News

POST TYPE

PERSPECTIVE

မီးသွေးခဲမို့ မည်းသကို
21-Feb-2018

ကျွန်တော်သည် ကိုယ်ရည်သွေးခြင်းမဟုတ်ဘဲ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ယောက် ဖြစ်ခဲ့သည်ဆိုခြင်းကို မည်သူမျှ ငြင်းမည် မထင်ပေ။ သို့သော် ယခုရေးသားရသောအကြောင်းမှာ ယခုတစ်လော ဖြစ်ပွားခဲ့သည့် ကျောင်းသား ကျောင်းသူ ၅၆ ယောက် ကျောင်းထုတ်ခံရခြင်းအကြောင်းဖြစ်ပါသည်။ ကျောင်းသားခေါင်းဆောင်ဟောင်း ဖြစ်ခဲ့၍လည်း ကျောင်းသား ကျောင်းသူ ၅၆ ယောက် ကျောင်းထုတ်ခံရသောကြောင့် ရင်ထဲမှာ မချိ စိတ်မကောင်းဖြစ်ရသည်မှာ လွန်စွာ။ 

ကိုယ်ချင်းစာမိပါသည်။ ကျွန်တော့်မှာ ၁၀ တန်းကျခဲ့ဖူးပါသည်။ ဒုတိယနှစ် ဆယ်တန်းကျောင်းတက်သောအခါ ကြိုးစားပြီး ချွေးနှဲစာဖြင့် ကျောင်းထားပေးသည့် တောင်သူမိဘများ၏ ကျေးဇူးကို သိတတ်သည့်သဘော၊ မိမိကိုယ်ကိုယ် ဒဏ်ခတ်သည့်သဘောအနေနှင့် မုန့်ဖိုးမယူဘဲ မနက်စော ထမင်းကြမ်းစားပြီး အိမ်မွေးကြက်မကြီးများ၏ ကြက်ဥတစ်လုံးပြုတ်ကာ ကျောင်းသွားခဲ့ပါသည်။ နှစ်မိုင်ခွဲကျော်ခန့်ဝေးသည့် မြို့လေးပေါ်ရှိ အစိုးရအထက်တန်းကျောင်းသို့ စက်ဘီးနင်းကာ ကျောင်းတက်ခဲ့ရပါသည်။ ထိုမှ ရန်ကုန်တက္ကသိုလ်သို့ ရောက်ခဲ့ပါသည်။ ကျွန်တော် စတုတ္ထနှစ် (နောက်ဆုံးနှစ်) တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသားသပိတ်များ ဖြစ်ပေါ်ခဲ့ရာ ကျွန်တော် သပိတ်မှောက် နိုင်ငံရေးလုပ်နေသည်ကို ကျွန်တော့်မိဘများ သိသွားပါလေသည်။ ကျွန်တော့်အဖေ ရန်ကုန်သို့ လိုက်လာပါသည်။ ရွာသို့ပြန်ခေါ်သွားပါသည်။ ရွာရောက်လျှင်ရောက်ချင်း ကျွန်တော့်အမေက ပြောပါသည်။ “သားကြီးရယ် နိုင်ငံရေး မလုပ်ပါနဲ့၊ ထောင်တွေတန်းတွေ ကျကုန်ပါ့မယ်။ ငါ့သားကြီး ဘာလိုချင်လဲ ဟန်းဘားစက်ဘီး အမေတို့ ဝယ်ပေးပါမယ်” တဲ့။ ရိုးသားသော တောသူမကြီး မိခင်၏ စကားပါ။ ကျွန်တော် နှုတ်ဆိတ်နေမိခဲ့ပါသည်။ ကျွန်တော့်အဖြစ်အပျက်ကလေးကို ပြောပြခြင်းပါ။ သားသမီးများအပေါ်ထားသော မိဘများ၏ မေတ္တာတရားနှင့်မျှော်လင့်ချက်ကို ရေးပြခြင်းဖြစ်ပါသည်။ (ထိုစဉ်က ဟန်းဘားကဲ့သို့စက်ဘီးများမှာ ၅၀၀၀ ကျပ် ဝန်းကျင်ဖြစ်ပါသည်၊ ဈေးကြီးလှပါသည်။) 

