News

POST TYPE

PERSPECTIVE

ပြည်ထောင်စုနေ့နှင့် လူနည်းစုသဘောထား လေးစားရေး
10-Feb-2018

၁၃၅ မျိုးရဲ့ ယဉ်ကျေးမှုကပွဲများကိုကျော်၍

ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ဆိုတာ ကိုလိုနီအင်္ဂလိပ်လက်အောက်ကနေ မြန်မာ့လွတ်လပ်ရေး ရယူနိုင်ဖို့အတွက် ဗမာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်နယ် ပင်လုံမြို့မှာ ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာကနေ စတင်ဖြစ်ပေါ်လာတာပါ။

ဒါပေမဲ့ နှစ်တွေကြာလာလို့လားတော့ မသိပါ။ ပြည်ထောင်စုနေ့လို့ပြောလိုက်ရင် ပင်လုံစာချုပ်ပါ အချက်အလက်တွေ၊ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ပုံတွေကိုမမြင်ဘဲ တိုင်းရင်းသားရိုးရာဝတ်စုံ လှလှပပတွေဝတ်ပြီး ကပြဖျော်ဖြေနေတဲ့ ပြည်ထောင်စုကပွဲ ပုံရိပ်တွေကိုသာ စာရေးသူစိတ်ထဲ ပြေးမြင်လေ့ရှိပါတယ်။ စာဖတ်သူတွေ စိတ်ထဲမှာကော ဘာကို အရင်ဆုံး ပြေးမြင်လေ့ရှိပါသလဲ။ 

အမြင်ဆိုတာ ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ ပတ်ဝန်းကျင်အခြေအနေ၊ ကိုယ်မွေးဖွားခဲ့တဲ့ ဒေသရဲ့ ပထဝီအနေအထားနဲ့ သမိုင်းနောက်ခံပေါ်မူတည်ပြီး ကွာခြားလေ့ရှိတာကြောင့် တစ်ဦးနဲ့တစ်ဦး ထပ်တူမဖြစ်နိုင်ပါ။ ပင်လုံစာချုပ်ကိုပဲ ဥပမာကြည့်ပါ။ ဗမာလူများစုဘက်က အမြင်အရဆိုရင် တောင်တန်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဗမာအစိုးရနဲ့ပေါင်း ပြီးပင်လုံမှာ လက်မှတ်ထိုးနိုင်ခဲ့လို့သာ လွတ်လပ်ရေးရခဲ့တယ်။ နို့မို့ဆို ဗမာပြည်မပဲ လွတ်လပ်ရေးရပြီး တောင်တန်းဒေသက ကိုလိုနီဆက်ဖြစ်နေဦးမှာလို့ မြင်နေကြပါတယ်။ ဗမာအစ်ကိုကြီးက တိုင်းရင်းသားလူနည်းစု ညီငယ်တွေကို ကူညီကယ်တင်လိုက်တယ်ပေါ့။

ဒါပေမဲ့ တောင်တန်းသားတွေဘက်က အမြင်က အဲဒီလိုမဟုတ်ပါဘူး။ နယ်စပ်ဒေသမှာတွေ့ဖူးတဲ့ တိုင်းရင်းသား သူပုန်ခေါင်းဆောင်တွေ၊ ပြည်တွင်းမှာတွေ့ဖူး၊ ပြောဖူးသလောက် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်အရဆိုရင် ပင်လုံစာချုပ်ကြောင့် ကိုလိုနီ အင်္ဂလိပ်ကျွန်ဘဝက လွတ်သွားတာမှန်ပေမယ့် ဗမာကျွန် (ဗမာစစ်အစိုးရကျွန်) ဆက်ဖြစ်နေ တယ်လို့ သူတို့က ဆိုကြပါတယ်။ ဒီအမြင်ကို ပြည်မနေ ဗမာအများစု သိရှိနားလည်၊ လက်ခံဖို့ အဆင်သင့်ဖြစ်ပါ့ရဲ့လား။ 

