News

POST TYPE

PERSPECTIVE

တရုတ် အမေရိကန် စစ်အေးတိုက်ပွဲ ဖြစ်လာနိုင်မလား
14-Feb-2018

(အောက်ဖော်ပြပါဆောင်းပါးမှာ The WorldPost တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖော်ပြပါရှိသော Trump can’t start a Cold War with China, even if he wants to ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ တရုတ်နှင့် အမေရိကန်ဆက်ဆံရေးမှာ ကျွန်တော်တို့မြန်မာနိုင်ငံအတွက်လည်း အရေးကြီးသည့် အကြောင်းအချက်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စတွင် အမေရိကန်က ဝင်ရောက်စွက်ဖက်ခြင်း ပြုနိုင် မပြုနိုင်၊ ဝင်ရောက်စွက်ဖက်ခဲ့လျှင် တရုတ်က ပါနိုင် မပါနိုင် စသည့်ကိစ္စများအပြင် မြန်မာ့စီးပွားရေးတွင် အမေရိကန် ရင်းနှီးမြှုပ်နှံသူများ လာ မလာ စသည်တို့ဖြစ်ပါသည်။ သို့ဖြစ်၍ မျက်စိကြီးနားကြီးဖြစ်သော တရုတ်ပညာရှင်တစ်ယောက်၏ အမြင်သည် စိတ်ဝင်စားစရာကောင်းပြီး၊ မြန်မာ့အရေးကို ဆက်စပ်၍ ဆဝါးနိုင်ကြစေရန်အတွက် အထောက်အကူပြုသည်ဟုယူဆသဖြင့် စာဖတ်ပရိသတ်အတွက် ဘာသာပြန် တင်ဆက်လိုက်ပါသည်။

ယန်ရွှဲ့ထုန်သည် တရုတ်ထိပ်တန်းမဟာဗျူဟာ တွေးခေါ်ရေးသမားတစ်ဦးဖြစ်သည်။ ရှင်းဟွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးသိပ္ပံ၏ ဌာနမှူးဖြစ်ပြီး “ရှေးဟောင်းတရုတ်အတွေးအခေါ်၊ ခေတ်သစ် တရုတ်ပါဝါ” စာအုပ်ကို ရေးသားသူလည်းဖြစ်ပါသည်။)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာတွင် တရုတ်ပြည်သည် အမေရိကန်ကို စိန်ခေါ်သည့် အဓိကပါဝါဟု ပြောခဲ့သည်။ ဤသည်မှာ အမေရိကန်၏ အမျိုးသားကာကွယ်ရေးမူဝါဒသစ်နှင့် လိုက်လျောညီထွေရှိပါပေသည်။ အဆိုပါမူဝါဒတွင် “နိုင်ငံအချင်းချင်း မဟာဗျူဟာပြိုင်ဆိုင်မှု (အကြမ်းဖက်ဝါဒမဟုတ်) သည် ယခုအခါ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အဓိကအာရုံစိုက်ရမည့် ပြဿနာဖြစ်သည်”ဟု ဆိုထားလေသည်။

