News

POST TYPE

PERSPECTIVE

မေယုကိုဆန် မေယုကိုစုန်၍ အနောက်တံခါးကို ဖြတ်သန်းကြည့်ရှုခြင်း (၁၂)
ဗုဒ္ဓပါဒခြေတော်ရာကို ဖူးမြော်ကြည်ညိုကြခြင်း

ရသေ့တောင် ကမ်းနားလမ်းက ထမင်းဆိုင်မှာ နေ့လယ်စာ စားကြသည်။ ပူပူနွေးနွေး ချက်ပြီးစ ရခိုင်ထမင်းဟင်းတွေက ဆာလောင်နေသော စားချင်စိတ်ကို နှိုးဆွနေသည်။ ရခိုင်ခရီးစဉ်တစ်လျှောက် ရခိုင်ထမင်းဟင်းများ စားသောက်ရာတွင် ဘယ်နေရာရောက်ရောက် မရိုး။ အချဉ်၊ အငန်၊ အစပ်ကဲသော၊ ဆီနည်းပြီး အရည်ကျဲသော ရခိုင်အစားအစာက ရခိုင်မှာ သာမက မြန်မာပြည် အခြားအရပ်မှာလည်း နာမည်ကြီးသည်။ “ရခိုင် အစားအစာကောင်းကောင်း စားချင်ရင်တော့ ရခိုင်မှာမရှိဘူး။ ရန်ကုန်မှာပဲရှိတယ်”ဟု တစ်ယောက်က ပြောသည်။ သူပြောသလိုပင် ယခုရန်ကုန်မြို့မှာ “မင်းလမ်း” ရခိုင်မုန့်တီဆိုင်မျိုး ရခိုင်စားသောက်ဆိုင်တွေက နာမည်ကြီးနေသည်။ ပင်လယ်နှင့်နီးသော ရခိုင်ဒေသက ပင်လယ်စာ Sea Food နှင့် ပတ်သက်လျှင် ထင်ရှားသည်။

ရသေ့တောင် ထမင်းဆိုင်မှာတော့ ခါတိုင်းထမင်းဝိုင်းတွေမှာ မြင်နေကျ ခရမ်းသီးလုံးတွေကို ဆီမပါဘဲနှပ်ထားသည့် ခရမ်းသီးဟင်း၊ ဒေသထွက် ငါးဝက်ဆီပြန်၊ ကြက်သားအာလူး၊ ရခိုင်ငါးပိထောင်း၊ အတို့အမြှုပ်က စိမ်းပြီးလတ်ဆတ်နေသည့် ရှောက်ရွက်၊ ဆလတ်ရွက်၊ သခွားသီးနှင့် မုန်လာဥကို လေးခြမ်းခွဲပြီး အချဉ်စိမ်ထားသည့် မုန်လာဥချဉ်။ ဒေသက ဆင်းရဲသော်လည်း အစားအစာတွေက လတ်လတ်ဆတ်ဆတ်ရှိလှသည်။

ထမင်းစားပြီးတော့ သင်္ဘောဆိပ်မှာကပ်ထားသည့် စပိဘုတ်များပေါ် ပြန်တက်ကြသည်။ အစီအစဉ်အရ ဗုဒ္ဓပါဒခြေတော်ရာရှိရာ မုံစဲကျွန်းကို ခရီးဆက်ကြမည်။ ထိုနေရာတွင် အလိုတော်ပြည့် ဆရာတော်ကြီးကို ဖူးတွေ့ကြမည်။ စိတ်ဝင်စားစရာတော့ကောင်းသည်။ ဗုဒ္ဓပါဒခြေတော်ရာနှင့် ပတ်သက်လျှင် မင်းဘူးမြို့အနီးက ရွှေစက်တော်ဟု လူသိများလှသည့် မင်းဘူး အထက်/အောက် စက်တော်ရာနှစ်ခုကိုပဲ လူသိများကြသည်။ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓခြေတော်ရာ တစ်ဆူမကရှိတာကို သိပ်မသိကြ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့်လည်း ရခိုင်ဗုဒ္ဓပါဒ ခြေတော်ရာတွေကို လူတွေ သိပ်မသိကြတာဖြစ်နိုင်သည်။ မုံစဲသို့မသွားမီ ရသေ့တောင်မြို့အနီး တည်ဆောက်နေသည့် မြစ်ကူးတံတားကို စပိဘုတ်တွေနှင့် အနီးကပ် သွားရောက်ကြည့်ရှုလေ့လာကြသည်။ ကမ်းနှစ်ဖက်ခြမ်းမှာ သံပေါင်တွေ စတင်တပ်ဆင်နေပြီး ရေလယ်တိုင်တချို့ကတော့ ယခုမှပိုင်ရိုက်ပြီး ကွန်ကရစ်လောင်းနေဆဲဖြစ်သည်။ မြစ်လယ်မှာ တံတားရေလယ်တိုင် တည်ဆောက်နေကြတာကို အနီးကပ်လှည့်ကြည့်ပြီးနောက် မေယုမြစ်ဘက် ပြန်ထွက်ခဲ့ကြသည်။