ရှေ့ပိုင်းမှာ နိဒါန်းချီခဲ့တဲ့အတိုင်း အမြင်ဆိုတာ တစ်ဦးနဲ့တစ်ဦး မတူနိုင်တဲ့အတွက် ပြည်မက လူများစုအမြင်နဲ့ တောင်တန်းဒေသက လူနည်းစု အမြင်မတူတာ သဘာဝကျပါတယ်။ ဒါဖြင့် သဘာဝမကျတာက ဘာလဲ။ အဲဒီလို မတူကွဲပြားမှုတွေကို အသိအမှတ်မပြုဘဲ အားလုံးအတူတူဖြစ်ရမယ်ဆိုပြီး အတင်းအကျပ် ပုံစံသွင်းနေခြင်းလို့ ထင်ပါတယ်။

ဒီလို အတင်းအကျပ် ပုံစံသွင်းခြင်းကြောင့် ၇၁ နှစ်ကြာတဲ့အထိ ပြည်ထောင်စုနေ့ဆိုတာ အမည်ပဲရှိပြီး လက်တွေ့မှာတော့ ပြည်တွင်းစစ်မရပ်နိုင်သေးပါ။ ၂၀၁၀ ရွေးကောက်ပွဲအလွန် ဒီမိုကရေစီအသွင် ကူးပြောင်းမှုကာလမှာတော့ အရင်ကအမှားတွေကို သင်ခန်းစာယူပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွေ လုပ်နေတာတွေ့ရပါတယ်။ ဒါပေမဲ့ သေနတ်သံတွေက ကြားနေရဆဲပါ။ မြောက်ပိုင်းဒေသဘက်မှာဆို သေနတ်သံတွေက အရင် စစ်အစိုးရခေတ်ထက်တောင် ပိုအသံကျယ်သလို ဖြစ်လာနေပါတယ်။

တိုင်းရင်းသားဆိုတာကို ဘယ်လိုသဘောပေါက်ကြသလဲ

မြန်မာနိုင်ငံမှာ လူသုံးများနေတဲ့ တိုင်းရင်းသားဆိုတာ ဌာနေတိုင်းရင်းသား (Indigenous) ကို ဌာနေမပါဘဲ တိုင်းရင်းသားတစ်ခုတည်းကို ဆွဲယူသုံးစွဲနေတာလို့ ယူဆရပါတယ်။ အဓိပ္ပာယ်ကတော့ ရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံအတွင်း အစဉ်အဆက် နေထိုင်လာခဲ့သူတွေပေါ့။ အရင်ခေတ်ကဆိုရင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုပြီး လူမျိုးစုကြီး ၈ ခုကို ညွှန်းဆိုလေ့ရှိပါတယ်။ စစ်အစိုးရခေတ်မှာတော့ တိုင်းရင်းသား ၁၃၅ မျိုးရှိတယ်ဆိုပြီး အာဏာပိုင်တွေက ပြောပါတယ်။ 

ဒီအပြောကို ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေက အစောပိုင်းမှာ ကန့်ကွက်ကြပေမယ့် နောက်ပိုင်းမှာတော့ အဲဒီ ၁၃၅ မျိုးကို အတည်ယူပြီး နောက်တိုးလူမျိုးစုတွေဟာ ၁၃၅ မျိုးထဲမှာ စာရင်းမပါတဲ့အတွက် ဌာနေတိုင်းရင်းသား ဖြစ်ခွင့်မရှိဘူးလို့ ကိုးကားအသုံးပြုလာနေတာ တွေ့ရပါတယ်။ ထားတော့။ အဓိကဆွေးနွေးချင်တာက တိုင်းရင်းသားဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ကြသလဲ။ တိုင်းရင်းသားဆိုတာ (Indigenous) ဌာနေလူမျိုးကို ဆိုလိုမှန်း လူတိုင်းသိပေမယ့် တကယ့်လက်တွေ့မှာတော့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နဲ့ ရှမ်းလူနည်းစုတွေပဲ တိုင်းရင်းသား စာရင်းပေါက်ပြီး လူများစု ဗမာက တိုင်းရင်းသားထဲ မပါဘူးလို့ အများက နားလည်ထားသလို ဖြစ်လာနေပါတယ်။