သို့နှင့် ကျွန်တော့်မှာ ထောင်ထဲတွင် ဆယ်နှစ်ခန့်နေရပြီး ထောင်မှ လွတ်လာပါသည်။ ထောင်ဝင်စာကို တစ်လတစ်ကြိမ် ခရီးဝေးမှလာပြီး အပင်ပန်းခံကာ သောကမျက်နှာများဖြင့် လာခဲ့ရသော မိဘမျက်နှာများမှာ ပြုံးပျော်၍ သွားပါလေတော့သည်။ 

ကျွန်တော် ရန်ကုန်တက္ကသိုလ် (ပင်မ) ဝင်းထဲသို့ ရောက်ပါသည်။ ဆယ်နှစ်ခန့်ကွဲကွာခဲ့ရသော ကျောင်းတော်ကြီးမှာ လွမ်းစရာအပြည့်နှင့်ပါ။ ကျောင်းတက်ရန်စုံစမ်းကြည့်ပါသည်။ ဘွန်း (ခံဝန်ချက်) ထိုးမှ ကျောင်းပြန်တက်ရန် လက်ခံပါမည်တဲ့။ ကျွန်တော် ဝမ်းနည်းစွာဖြင့် ကံ့ကော်တောကြီးကို နှုတ်ဆက်ခဲ့ပါပြီ။ ကိုယ့်ယုံကြည်ချက်နှင့် လုပ်ဆောင်ခဲ့သော ကျွန်တော့်အဖို့ ဘွန်း (သို့မဟုတ်) လက်မှတ်မထိုးနိုင်ပါ။ ကျွန်တော်၏ ရွာ၊ ကျွန်တော်၏ ဆွေမျိုးသားချင်းများနှင့် မိဘများအတွက်တော့ ကျွန်တော် စိတ်မကောင်းလှ။ ကျွန်တော်သည်ကား ကျွန်တော့်ရွာတွင် ပထမဦးဆုံးဘွဲ့ရမည့် ဘွဲ့ရှင်အဖြစ်မှ လွဲချော်သွား၍ပါ။

ယခုလည်း မန္တလေးရှိ ရတနာပုံတက္ကသိုလ်ဝင်းတွင် ဗကသများ အဖွဲ့ချုပ်က ဦးဆောင်၍ “ပညာရေးအသုံးစရိတ်” တိုးမြှင့်ရေး ဆန္ဒပြတိုက်ပွဲဝင်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ ၂၀.၁.၂၀၁၈ မှစသည်။ ၂၂.၁.၂၀၁၈၊ ၂၃.၁.၂၀၁၈ ရက်တွင် ကျောင်းသားများနှင့် အဆင့်မြင့်ပညာ ဦးစီးဌာနတာဝန်ရှိသူများ နှစ်ရက်လုံးလုံး ဆွေးနွေးညှိနှိုင်းခဲ့ကြသော်လည်း အဆင်မပြေကြ၊ ဆွေးနွေးပွဲ ပျက်သွားသည်။ ၂၅.၁.၂၀၁၈ ရက်နေ့တွင်တော့ အရုဏ်ဦးတိုက်ပွဲ (Dawn Attack)ဆန်ဆန် သပိတ်စခန်းကို ဖြိုခွင်းကာ ကျောင်းသားကျောင်းသူ ၇၂ ယောက်ကို ဖမ်းဆီးခေါ်ဆောင်ပြီး မိဘများလက်သို့ ပြန်လည်အပ်နှံသည်ဟု သတင်းများ ထွက်ပေါ်လာပါသည်။ မကြာပါ ကျောင်းသား ၅၆ ယောက်ကို ကျောင်းထုတ်ပစ်လိုက်ပါသည်၊ ထပ်၍မကြာပါ။ ကျောင်းသားကျောင်းသူများအနေနှင့် အသနားခံစာတင်လျှင် ကျောင်းပြန်လက်ခံမည်ဟူ၍...။ 