ရသေ့တောင်မှ ဗုဒ္ဓပါဒခြေတော်ရာရှိရာ မုံစဲကျွန်းသို့ တစ်နာရီကျော်မျှ စပိဘုတ်ဖြင့်သွားရသည်။ ထိုနေရာကို မုံစဲကျွန်းဟုခေါ်သလို မိုးစည်ကျွန်း၊ မိုးစဲကျွန်းဟုလည်းခေါ်သည်။ တရားဝင်အမည်ကတော့ မိုးစည်ကျွန်းဖြစ်သည်။ ရသေ့တောင်မြို့နယ် သာစည်ထောင့်ကျေးရွာတွင် တည်ရှိသည်။ ကျွန်းဟုဆိုသော်လည်း ကျယ်ပြန့်သော မြစ်ကမ်းနံဘေးက စိမ်းစိုသောတောတန်းနှင့် တောင်ကုန်းကိုသာတွေ့ရသည်။ မြစ်ပြင်ကျယ်အတိုင်း မောင်းလာသော အမြန်ရေယာဉ်၏ ဝဲဘက်ကမ်းခြေတောင်ကုန်းပေါ်က စောင်းတန်းနှင့်စေတီကို ပထမဦးဆုံး လှမ်း၍ဖူးမြော်ရသည်။ စိမ်းလန်းသော ဒီရေသစ်တောများအကြားမှာ ရွှေရောင် တန်ဆောင်းပြာသာဒ်တွေ၊ ဘုရားဆင်းတုတွေ၊ စေတီအချို့ကို လှမ်း၍ဖူးရသည်။ မြစ်ဆိပ်အထိ ကွန်ကရစ်တံတားထိုးထာပြီး ကမ်းစပ်မှာ “နမ္မဒါကမ်းမှ လှိုက်လှဲစွာကြိုဆိုပါ၏” ဆိုသောစာတန်းနှင့် မုခ်ဦးပြာသာဒ်တစ်ခု မြင်ရသည်။

ကျွန်တော်တို့ စီးနင်းလာကြသည့် အမြန်ရေယာဉ်များ တစ်စင်းပြီးတစ်စင်း ကမ်းကပ်ကြသည်။ လူသူမနီးသော မြစ်ပြင်ကျယ်အနီးက စိမ်းလန်းသောတောအုပ်များ၊ သာသနိကအဆောက်အအုံများနှင့် အလွန်သာယာလှပသော နေရာလေးတစ်ခုပင်။ ယခုလို စေတီပုထိုး၊ ဆင်းတုများ၊ တန်ဆောင်းပြာသာဒ်များ ဖြစ်ပေါ်လာစေဖို့ အဓိကဦးဆောင် ကြိုးပမ်းပေးခဲ့သူကား အလိုတော်ပြည့်ဆရာတော်ကြီး ဘဒ္ဒန္တ အရိယဝံသပင် ဖြစ်သည်။ ကွန်ကရစ်ဆိပ်ခံတံတားအတိုင်း လျှောက်ခဲ့ကြရာ ကုန်းတော်ခြေရင်းရှိ ဗုဒ္ဓပါဒ ခြေတော်ရာကိန်းဝပ်ရာ ကျောင်းဆောင်တော်သို့ ရောက်ရှိကြသည်။ အနီးဝန်းကျင်တွင် ဗုဒ္ဓဂယာ မဟာဗောဓိစေတီသဏ္ဌာန်တူ စေတီငယ်တစ်ဆူ၊ တရားဦးဓမ္မစကြာ ဟောကြားနေသည့်သဏ္ဌာန် ဗုဒ္ဓရုပ်ပွား တော်တစ်ဆူနှင့် ကြည်ညိုသပ္ပါယ်ဖွယ်ရာ အခြားသော ဗုဒ္ဓဆင်းတုများကိုလည်း ဖူးတွေ့ရသည်။ ယခုလို ဆိတ်ငြိမ်အေးချမ်းသာယာသော သာသနာ့နယ်မြေတစ်ခုဖြစ်မလာမီ ဤနေရာမှာ တောကြီးမျက်မည်းတစ်ခု ဖြစ်ခဲ့ဟန်ရှိသည်။

