News

POST TYPE

PERSPECTIVE

ကုန်ဈေးနှုန်းကြီး၍ ပူတာအိုတွင် ဆန္ဒပြမည်
13-Feb-2018
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီး လမ်းတံတားများ ဖျက်ဆီးခံရမှုများကြောင့် ဆန်နှင့် စက်သုံးဆီဈေးအပါအဝင် အထွေထွေကုန်ဈေးနှုန်း လေးဆခန့်တက်နေသဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဒေသခံတစ်ထောင်ခန့်က ဆန္ဒပြမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိပူတာအိုမြို့တွင်း၌ ဓာတ်ဆီတစ်ဂါလန်ကို နှစ်သောင်းလေးထောင်ကျော် ပေးဝယ်နေရပြီး ဆန်တစ်အိတ်လျှင် ရှစ်သောင်းအထိရှိနေသည့်အပြင် အခြားကုန်ဈေးနှုန်းများမှာလည်း အနည်းငယ်စီ မြင့်တက်လျက်ရှိနေသည့်အတွက် ဒေသခံများအတွက် အခက်အခဲများဖြစ်နေရကြောင်း ပူတာအိုမြို့ ဒေသခံ ဦးအောင်ခမ်းက ပြောကြားသည်။

မြစ်ကြီးနားနှင့် ပူတာအိုလမ်းပိုင်း ပြတ်တောက်မှုကြောင့် ပူတာအိုဒေသအတွင်း ကုန်ဈေးနှုန်းမြင့်တက်နေမှုကို အစိုးရက ထိန်းညှိပေးရန်၊ တပ်မတော်နှင့် ကေအိုင်အေတို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲများကို ရပ်တန့်ပြီး နိုင်ငံရေးအရ ဖြေရှင်းပေးရန်နှင့် လက်ရှိလမ်းပိုင်း ပြတ်တောက်မှုကို အမြန်ဆုံးတည်ဆောက်ပေးရန်အတွက် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ပူတာအိုဒေသခံ ဦးဖေဝမ်က ပြောကြားသည်။

“ဒီဒေသမှာရှိတဲ့ ကုန်ဈေးနှုန်းက ပြည်သူလူထုနဲ့ဆိုင်တဲ့အတွက် လုပ်ငန်းရှင်များကို အစိုးရအနေနဲ့ ထိန်းပေးဖို့ပေါ့”ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီ ၂၈ ရက်က ကချင်လက်နက်ကိုင်တပ်ဖွဲ့မှ ဆွမ်ဘရာဘွမ်မြို့အနီး မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအို လမ်းပိုင်း မိုင်တိုင် (၁၁၁) နေရာရှိ စီနင်ခ ချောင်းကူး၊ ဇနန်သံဘောင်ဘေလီတံတားကို ဖျက်ဆီးခဲ့ရာ မော်တော်ယာဉ်များ သွားလာ၍မရသဖြင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါလမ်းပိုင်းမှာ မြစ်ကြီးနားမှ ပူတာအိုဒေသတွင်းသို့ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် တစ်ခုတည်းသော လမ်းပိုင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ရေးကို စစ်ရေးအတိုင်းမဟုတ်ဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပေးပြီးတော့နဲ့ ပြည်သူလူထုရဲ့ ပြဿနာကို ရှေးရှုပြီး ဖြေရှင်းပေးဖို့။ အဲဒါကို ကြွေးကြော်ပြီးတော့လုပ်မယ်”ဟု ၎င်းက ဆိုသည်။

မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို လမ်းပိုင်းဆက်သွယ်ထားသော တံတားနှစ်စင်းကို ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA/ KIO အဖွဲ့က ဖျက်ဆီးခဲ့သည့်အတွက် အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရန် အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပူတာအိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန် (ခ) ခန်လင်က တင်သွင်းခဲ့ရာ ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးမှတ်တမ်းတင်ခဲ့သည်။

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အနီး မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို လမ်းပိုင်း မိုင်တိုင် (၁၁၁) နေရာရှိ စီနင်ခ ချောင်းကူး ဇနန်သံဘောင်ဘေလီတံတားနှင့် ယင်းတံတားမှ တစ်မိုင်ခန့်အကွာရှိ သံဘောင်ဘေလီတံတားတို့ကို ကချင် လွတ်မြောက်ရေးတပ် ကေအိုင်အေနှင့် ကေအိုင်အိုက ဖျက်ဆီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

R-06