အမေရိကန်၏ လုံခြုံရေး၊ သာယာဝပြောရေးနှင့် တန်ဖိုးထားမှုများကို စိန်ခေါ်သူ၊ အဓိက မဟာဗျူဟာမြောက် ပြိုင်ဘက်အဖြစ် တရုတ်ကို ရုရှားနှင့်အတူ သတ်မှတ်ထားသည်။ သဘောထားမူဝါဒအပေါ် အခြေပြုထားသည့် အာဝဇ္ဇန်းရွှင်ရွှင်ပြောသွားသော ဤမိန့်ခွန်းကြောင့် တရုတ်နှင့်အမေရိကန်အကြား စစ်အေးသစ်ဖြစ်လာလေမလားဟု စိုးရိမ်ပူပန်ကြသည်ကို နားလည်နိုင်ပေသည်။ အမေရိကန်၏ တရုတ်ပြည်အပေါ်ထားရှိသည့် ပေါ်လစီသစ်က နိုင်ငံတကာ နိုင်ငံရေးနယ်ပယ်တွင် မလွှဲမရှောင်သာ ပြင်းထန်သည့် သက်ရောက်မှုများရှိနေသော်လည်း စစ်အေးတစ်ခု ဖြစ်လာလိမ့်မည်ဟု တထစ်ချမဆိုနိုင်ပေ။ ယနေ့မျက်မှောက်ကာလ တရုတ် - အမေရိကန်အကြား ပြိုင်ဆိုင်မှုသည် ပြီးခဲ့သည့် စစ်အေးခေတ်က အမေရိကန်နှင့် ဆိုဗီယက်အကြားပြိုင်ဆိုင်မှုနှင့် အခြေခံအားဖြင့် ခြားနားချက်သုံးချက်ရှိပေသည်။

၁။ စစ်အေးခေတ်ကာလက အမေရိကန် - ဆိုဗီယက်ပြိုင်ဆိုင်မှုသည် ကမ္ဘာ့ခေါင်းဆောင်နေရာအတွက် ပြိုင်ဆိုင်ခြင်းဖြစ်သော်လည်း ယနေ့ တရုတ် - အမေရိကန် နှစ်နိုင်ငံစလုံးမှာ ကြီးလေးသော နိုင်ငံတကာတာဝန်ရှိမှုများကို ရှောင်ရှားကြသည်။ 

ထရမ့်အစိုးရ၏ “အမေရိကန်ပထမ” ပေါ်လစီက ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုဆိုသည်မှာ အမေရိကန်အတွက် အရေးအကြီးဆုံး မဟာဗျူဟာအကျိုးစီးပွားမဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခုသာဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ အမေရိကန်က သူ၏ စစ်ရေးမဟာမိတ်များကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးအတွက် ပိုမိုပေးဆောင်ကြရန် တောင်းဆိုခြင်းဖြင့် သူ၏ ဝန်ထုပ်ဝန်ပိုးကိုလျှော့ချရန် ကြိုးစားနေသည်။ တစ်ချိန်တည်းမှာ တရုတ်ပြည်ကလည်း ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု၏ ကုန်ကျစရိတ် ကြီးမားများပြားမှုက ၎င်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မူကို အနှောင့်အယှက်ဖြစ်မှာ ပူပန်နေသည်။

သို့ဖြစ်၍ ထိုအစား တရုတ်သမ္မတ ရှီကျင့်ဖျင်က ယခင်သမ္မတ ဟူကျင်းထောင်အစိုးရ ပြောဆိုခဲ့သော “ဘုံရည်မှန်းချက်ပန်းတိုင်ရှိသော လူ့အဖွဲ့အစည်း”ဆိုသည့် သဘောထားအမြင်ကို ဆက်လက်စွဲကိုင်ထားသည်။ အဆိုပါ ဝေါဟာရကဆိုထားသည့်အတိုင်း တရုတ်ပြည်အနေနှင့် နိုင်ငံတကာ လူ့အဖွဲ့အစည်းဝင်တိုင်းက ကမ္ဘာ့အရေးကိစ္စတာဝန်များကို ခွဲဝေထမ်းဆောင်ရန်ကိုသာ လိုလားသည်။ ဥပမာအားဖြင့် ကြီးလေးသော နိုင်ငံတကာတာဝန်ရှိမှုများကို ရှောင်ရှားရန်အတွက်၊ တရုတ်အစိုးရသည် (တရုတ်နယ်စပ်ဒေသ ရှင်ဂျန်းတွင် အတိတ်က ခွဲထွက်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီး လုံခြုံရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်ခံရမှုများရှိနေသည့်တိုင်) အာဖဂန်နစ္စတန်သို့ စစ်တပ်များစေလွှတ်ခြင်းကို ရှောင်ရှားခဲ့သည်။

တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံလုံးက ကမ္ဘာ့ခေါင်းဆောင်နေရာတာဝန်ကို ထမ်းဆောင်ရန် စိတ်ရောကိုယ်ပါ မရှိသရွေ့ (အချို့သော ဒုတိယတန်းအင်အားကြီးနိုင်ငံများအကြား ဒေသဆိုင်ရာခေါင်းဆောင်မှုအတွက် စစ်ရေးထိပ်တိုက်ဖြစ်မှုများ ဖြစ်ပွားလာနိုင်ဖွယ်ရှိသည့်တိုင်အောင်) ၂၀ ရာစုအတွင်းက အမေရိကန်နှင့် ဆိုဗီယက်ယူနီယံအကြား ဖြစ်ပွားခဲ့သည့် ဘက်စုံစစ်အေးတိုက်ပွဲမျိုးဖြစ်ပွားရန် အကြောင်းမမြင်ချေ။ 

၂။ တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံစလုံးက ၎င်းတို့၏ပြိုင်ဆိုင်မှုကို သဘောတရားရေးနယ်ပယ်အထိ ပျံ့နှံ့မသွားစေရန် ယနေ့အထိ သတိရှိရှိဖြင့် ချုပ်တည်းထားကြသည်။ (စစ်အေးခေတ်အတွင်းက အမေရိကန် - ဆိုဗီယက်နှစ်နိုင်ငံအကြား အဓိကပြိုင်ဆိုင်မှုဖြစ်ခဲ့သည်မှာ သဘောတရားရေးနယ်ပယ်တွင် ဖြစ်သည်။)

ထရမ့်အနေနှင့် တရုတ်ပြည်နှင့် သဘောတရားရေးအရပြိုင်ဆိုင်ရန် စိတ်ဝင်စားမှုမပြချေ။ ဤသည်ကို “အမျိုးသားကာကွယ်ရေးမဟာဗျူဟာ”တွင် ထင်ဟပ်ဖော်ပြထားသည်။ ထိုအထဲတွင် “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဘဝနေနည်းပုံစံကို အတင်းအဓမ္မ သွတ်သွင်းမည်မဟုတ်”ဆိုသည့် အပိုဒ် ပါဝင်သည်။

တရုတ်အစိုးရအနေနှင့်လည်း အနောက်တိုင်း၊ အထူးသဖြင့် အမေရိကန်နှင့် သဘောတရားရေးရာ ထိပ်တိုက်တိုးမှုဖြစ်စေမည့် စနက်တန် မီးရှို့ပေးသောအန္တရာယ်ကို သတိကြီးစွာထားခဲ့လေသည်။ မကြာသေးမီက ကျင်းပပြီးစီးခဲ့သော ၁၉ ကြိမ်မြောက် ကွန်မြူနစ်ပါတီကွန်ဂရက်တွင် “အနောက်တိုင်းဒီမိုကရေစီပုံစံနှင့် အပြိုင်ဖြစ်သော အုပ်ချုပ်ရေးပုံစံတစ်ရပ် တင်ပို့ရန် တရုတ်ပြည်က ရည်ရွယ်သည်”ဟု နိုင်ငံတကာမီဒီယာများက သတင်းရေးသားကြသောအခါ တရုတ်အစိုးရက ချက်ချင်းဆိုသလို “တရုတ် အတွေ့အကြုံများအတိုင်း ပုံတူကူးချရန် တခြားတိုင်းပြည်များကို မတိုက်တွန်းပါ”ဟု ကြေညာချက် ထုတ်ပြန်လေသည်။ တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံလုံးက ၎င်းတို့၏ အယူအဆများအတိုင်း နိုင်ငံခြားတိုင်းပြည်များက လိုက်ပါလုပ်ဆောင်ရန် ရှေ့တန်းမတင်သရွေ့ စစ်အေးကာလက အမေရိကန် - ဆိုဗီယက်ထိပ်တိုက်တိုးသည့် အခြေအနေထိ ရောက်သွားရန် အကြောင်းမရှိချေ။