မုံစီကျွန်း၊ မူစဲကျွန်း၊ မိုးစည်ကျွန်းဟု အမည်အမျိုးမျိုးခေါ်ဝေါ်လျက်ရှိသော ဤကျွန်းပေါ်ရှိ ဗုဒ္ဓပါဒခြေရာတော်မှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေပြီးမှ ရှာဖွေတွေ့ရှိခဲ့သော ခြေတော်ရာတစ်ခုဖြစ်သည်ဟု ဆိုသည်။ ပါဒခြေတော်ရာ သမိုင်းအရ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဘီစီ ၅ ရာစုတွင် ဓညဝတီတိုင်း (ယခုရခိုင်ပြည်နယ်) သို့ စန္ဒာသူရိယဘုရင်၏ အဓိဋ္ဌာန်ဖြင့် လျှောက်ထားချက်အရ ကြွရောက်လာခဲ့ပြီး မဟာမုနိကိုယ်ပွားတော်ကို ရင်ငွေ့တော်သွင်းထုလုပ်စေခဲ့ကာ မဇ္ဈိမဒေသသို့ အပြန်ခရီးကောင်းကင်မှ ကြွလာစဉ် နမ္မဒါမြစ်ကမ်းအရောက် နတ်နဂါးတို့၏ တောင်းပန်လျှောက်ထားချက်အရ နောင်အရှည်သာသနာတွင် ကိုယ်စားပူဇော်နိုင်ရန် လက်ဝဲခြေတော်ရာတစ်ဆူ ချပေးခဲ့သည်ဆို၏။ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော နမ္မဒါမြစ်ကမ်းမှ ခြေတော်ရာကို လွန်ခဲ့သည့်နှစ်ပေါင်း သုံးဆယ်ခန့်က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အလိုတော်ပြည့်ဆရာတော်ကြီး၏ ကောင်းမှုဖြင့် ပါဒခြေတော်ရာသမိုင်းဝင်နေရာမှာ စည်ကားလာခဲ့သည်။ နှစ်စဉ် ပြာသိုလရောက်တိုင်း ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ စစ်တွေမြို့မှ တစ်နာရီကျော်၊ နှစ်နာရီခရီးသာဝေး သော်လည်း ရသေ့တောင်မြို့နယ်ထဲမှာရှိသည့် ရခိုင်ပြည်နယ် ဗုဒ္ဓပဒခြေတော်ရာအကြောင်းကို ပြည်မကလူတွေ အများအပြား သိရှိကြသေးဟန်မတူပါ။