ဒီနေရာမှာ ပထမ ကျောင်းအာဏာပိုင်များ၊ ပညာရေးနှင့်ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ်များကို ဦးစွာပြောချင်ပါသည်။ အစိုးရပိုင်း၊ အုပ်ချုပ်ရေးပိုင်းအနေနှင့် တာဝန်ရှိသူများသည် “ဆိုခဲစေ မြဲစေ” ဖြစ်သင့်သည်ဟု မြင်ပါသည်။ ဆုံးဖြတ်ချက်တစ်ခု၊ အမိန့်တစ်ခု သတ်မှတ်ပြီး ထုတ်ပြန်ပြီးလျှင် ပြန်လည်၍ မပြင်ဆင်သင့်ပါ။ (အုပ်ချုပ်သူ တာဝန်ရှိသူကြီးတစ်ဦးဆိုလျှင် လူသိရှင်ကြား နှုတ်ကျွံပြီးခါမှ လူမသိသူမသိ ကြိတ်၍ သွားကာတောင်းပန်ရသည်ဟု ကြားဖူးပါသည်။) ကျွန်တော်ဆိုလိုသည်မှာ မဆုံးဖြတ် မထုတ်ပြန်ခင်မှာ လူကြီးများ သေချာစည်းဝေးသင့်ပါသည်။ သေချာစဉ်းစားဆုံးဖြတ်သင့်ပါသည်။ ယခုတော့... 

ကျောင်းသား ကျောင်းသူများကို ကျောင်းထုတ်ပြီးခါမှ အသနားခံစာတင်လျှင် ကျောင်းပြန်လက်ခံမည်တဲ့။ ကလေးဆန်သော ဆုံးဖြတ်ချက် မခိုင်မာသော အမိန့်တစ်ရပ် ဖြစ်သွားပါသည်။ ထိုသို့သောအဖြစ်မျိုး ဖြစ်ပါများလာလျှင် အုပ်ချုပ်သူကို ပြည်သူက မည်သို့လေးစားမည်နည်း...။ 

တစ်ဖန် ကျောင်းထုတ်သော အမိန့်စာကို ထုတ်ပြန်ရသည်မှာ လွယ်၏။ ကျွန်တော့်လို ဆင်းရဲချို့တဲ့စွာဖြင့် ကျောင်းတက်ခဲ့ရသော ကျောင်းသားများ၊ ထိုကျောင်းသားများ၏ မိဘများကို ကိုယ်ချင်းစာသင့်ပါသည်။ ယနေ့ပြည်သူက တင်မြှောက်ထားသော အစိုးရခေတ်တွင် ထိုအချက်ကို ပို၍အလေးအနက်ထားသင့်ပါသည်။ ယခင်အာဏာရှင် အစိုးရခေတ်များကဲ့သို့ “ငါပြောသလိုလုပ်” “ငါပြောသလိုနာခံ” “ငါ့ကို ဘာမှ မတောင်းဆိုနဲ့” “ငါပေးတာယူ” ဆိုသော အတွေးအခေါ်များကို “ဖျောက်ဖျက်ပစ်ရန် အချိန်တန်နေပါပြီ” ဟူ၍သာ အကြံပေးချင်ပါသည်။ ယခင်အာဏာ ရှင်အစိုးရများသည် တောင်းလျှင်မကြိုက်၊ တိုက်လျှင်မကြိုက်၊ ဝေဖန်လျှင် မကြိုက်ကြပါ။ ယခု ဒီမိုကရေစီအစိုးရသည် ထိုသို့မဖြစ်သင့်ဟု ရိုးသားစွာ ထင်မြင်မိပါသည်။ ဒီမိုကရေစီအစိုးရပီပီ ပြည်သူ၏ ဆန္ဒသဘောထားကို လေးစားစွာ ကြားနာဆုံးဖြတ်သင့်သည်ဟု မြင်ပါသည်။ 

