်ပေါ်လာစေရန် လိမ္မာပါးနပ်ရမည့် ဝတ္တရား အခြေခံ ရှိသည်။ မင်းချင်းသည် မင်း၏ အနီးနေ ကျွန်ယုံဖြစ်၍ ထိုမင်း၏ စရိုက်ကို သိနားလည်ပြီးသူ ဖြစ်သည့်အလျောက် မိမိ မည်သည့် စကားသုံးလျှင် မည်သို့သော ဆိုးကျိုး နောက်ဆက်တွဲ ရှိမည်ကို သေချာပေါက် တွေးဆ ထားရမည်။

“အုတ်လှငယ်က ကိုယ်တိုင် သံတော်ဦးတင်လိုကြောင်းပါဘုရား”ဟူ၍ ဆီပွတ်ကျည်ပွေ့ လျှောက်ထားသင့်ပါလျက် “သူရောက်မှ ပြောမယ်တဲ့”ဟူသော တင်လျှောက်ပုံကြောင့် ငယ်သည့်အမှု ကြီးကာ၊ ကြီးသည့်အမှု ကံသီ၍ ကိုယ်ကျိုး မနည်းခဲ့ခြင်းဖြစ်၏။

(၄)

ကျွန်တော့် အယူအဆအရ ဤနေရာတွင် အထူး ကျေးဇူးတင်ထိုက်သူမှာ သူသတ် ခေါင်းဆောင်ဖြစ်သည်။ သူသည် သမိုင်းဖြစ်ရပ်ဆိုး တစ်ခုကို ရဲဝံ့ပြတ်သားစွာ ကြိုတင် တားဆီးနိုင်ခဲ့သူဖြစ်၏။ မင်းမိန့်အရ သတ်စေဟု မိန့်လာသဖြင့် နောက်လိုက်တို့နှင့်အတူ အုတ်လှငယ်၏ လှေပေါ်သို့ ဓား ဖွေးဖွေးနှင့်တက်သည်။ ချက်ချင်း မသတ်သေး၊ အကြောင်းစုံကို မေးမြန်း စေ့ငုဟန် ရှိသည်။ အမျက်မာန်စောင်ပြင်းသော မင်း၏စရိုက်ကို ကောင်းစွာ နားလည်သူ ဖြစ်သည့်အပြင် မင်း၏ဒေါသကြောင့် မသေသင့်ဘဲ သူ့ဓားသွား အောက်တွင် အသက်ပျောက်ခဲ့ရသူတို့၏ အဖြစ်ကိုလည်း ကောင်းစွာ ဆင်ခြင်နိုင်ပုံရသည်။

ထို့ကြောင့်ပင်...၊ “စစ်ရေးသာကြောင်း လျှောက်ပါရစေ”ဟူသော အုတ်လှငယ်၏ တောင်းပန်ချက်ကို လက်ခံကာ မင်းဧကရာဇ်အား ရဲဝံ့စွာ ပြန်လည် လျှောက်တင်သည်ကို ထောက်ချင့်ခြင်းဖြင့် သူ့ဉာဏ်ရည်ကို မြင်သာသည်။ သူ့ကြောင့်ပင် အမျက်မာန်စောင်ကြီးသူ မင်း၏အမှားကို အချိန်မီ တားဆီးနိုင်ခဲ့သည်။ အမှုထမ်းကောင်း တစ်ယောက်၏ အသက်ကို လွတ်ငြိမ်း ချမ်းသာခွင့် သာမက အမှန်တကယ် ရထိုက်သောဆုလာဘ်၊ အဆောင်အယောင်တို့ကို ရစေခဲ့သည်။ ထိုမျှမက တိုင်းပြည်၏ အကျိုးစီးပွားအတွက် အရှည်ကို မျှော်တွေးသော အမိန့်ဖြစ်သည့် မစ္ဆဂီရိစားနှင့် သူ့ဆွေမျိုးတို့၏ အသက်အိုးအိမ် စည်းစိမ်ကိုလည်း တစ်ပြိုင်နက်တည်း ကာကွယ် ကယ်တင်နိုင်ခဲ့သည်။

အကယ်၍သာ အဆိုပါ သမိုင်းဖြစ်ရပ်တွင် ကျွန်တော်နှင့် စာဖတ်သူတို့ ကိုယ်တိုင် ၎င်းဇာတ်ကောင် တစ်ဦးဦး၏ နေရာတွင် ပါဝင်ခဲ့သည်ဆိုငြားအံ့။ နရသီဟပတေ့မင်းကဲ့သို့ အုတ်လှငယ်ကို သူသတ်လက်သို့ စိတ်လိုက် မာန်ပါအပ်၍ သတ်စေမည်လော။ ရှေ့နောက် မဆင်ခြင်သော မင်းချင်းကဲ့သို့ ဆိုးကျိုး ဆက်တိုက် ဖြစ်ပေါ်လာနိုင်သည့် သတင်းစကား လျှောက်တင်ပုံ အတိုင်း ပြုမူမည်လော။ သူသတ် ခေါင်းဆောင် ကဲ့သို့ တည်ငြိမ်စွာ တွေးခေါ် မြော်မြင်လျက် လုပ်သင့်သည့် အလုပ်ကို ရဲဝံ့စွာ လုပ်ဆောင်နိုင်မည်လော။ သို့တည်းမဟုတ် အုတ်လှငယ် ကဲ့သို့ပင် ကုပ်ပေါ် ဓားဝဲလျက် အသတ်ခံရလုဆဲဆဲ ကြုံလေမည်လော။ အတွေးများစွာ ပွားဖွယ်ရာ ဖြစ်ပါသည်။