၃။ တရုတ်ပြည်၏ မျက်မှောက်ကာလ မဟာဗျူဟာရွေးချယ်ချက်ဖြစ်သော အမေရိကန်နှင့် ငြိမ်းချမ်းစွာယှဉ်ပြိုင်ရေးမှာ ယခင်ဆိုဗီယက်ယူနီယံ၏ ပေါ်လစီနှင့်ရော မျက်မှောက်ရုရှားနိုင်ငံ၏ ပေါ်လစီနှင့်ပါ လွန်စွာ ခြားနားသည်။

ထရမ့် ပီကင်းသို့လာရောက်လည်ပတ်စဉ်အတွင်း အင်ပိုင်ယာပြည့် ရှင်တစ်ပါးကဲ့သို့ ဧည့်ဝတ်ပြုခဲ့ပြီးနောက် အမေရိကန်၏ အဓိကပြိုင်ဘက်အဖြစ် ရှုမြင်ခံရသည့်အတွက် တရုတ်ပြည်အနေနှင့် စိတ်ပျက်လက်ပျက်ဖြစ်သော်လည်း စစ်အေးကာလအတွင်း ဆိုဗီယက်ယူနီယံလုပ်ဆောင်ခဲ့သလို နောက်ကွယ်ကကြိုးဆွဲသည့် ရုပ်သေးစစ်ပွဲ ဆင်နွှဲရေးမဟာဗျူဟာကို မကျင့်သုံးဘဲ ငြိမ်းချမ်းစွာယှဉ်ပြိုင်ရေးမူဝါဒကိုသာ စွဲမြဲစွာဆုပ်ကိုင်ထားလေသည်။

တရုတ်ပြည်၏ အမျိုးသားအင်အားတွင် စီးပွားရေးသည် အင်အားအကြီးဆုံးအစိတ်အပိုင်း ဖြစ်မြဲဖြစ်နေပြီး စစ်ရေးအင်အားမှာ အမေရိကန် နောက်များစွာ ပြတ်ကျန်နေသေးသည်။ သို့ဖြစ်၍ တရုတ်ပြည်သည် အမေရိကန်နှင့် မည်သည့်စစ်ရေး ထိပ်တိုက်တွေ့မှုမျိုးကိုမဆို အတတ်နိုင်ဆုံး ရှောင်ရှားရန် ကြိုးစားလိမ့်မည်။ ထို့ပြင် တရုတ်ပြည်သည် အမေရိကန်၏ အခြားသောပြိုင်ဘက်တစ်ဦးဖြစ်သည့် (စစ်အေးကာလပြီးဆုံးပြီးကတည်းက ဥရောပရှိ အမေရိကန်၏အစီအစဉ်ကို ရုပ်သေးစစ်ပွဲများဖြင့် ထိပ်တိုက်ရင်ဆိုင်နေသော) ရုရှား၏ မဟာမိတ်မဟုတ်ကြောင်းကိုလည်း ပြတ်ပြတ်သားသား ဆိုထားလေသည်။

အရှေ့အလယ်ပိုင်းဒေသနှင့် ယခင်ဆိုဗီယက်ဇုန်များရှိ စစ်ပွဲများသည် ကမ္ဘာလုံးအတိုင်းအတာအထိ အရှိန်မြင့်တက်မသွားသည်မှာ တရုတ်က မည်မျှသေးဖွဲသည့် စစ်ရေးကိစ္စတွင်မှ ရုရှားနှင့် မပူးပေါင်းသည့်အတွက်ဖြစ်ကြောင်း အသိအမှတ်ပြုရမည်ဖြစ်သည်။ ဤအခြေအနေများတွင် တရုတ်၏ ပြုမူဆောင်ရွက်ပုံမှာ အမေရိကန်ဆန့်ကျင်ရေးအတွက် (စစ်အေးကာလအတွင်းက အရှေ့နှင့် အနောက်အကြား အုပ်စုကွဲခဲ့ကြသလို) ရုရှားနှင့် မဟာမိတ်ဖွဲ့မည်မဟုတ်ကြောင်း ပြသနေသည်။