ယနေ့ကျောင်းသားထုနှင့် ဗကသမှ ကျောင်းသားခေါင်းဆောင်များကိုလည်း ကျွန်တော် ပြောချင်ပါသည်။ လက်ရှိနိုင်ငံရေးအခြေအနေကို ချင့်ချိန်စဉ်းစားသင့်ပါသည်။ (နားမလည်ဟု ကျွန်တော်မပြောပါ) ကာကွယ်ရေးဝန်ကြီးဌာန (၁၃၃၄.၁၉၄) ဘီလီယံ၊ ပညာရေးဝန်ကြီးဌာန (၈၀၇.၁၄၆၅၅၂) ဘီလီယံ ဆိုသည်မှာလည်း တိုင်းပြည်၏ အခက်အခဲအသေးစိတ်ကို ကျွန်တော်မသိပေမယ့် အစိုးရထိပ်ပိုင်းပုဂ္ဂိုလ်များက နားလည်မည်ထင်ပါသည်။ (တိုင်းပြည်၏ လက်ရှိဖြစ်ပွားနေသောအခြေအနေ၊ နိုင်ငံရေးအကျပ်အတည်းကို သိမြင်ရန် ဝေဖန်သတိပေးခြင်းမျှ သာ...၊ မည်သည့်ဌာန...မျှ ဇောင်းပေးရေးခြင်း မဟုတ်ပါ။)

ဤနေရာတွင် ကျောင်းသားများကို ရာဇဝင်ထဲမှ ပုံပြင် သို့မဟုတ် အဖြစ်အပျက်တစ်ခုကို ရေးပြချင်ပါသည်။ သတိရစေချင်ပါသည်။ နောင်တစ်ချိန်တွင် စစ်သူကြီးမဟာဗန္ဓုလဖြစ်လာမည့် ဒီပဲယင်းသားမောင်ရစ်သည် ရှင်ဘုရင်က သူ့ကို သတိထားမိစေရန် အနားရှိမင်းမှုထမ်း၏ပေါင်ကို တံတောင်ဖြင့်ထ၍ထောင်းရာ ရှင်ဘုရင်က သတိထားမိသွားပါသည်။ မောင်ရစ် တံတောင်ဖြင့်ထောင်းချိန်တွင် နန်းရေးပြည်ရာ ရှုပ်ထွေးနေချိန်ဖြစ်ပါက မောင်ရစ်ကို ရှင်ဘုရင်က သတိမထားမိပါဘဲ ပြစ်ဒဏ်ပင် ခတ်လိုက်မည်မှာ အမှန်ပါ။ 

ကာလံ၊ ဒေသံ၊ အဂံ္ဃ၊ ဓနံ ဆိုသော ရိုးရှင်းသည့်နည်းပြစဉ်လာ မဟာပဒေသလေးပါးကိုလည်း သတိထားသင့်ပါသည်။ ထို့ပြင် သပိတ်မှောက်ကျောင်းသားများက အာဏာရှင်ဆန့်ကျင်ရေးတွင် တစ်လျှောက်လုံးကိုင်စွဲခဲ့သည့် “ကသုံးလုံး” ပေါ်လစီကိုလည်း သတိချပ်သင့်ပါသည်။

အထက်ပါအချက်များကို ကျွန်တော်ကျောင်းသားများအတွက် ရေးပြနေခြင်းမှာ ဆရာလုပ်လို၍မဟုတ်ပါ။ (ခေတ်အဆက်ဆက်အစိုးရများ ပြောဆိုနေသောနောက်ကွယ်မှ ကြိုးကိုင်နေသူများရယ်လို့ စွပ်စွဲခံနေရသူများထဲတွင် ကျွန်တော် မပါပါ။) လက်ရှိကျောင်းသားများအနေနှင့် သတိရှိစေလို၍ဖြစ်ပါသည်။ လက်ရှိ ခေတ်သစ်ကျောင်းသားများအနေနှင့်လည်း ရှေ့ခေတ်ကျောင်းသားများကို အသိအမှတ်ပြုလေးစားရန်လိုသလို ခေတ်ဟောင်းကျောင်းသားကြီးများအနေနှင့်လည်း ခေတ်သစ်ကျောင်းသားများကို အသိအမှတ်ပြုလေးစားရန် လိုပါသည်။ 