ဗုဒ္ဓခြေတော်ရာများနှင့် ပတ်သက်သော သမိုင်းအထောက်အထားများကို ဖတ်ရှုလေ့လာကြည့်သောအခါ တူညီနေသောအချက်တစ်ချက်မှာ ဘုရားပွင့်တော်မူပြီးနောက် သုနာပရန္တတိုင်း၊ ဓညဝတီတိုင်းသို့ ဒေသစာရီကြွရောက်ကာ ခြေတော်ရာများ ချန်ခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်း မင်းဘူးမြို့နယ်ရှိ အထက်/အောက် စက်တော်ရာသမိုင်းတွင် နမ္မဒါမြစ်ကမ်းဟု ဖော်ပြသလို ယခု ရခိုင်ပြည်နယ် မိုးစည်ကျွန်းက ခြေတော်ရာသည်လည်း နမ္မဒါမြစ်ကမ်းအနီးဟု ဖော်ပြသည်။ အခြားသော ပါဒခြေတော်ရာသမိုင်းတွေအရ ကမ္ဘာပေါ်တွင် ဗုဒ္ဓခြေတော်ရာချထားခဲ့သည့် နေရာ ၁၀ ခုရှိရာ အိန္ဒိယတွင် လေးနေရာ၊ သီရိလင်္ကာတွင် တစ်နေရာ မြန်မာနိုင်ငံတွင် ငါးနေရာရှိပြီး ရခိုင်ပြည်နယ်အတွင်းမှာပင် ကျောက်ဖြူမအီနှင့် ဖရုံကာကျွန်းတွင်လည်း ဗုဒ္ဓခြေတော်ရာများရှိသည်ဟု ဖော်ပြထားသည်။ မိုးစည်ကျွန်း ဗုဒ္ဓပါဒခြေတော်ရာနှင့်ပတ်သက်၍ ထူးခြားမှုများကို ပါဒသမိုင်းစာအုပ်တွင် ဖော်ပြထားသည်။ နတ်နဂါးများက လာရောက်ပူဇော်ကြသည့် အကြောင်း။ ထိုနေရာတစ်ဝိုက်တွင် ဘုရားဖူးလာသည့် နဂါးများတွေ့ရသည့်အကြောင်းတွေ ပါဝင်သည်။ နောင်တွင် ဘုရားဖူးများဖြင့် အမြဲစည်ကားလာနိုင်သည့် နေရာတစ်ခုဖြစ်သည်။

ကျွန်တော်တို့အဖွဲ့ ဗုဒ္ဓပါဒခြေတော်ရာရှိရာ တန်ဆောင်းအတွင်းသို့ ဝင်ပြီးဖူးမြော်ကြသည်။ ကျောက်ဆောင်တစ်ခုပေါ်တွင် ထင်ကျန်နေသော ခြေတော်ရာကို နဂါးနှစ်ကောင်ရုပ်တုက ခေါင်းချင်းဆိုင် ကွေ့ပတ်ကာရံပေးထားသည်။ သိပ်ပြီးမကြီးလှပါ။ ထိုခြေတော်ရာ ထင်နေသော ကျောက်ဆောင်တစ်ခုလုံးကိုမိုးပြီး တန်ဆောင်းဆောက်ကာ လူအများပူဇော်နိုင်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။ စိတ်ဝင်စားစရာတော့ကောင်းပါသည်။ အချို့က ခြေတော်ရာထဲသို့ ငွေစက္ကူတွေပစ်ချသည်။

ခြေတော်ရာတန်ဆောင်းသို့ ရောက်ရှိပြီး မကြာမီမှာပင် အလိုတော်ပြည့်ဆရာတော်ကြီး ကြွရောက်လာသဖြင့် တန်ဆောင်းအတွင်း ရောက်ရှိနေကြသော ဒေသခံအချို့နှင့်အတူ မိမိတို့အဖွဲ့ ဆရာတော်ကြီးကို ဦးခိုက်ကြသည်။ သတင်းတွေထဲမှာ မကြာခဏဖတ်ရ၊ မြင်နေရသော်လည်း ဆရာတော်ကြီးကို ယခုလို ကိုယ်တိုင်ကိုယ်ကျဖူးမြော်ခွင့် တစ်ကြိမ်မျှ မကြုံဖူးသေးပါ။ ယခု ရခိုင်ခရီးစဉ်တွင် ထူးထူးခြားခြား ဆရာတော်ကြီးကို ဖူးခွင့်ရခဲ့သလို ဩဝါဒစကားအချို့ကိုလည်း နာကြားခွင့်ရခဲ့သည်။

