News

POST TYPE

PERSPECTIVE

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ NLD ပါတီ မြို့နယ်ရုံးများတွင် ပဲပြုတ်နှင့်နံပြား ကျွေးမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ပါတီဌာနချုပ်ရုံးနှင့် မြို့နယ်ရုံးများတွင် ပဲပြုတ်နှင့် နံပြားများ ကျွေးမွေးသွားမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အသီးသီးမှ ပါတီရုံးများတွင် ပဲပြုတ်နှင့်နံပြားများကို ကျွေးမွေးသွားမည်ဖြစ်ပြီး စတုဒိသာ ကျွေးမွေးခြင်း ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများကိုလည်း အချို့မြို့နယ်များတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး NLD ပါတီ ပြန်ကြားရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မြို့နယ်တိုင်းမှာတော့ သူတို့အစီအစဉ်တွေနဲ့ လုပ်ကြမယ်။ ရုံးချုပ်မှာလည်း လုပ်ဖို့စီစဉ်နေပါတယ်။ အဓိကတော့ ပဲပြုတ် နံပြားပေါ့ ပြီးရင် အခြားအစီစဉ်တွေလည်း ပါမယ်။ အချို့နေရာတွေမှာ စာပေဟောပြောပွဲလေးတွေလည်း ထည့်ထားတယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် လသာမြို့နယ်ရှိ NLD ရုံး တွင် ပဲပြုတ်နှင်နံပြားအချပ် တစ်ထောင်ကို စတုဒိသာအဖြစ် ကျွေးမည်ဖြစ်ကြောင်း လသာမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ပြောကြားသည်။

“နံပြားအချပ်တစ်ထောင်ကို လသာမြို့နယ်က မဟာဗန္ဓုလလမ်းမပေါ် ၁၇ လမ်းနဲ့ ၁၈ လမ်းကြားက NLD ရုံးအောက်မှာ ကျွေးမယ်။ အထိမ်းအမှတ်အဖြစ် ကျန်တဲ့မြို့နယ်တွေမှာလည်း ဆောင်ရွက်ပါမယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်များတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့တွင် စတုဒိသာကျွေးခြင်းနှင့် ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် ပန်းချီဆွဲပြိုင်ပွဲများ၊ မိန့်ခွန်းပြိုင်ပွဲများနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများလည်း ကျင်းသွားမည်ဖြစ်သည်။

J-08, J-10