ဥပမာ စာရေးသူဆိုရင် ထားဝယ်သံဝဲတဲ့အတွက် “အသံဝဲတယ်နော်။ ဘာတိုင်းရင်းသားလဲမသိဘူး” ဒီလို အမေးခံရပါတယ်။ စာရေးသူရဲ့ မိတ်ဆွေ တောင်ပေါ်သားတွေဆိုရင် “အသံဝဲတယ်နော်။ တိုင်းရင်းသားတွေ ထင်တယ်”ဆိုပြီး မကြာခဏ အပြောခံရတာ သတိထားမိပါတယ်။ 

ဒီလောက်ဆိုရင် တိုင်းရင်းသားရဲ့ မူလအဓိပ္ပာယ်နဲ့ မြန်မာ့နည်း မြန်မာ့ဟန် ပုံဖော်ထားတဲ့ နောက်တိုးအဓိပ္ပာယ် မတူဘူးဆိုတာ သိလောက်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အသစ်ပေါ်လာတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဆိုတာကို စာဖတ်ပရိသတ်တွေ ဘယ်လိုသဘောပေါက်ကြပါသလဲ။ ဗမာမှအပ ကျန်လူမျိုးစုတွေအတွက် တာဝန်ယူဆောင်ရွက်ရမယ့် ဝန်ကြီးမျိုးလား။ ဒါပေမဲ့ ရှေ့မှာတင်ပြခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းဒေသတွေမှာ ဗမာက လူနည်းစုဖြစ်သွားတဲ့အတွက် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဆိုတာ ပေါ်လာပြန်ပါတယ်။ ဒီအချက်ကတော့ မဆိုးဘူး။ တိုင်းရင်းသားထဲမှာ ဗမာလည်းပါတယ်ဆိုတာကို ပြန်ညွှန်းပြသလို ဖြစ်သွားစေခဲ့ပါတယ်။

ဒါပေမဲ့ မရှင်းမလင်းဖြစ်နေတာက အဲဒီ တိုင်းရင်းသားရေးရာဝန်ကြီးတွေက ဘာလုပ်ပိုင်ခွင့်ရှိသလဲ။ ဆောင်းပါးအစမှာ နိဒါန်းချီခဲ့သလို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ရိုးရာဝတ်စုံတွေဝတ်ပြီး ပြည်ထောင်စုနေ့ကပွဲ လုပ်တာတစ်မျိုးပဲ လုပ်ခွင့်ရှိသလား။ စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းရေးလောက်ပဲ လုပ်ပိုင်ခွင့်ရှိသလား။ ဒါမှမဟုတ် တိုင်းရင်းသားလူနည်းစုတွေနဲ့ ဗမာလူများစုကြားဖြစ်နေတဲ့ အမြင်ကွဲလွဲမှုတွေ၊ တိုင်းရင်းသားတပ်တွေနဲ့ အစိုးရတပ်မတော်အကြားဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ရပ်စဲရေး၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအထိ လုပ်ပိုင်ခွင့်ရှိသလား။ ဒါကို ဒီနေ့လို ပြည်ထောင်စုနေ့မှာ မေးခွန်းထုတ်သင့်တယ် မဟုတ်ပါလား။

လူများစုဆန္ဒကိုလိုက်နာပြီး လူနည်းစုဆန္ဒကို လေးစားပါ

အများစုဆန္ဒကိုလိုက်နာပြီး အနည်းစုဆန္ဒကို လေးစားရေးဆိုတာ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတစ်ခုဖြစ်ပေမယ့် ဒီနေ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာတော့ အများစုဆန္ဒကို လိုက်နာရေးပဲ လွှမ်းမိုးနေပြီး အနည်းစုဆန္ဒကို လေးစားဖို့ပြောသူ အတော်နည်းနေတာ သတိထားမိပါတယ်။ လူနည်းစုဆိုတဲ့နေရာမှာ လွှတ်တော်အတွင်း နေရာအနည်းငယ်သာရတဲ့ အတိုက်အခံပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီတွေဆိုပြီး ၂ မျိုး ရှိနိုင်ပါတယ်။