ယခု မိုးစည်ကျွန်း ဗုဒ္ဓပါဒခြေတော်ရာ သာသနိကနယ်မြေ စည်ပင်တိုးတက်နေရခြင်းမှာ ဆရာတော်ကြီး၏ ဦးဆောင်ကြိုးပမ်းမှုကြောင့်ဖြစ်သည်။ ဤနေရာသာမက ဆရာတော်ကြီးသည် ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓသာသနာပြုလုပ်ငန်း အများအပြားကို လွန်ခဲ့သည့်နှစ်များစွာကတည်းက လုပ်ဆောင်နေခဲ့သည်။ ဤဒေသသည် ဆရာတော်ကြီး၏ ဇာတိနယ်မြေလည်းဖြစ်သည်။ ရခိုင်အရေးနှင့်ပတ်သက်လာလျှင် ဆရာတော်ကြီးက အလုံးစုံသိနားလည်သည်။ ဤဒေသကို ဘင်္ဂါလီတွေ တဖြည်းဖြည်းလွှမ်းမိုးလာသည့်ကိစ္စ၊ ရခိုင်လူမျိုးတွေ တဖြည်းဖြည်းနှင့် ဒေသကို စွန့်ခွာသွားနေသည့်ကိစ္စ၊ ဒေသမဖွံ့မဖြိုး ခေတ်နောက်ကျ ကျန်နေသည့်ကိစ္စ၊ ရခိုင်လူမျိုးတွေဘဝ မလုံမခြုံဖြစ်လာသည့်ကိစ္စ၊ ဆင်းရဲနွမ်းပါးမှုကိစ္စ အားလုံးကို ဆရာတော်ကြီးသိသည်။

“ဘုန်းကြီးက ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းက အဲဟိုဘက် အငူမော်လမ်းကို ပြင်ဖို့ပြောဖူးတယ်။ ဖြစ်မလာပါဘူး။ ရခိုင်က ဖွံ့ဖြိုးတိုးတက်မှု အရမ်းနောက်ကျနေတယ်။ ဘုန်းကြီးတို့ကတော့ တတ်နိုင်သလောက် လုပ်နေတာပဲ”

“အခု ဒကာကြီးတို့လာတော့ ဟိုမှာ ဘာတွေတွေ့ခဲ့ရသလဲ”ဟု မေးသည်။ အဖွဲ့ထဲက အသက်အကြီးဆုံး သတင်းစာဆရာကြီး ဟံသာဝတီဦးအုန်းကြိုင်က အငူမော်မှ မောင်တောအထိ၊ မောင်တောမှ မြောက်ပိုင်းအထိ တွေ့ခဲ့ရသည့်အခြေအနေကို ပြောပြသည်။ ဆရာတော်ကြီးက ငြိမ်ပြီး နားစိုက်ထောင်နေသည်။ အတန်ကြာတော့မှ

“သူတို့တွေက အချင်းချင်း အဆက်အသွယ်ရှိကြတယ်။ ဒီမှာ အခြေအနေမကောင်းရင် ပြန်လာမှာမဟုတ်ဘူး”ဟု ထွက်ပြေးသွားသည့် ဘင်္ဂါလီတွေနှင့်ပတ်သက်ပြီး မှတ်ချက်ပေးသည်။ “အခု ဒီမှာ လူတွေအားလုံး စိတ်ဒဏ်ရာတွေ ရနေကြတယ်။ ဒါကို လျှော့ချပေးဖို့လိုတယ်။ ဘုန်းကြီးက ဟိုရသေ့တောင်မှာ ဂီတပွဲတွေ လုပ်ပေးချင်တယ်။ ဘုန်းကြီးမှာ အနုပညာသမားတွေ အများကြီးရှိတယ်။ သူတို့ကိုခေါ်လာပြီး ဖျော်ဖြေပေးချင်တယ်။ ဒါပေမဲ့ အခုမလုပ်ပါနဲ့ဦး။ ကာဖျူးထုတ်ထားတုန်းမို့ဆိုတော့ မလုပ်ဖြစ်ဘူး”

ဆရာတော်ကြီးမှာ ဒေသအကျိုးအတွက် စိတ်စေတနာကောင်း ပြည့်ဝသူဖြစ်သည်။ ဒေသကို ဖွံ့ဖြိုးစေချင်သည်။ စည်ပင်စေချင်သည်။ သို့သော် ရခိုင်မြောက်ပိုင်း အခြေအနေတွေက အားလုံးသိကြသည့်အတိုင်းပင်။ ပြဿနာတွေက တစ်ခုပြီျးတစ်ခု။

ချစ်ဝင်းမောင်