(၅)

သက်ဦးဆံပိုင် ဘုရင်စနစ်တို့ ကုန်လွန်ခဲ့ပြီဖြစ်၍ လက်ရှိ ကျင့်သုံးနေသော ဒီမိုကရေစီစနစ်တွင် အချုပ်အခြာ အာဏာသည် ပြည်သူမှ ဆင်းသက်သဖြင့် တင်းပြည့်ကျပ်ပြည့် မဟုတ်သည့်တိုင် ပြည်သူတို့ အနေနှင့် အထိုက်အလျောက် လွတ်လပ်ခွင့်ကား ရခဲ့ကြပြီ။ အထူးသဖြင့် လူမှုကွန်ရက် မီဒီယာ ခေတ်ကြီးတွင် သတင်းစကားတို့ကို သတင်းစာ၊ ဂျာနယ်များမှတစ်ဆင့်သာ သိခွင့်ရသည့်ခေတ်ကို ကျော်လွန်ခဲ့ပြီဖြစ်၏။ လူတိုင်းလူတိုင်း သတင်းသမား ဖြစ်ကြလျက် မိမိ၏ ခံယူချက်၊ ယုံကြည်ချက်တို့ကို ရေးသားတင်ပြခွင့်၊ ဆန်းစစ်ခွင့်၊ ဖလှယ်မျှဝေခွင့်၊ ဆုံးဖြတ်ခွင့် ရှိနေကြချေပြီ။

ယင်းသို့ ဖလှယ်မျှဝေ၊ ဆုံးဖြတ် ဆန်းစစ်ကြရာ၌ ရာဇဝင်ထဲက အုတ်လှငယ်၏ ဖြစ်ရပ်မျိုးနှင့် ပက်ပင်းတိုးသည့်အခါ ရပ်တည်ချက် မှန်ဖို့ လိုသည်။ စိတ်ခံစားမှု အခြေခံဖြင့် ဒေါသနောက်သို့ မလိုက်မိဖို့ လိုသည်။ မီဒီယာခေတ်ကြီး၏ သဘော သဘာဝအရ ကျွန်တော်တို့ အားလုံးသည်ပင် နရသီဟပတေ့ ဖြစ်နိုင်သည်။ မင်းချင်း၏ နေရာတွင် ရှိနေနိုင်သည်။ အုတ်လှငယ်၏ ဘဝမျိုးလည်း ကြုံနိုင်သည်။ သူသတ် ခေါင်းဆောင်နေရာ သို့လည်း ရောက်ရှိနေနိုင်သည်။

ထို့ကြောင့် ဦးဆွေးဆံမြည့် အမှုထမ်းခဲ့သည့် အုတ်လှငယ် ကဲ့သို့သော အမှုထမ်းကောင်းကို အလျင်စလို ပြစ်တင် ရှုတ်ချခြင်းဖြင့် သူသတ် လက်သို့ မအပ်မိရန် လိုသည်။ အမျက်ကြီးသော မင်းဧကရာဇ်၏ အမှားမျိုးကို မကျူးလွန်မိရန် သတိချပ် သင့်သည်။ အရည်အချင်း မပြည့်မီသော တမန် မင်းချင်း၏ အမူအကျင့်နှင့် တူသည့်စရိုက်ကိုလည်း မကျင့်ကြံမိအောင် ရှောင်ရှားသင့်သည်။ သူသတ်သမား ကဲ့သို့ ရဲဝံ့ကျွမ်းကျင် လိမ္မာသော စိတ်ဓာတ်နှင့် လုပ်ရပ်ကို အတုယူ သင့်သည်။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၊ ပြည်ထဲအရေး ပေါက်နှင့်ကျေးဟူသည့် အခြေခံ သဘောမျှကိုမူ လူတိုင်း နားလည်သင့်သည်။ ခေတ်သမိုင်းကို ပြည်သူလူထု ကိုယ်တိုင် ရေးထိုးနေချိန် ဖြစ်သည်ကိုလည်း ကြီးစွာ သတိချပ်ရပေမည်။

ထိုသို့ သမိုင်း သင်ခန်းစာ မယူနိုင်ခဲ့ပါမူ ဤစာ၏အစတွင် ဖော်ပြခဲ့သော ပုဂံရာဇဝင် မှတ်တမ်းအရ မင်းဧကရာဇ် ကိုယ်တိုင် တရုတ်ပြေးမင်း အမည် တွင်ခဲ့လျက် ပုဂံထီးနန်းပင် တရုတ်တရက်တို့ လက်အောက်သို့ ကျရောက်ခဲ့ရသည့် ဖြစ်ရပ်များ မြန်မာ့သမိုင်းတွင် ဆက်လက် ပေါ်ပေါက်နေဦးမည်သာ ဖြစ်ပေသည်။     ။

မင်းဒင်

 


  • VIA