ဒီဆောင်းပါးမှာ တိုင်းရင်းသားလူနည်းစုအခွင့်အရေးကိုသာ ဦးစားပေးဆွေးနွေးမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်နဲ့ ရှမ်းပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေက အများစု အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ အများစုအနိုင်ရထားတဲ့ NLD ပါတီက အဲဒီတိုင်းရင်းသားပါတီတွေကို ပြည်နယ်ဝန်ကြီးချုပ်နေရာ မပေးခဲ့ပါ။ ဘာကြောင့်လဲ။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ် - တိုင်းဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်တာမို့ သူတို့ပါတီက တာဝန်ခံနိုင်တဲ့ ပါတီဝင်တွေကိုသာ NLD ဘက်ကခန့်တာ သဘာဝကျတယ်လို့ဆိုကြပါတယ်။ လူများစုအမြင်အရ သဘာဝကျတယ်ဆိုပေမယ့် လူနည်းစုတိုင်းရင်းသားတွေအမြင်အရ ဒါဟာ သဘာဝမကျနိုင်ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုဆီ ချီတက်မယ်ပြောထားသူတွေ၊ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းကတည်းက အတူတကွ လက်တွဲဆောင်ရွက်ခဲ့တဲ့ မဟာမိတ်ပါတီတွေချင်း ဘာကြောင့် ဒီလောက်လေးတောင် ခွဲတမ်းမပေးနိုင်တာလဲ၊ NLD ပါတီရဲ့ ဖက်ဒရယ်မူ၊ လူနည်းစု တိုင်းရင်းသားတွေအပေါ် မူက ဘယ်လိုလဲဆိုပြီး မေးခွန်းထုတ်မှုတွေ ရှိလာနေပါတယ်။

အဲဒီနောက်ပိုင်း ဒုသမ္မတလိုနေရာမျိုး၊ တိုင်းရင်းသားရေးရာဝန်ကြီးလိုနေရာမျိုးတွေအတွက် ရှမ်းပါတီကို ကမ်းလှမ်းတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကမ်းလှမ်းချက်ဟာ ဝန်ကြီးနေရာအတွက် ခွဲတမ်းကမ်းလှမ်းခြင်းသာဖြစ်ပြီး ပါတီအချင်းချင်း ကြိုတင်ဆွေးနွေးမှု ဘာမှ ကြိုမလုပ်ခဲ့ဘူး။ ဒီလိုဆွေးနွေးခွင့်မရတဲ့အတွက် ပါတီအချင်းချင်း ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ၊ တိုင်းရင်းသားရေးရာဝန်ကြီးက ဘာတွေ လုပ်ပိုင်ခွင့်ရှိသလဲဆိုတာ ဘာမှ အတိအကျသိခွင့်မရဘူးလို့ ရှမ်းပါတီဘက်က ပြောတာတွေကို သတင်းတွေထဲ ဖတ်ရပါတယ်။

လတ်တလောဖြစ်နေတဲ့ ရခိုင်ပဋိပက္ခ၊ လူထုတွေကြုံနေရတဲ့ နေ့စဉ်စားဝတ်နေရင်းဒုက္ခနဲ့စာရင် ဒီကိစ္စဟာ အရေးပေါ်ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ် ၇၀ နှစ် ကြာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲမယ်၊ ငြိမ်းချမ်းရေးဖော်ဆောင်မယ်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ချီတက်မယ်ဆိုရင်တော့ တိုင်းရင်းသားလူနည်းစုတွေရဲ့အသံကို အလေးအနက် နားထောင်ရေး၊ အလုပ်တာဝန်ခွဲဝေပေးရေး (အာဏာခွဲဝေရေး) တွေကိုလည်း အစိုးရဘက်က အလေးထားစဉ်းစားဖို့ လိုပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဖြစ်နေတဲ့ ပဋိပက္ခပြေလည်ရေးကို များစွာအထောက်အကူပြုနိုင်ပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်ကစခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစီအစဉ်အရဆိုရင် NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ (အစိုးရသစ်လက်ထက် ၂၁ ပင်လုံညီလာခံ) ကို တစ်နှစ် ၂ ကြိမ် ကျင်းပရမှာဖြစ်ပေမယ့် မနှစ်က တစ်ကြိမ်ပဲ ကျင်းပနိုင်ခဲ့ပါတယ်။ နိုဝင်ဘာမှာ ဒုတိယအကြိမ်လုပ်ဖို့ မှန်းထားပေမယ့် အခု ၂၀၁၈ ဖေဖော်ဝါရီလလယ်အထိ ကျင်းပနိုင်မယ့်လက္ခဏာ မတွေ့ရသေးပါ။ NCA မှာ လက်မှတ်ထိုးပြီးသား ရှမ်းလက်နက်ကိုင်အဖွဲ့က ဦးစီးကျင်းပတဲ့ လူထုဆွေးနွေးပွဲတွေကို တပ်မတော်က ဝင်ရောက်တားဆီးတဲ့အတွက် ရှမ်းပြည်တောင်ပိုင်းမှာ ပြဿနာတွေတက်ပြီး ဆွေးနွေးပွဲတွေ ရပ်ဆိုင်းထားရပါတယ်။