မသေချာမရေရာသော ထရမ့်၏ခေါင်းဆောင်မှုက သာမညကိစ္စဖြစ်သော်လည်း စစ်အေးတိုက်ပွဲသစ်မဖြစ်စေရန် တားဆီးရေးအတွက်မူ အထောက်အကူပြုသည့်အချက် ဖြစ်နေပြန်သည်။ သူသမ္မတဖြစ်လာသည့် ပထမနှစ်တွင် အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီမှာ ကျိုးကြောင်းညီညွတ်မှုမရှိသည့်အတွက် သူ့မဟာမိတ်များမှာ အမေရိကန် - တရုတ် ထိပ်တိုက်တွေ့မှုကို ထောက်ခံအားပေးရန် သတိကြီးစွာထားခဲ့ကြသည်။

သေချာသည့်အချက်မှာ တရုတ် - အမေရိကန် ပြိုင်ဆိုင်မှုသည် ၂၀၁၈ ခုနှစ်အတွင်း မရှောင်မလွှဲသာ ပိုမိုပြင်းထန်လာပါလိမ့်မည်။ ထိုသို့ပြင်းထန်လာစဉ်အတွင်း တရုတ်သည် အမေရိကန်ထက်ပိုမို၍ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချလာမည်။ အကြောင်းမှာ ထရမ့်အစိုးရအနေနှင့် ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ စွမ်းဆောင်နိုင်မှုတွင် ချို့ယွင်းအားနည်းချက်များ တွေ့လာရမည်ဖြစ်သောကြောင့် ဖြစ်သည်။ အင်အားကြီးနိုင်ငံများအကြား နိုင်ငံတကာပြိုင်ဆိုင်မှုတွင် အချက်အချာအကျဆုံးကဏ္ဍမှာ မဟာဗျူဟာမြောက် စွမ်းဆောင်ရည်ပင်ဖြစ်သည်။

လွန်ခဲ့သည့်လက ဒါဗို့စ်တွင် ထရမ့်က စံချိန်မီလေးနက်သည့် နိုင်ငံရေးမိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ရာ ယခင်ပြောကြားခဲ့၊ တွစ်တာတွင် ရေးသားခဲ့ဖူးသည့် လေသံများနှင့်မတူဘဲ တစ်မူထူးခြား၏။ ထိုမိန့်ခွန်းမှာ မဆိုစလောက်သာ သက်ရောက်မှုရှိသော အမေရိကန်ဂုဏ်သိက္ခာကို အဖတ်ဆယ်ရန် ကြိုးစားမှုတစ်ခုသာဖြစ်သည်။ ဤမိန့်ခွန်းအရ ထရမ့်အစိုးရသည် အဆုံးတွင် နိုင်ငံတကာက ၎င်းအပေါ် အမြင်ကောင်းလာစေရန်နှင့် မဟာဗျူဟာစွမ်းဆောင်ရည်ကို ပြန်လည်ရရှိရန် အရည်အချင်းရှိမှုကို ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း နားလည်နိုင်ပေသည်။ အကယ်၍ ဤသည်က အဓိကပြဿနာဟုဆိုပါလျှင် စစ်အေးတိုက်ပွဲသစ်တစ်ခုကို တိုက်ရန်ဆန္ဒရှိသည့်တိုင် မည်သို့ ဦးဆောင်နိုင်ပါတော့မည်နည်း။

ရဲထွန်း (သီပေါ)