ကျွန်တော် တစ်ချက် သတိရမိသွားပါသည်။ မန္တလေးမြို့ ဂုဏ်ကျက်သရေဆောင် လူထုဦးလှ၊ လူထုဒေါ်အမာတို့၏ သားထွေး ညီပုလေး (ခေါ်) ကိုညို (ခေါ်) ကိုငြိမ်းချမ်း (အမျိုးသားစာပေဝတ္ထုရှည်ဆု ပူပူနွေးနွေး ရရှိထားသောပုဂ္ဂိုလ်) ပြောခဲ့သော သံချပ်တစ်ခုကို သတိရမိသွားပါသည်။ ထိုသံချပ်ကို ဆရာညီပုလေးပြောခဲ့သည်မှာလည်း အနက်ရောင်တောအုပ် (လူရှင်သင်္ချိုင်း) ထဲ၌ ဖြစ်ပါသည်။ ထိုသံချပ်မှာ “တစ်မူးရလို့ တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား။ မီးသွေးခဲမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို” ပါတဲ့။ ခေတ်အဆက်ဆက် ကျောင်းသားများ၏သွေးကို ကျွန်တော် အလွန်လေးစားမိပါသည်။ ပီတိဖြာမိပါ၏။ 

ထပ်၍ ပီတိဖြာမိသည်မှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ စာမှာ ၈.၂.၂၀၁၈ နေ့စွဲဖြင့် အွန်လိုင်းတွင် ပျံ့နှံ့လာပါသည်။ ပညာရေးဝန်ကြီးဌာနသို့ ပို့သောစာဖြစ်ပါသည်။ တစ်ဆက်တည်း ကျောင်းထုတ်ခံကျောင်းသားများကို အသနားခံစာမလိုဘဲ ကျောင်းပြန်တက်ခွင့်ပေးကြောင်း သတင်းများလည်း အွန်လိုင်းပေါ် တက်လာပါသည်။ ကျွန်တော် ဝမ်းသာအားရဖြစ်ခြင်း၊ ဒေါက်တာအောင်မိုးညိုကိုလည်း ကျေးဇူးတင်လိုက်ခြင်းများဖြင့် ကျွန်တော့်မှာ တပြုံးပြုံး။ ဒီမှာပဲ ဖုန်းက လာပါသည်။ စာရေးဆရာ နိုင်ငံရေးသမားတစ်ယောက်က ဆက်ခြင်းပင်။ “ဒေါက်တာ အောင်မိုးညိုက ပညာရေးဝန်ကြီးဌာနကို ညှိနှိုင်းမေတ္တာရပ်ခံတာကြောင့် ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ပေးတာဆိုတော့ နိုင်ငံရေးကစားကွက် မဖြစ်နိုင်ဘူးလား” တဲ့။ ကျွန်တော် အမြန်ပြန်ပြောလိုက်ပါသည်။ “အေး... ဒေါက်တာအောင်မိုးညိုဆိုတာ ဆရာဝန်လူပျိုကြီးကွ၊ သူလည်း အဖမ်းခံရဖူးတယ်။ သူက လူရိုးကြီး၊ သူ့တိုင်းဒေသကြီးအတွက် သူက အကောင်းဆုံးဖြစ်အောင် တိုးတက်အောင် လုပ်နေတာကွ။ အဲဒါတွေ ငါကြားဖူးတယ်။ ရိုးသားဖြောင့်မတ်ပြီး နိုင်ငံရေးကို နားလည်တဲ့ ဝန်ကြီးချုပ်တစ်ဦးလို့လည်း ကြားဖူးတယ်ကွ” ကျွန်တော့်သူငယ်ချင်း နိုင်ငံရေးသမား စာရေးဆရာက ပြန်ပြောပါသည်။ “အေးကွာ...မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကြီးလေ ပြုံးလိုက်တိုင်း သွားတွေ ဖြူနေမှာ သေချာတယ်ကွ...မီးသွေးခဲ့မို့ မည်းသကို... မီးသွေးနဲ့မို့ သွားဖြူသဗျို့... လို့ပြောရမှာပေါ့... ဟား...ဟား...” ကျွန်တော် ဘာဆက်ရေးရမှန်း မသိတော့ပါ။

ဗညိုထွန်း (၈၈ တံတားနီ)