ဒီကြားထဲ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရုပ်တုတစ်ခု ကရင်ပြည်နယ်အတွင်း စိုက်ထူဖို့ပြင်ဆင်နေစဉ် တပ်မတော်ကနေ လာရောက် တားဆီးပိတ်ပင်တာကလည်း အရုပ်ဆိုးလှပါတယ်။ တစ်နိုင်ငံလုံးအနှံ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ စိုက်ထူနေပြီး ကရင်နယ်မြေမှာ ကရင်ခေါင်းဆောင် ရုပ်တုစိုက်တာကျ ခွင့်မပြုနိုင်တာ ဘာကြောင့်လဲ။ အရင်နှစ်ကလည်း မွန်ပြည်နယ် ဘီလူးချောင်းတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး အတင်းအကျပ်အမည်ပေးလို့ ပြဿနာတွေ တက်ခဲ့ဖူးပြီးပါပြီ။ အမည်တွေ၊ ရုပ်တုတွေကိစ္စမှာတောင် သဘောထားမကြီးနိုင်တဲ့ NLD အစိုးရနဲ့ မြန်မာ့တပ်မတော်က တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ တန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို နားလည်လက်ခံနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ကျင်းပမယ့် ပြည်ထောင်စုနေ့ ညစာစားပွဲမှာ၊ တိုင်းရင်းသားရိုးရာကပွဲတွေမှာ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံရင်းနဲ့ ဒီကိစ္စတွေကို ဆွေးနွေးအဖြေရှာနိုင်လေမလား။ ပြည်ထောင်စုနေ့အလွန်မှာ ၂၁ ပင်လုံ ပြန်စနိုင်မလား။ ဒါမှမဟုတ် လူနည်းစု တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို NLD အစိုးရလူကြီးမင်းတွေနဲ့ တပ်မတော် ဗိုလ်ချုပ်တွေက ဆက်ပြီး လျစ်လျူရှုထားလို့ သေနတ်သံတွေ ပိုကျယ်လာပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေက အမတ်နေရာ ပိုအနိုင်ရလာလေမလား။

သေချာတာကတော့ လူနည်းစုအရေး၊ တိုင်းရင်းသားအရေးကို ပြေလည်အောင် မကိုင်တွယ်ဘဲနဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်ဖို့ မလွယ်ပါ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားလူနည်းစုအရေး၊ (ဖက်ဒရယ်အရေး) ဟာ ခေါင်းနဲ့ပန်းလို တွဲနေတဲ့အတွက် ၂ ခုစလုံးကို တစ်ပြိုင်တည်း ဖြေရှင်းဖို့လိုပါတယ်။ တစ်ခုကိုချန်ထားပြီး အခြားတစ်ခုကိုပဲ ဦးစားပေးရှင်းနေရင် ချန်ထားခံရတဲ့အပိုင်းက ပြဿနာတွေဟာ ပိုမိုကြီးထွားလာပြီး ဖြေရှင်းဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ကျရောက်တဲ့ ပြည်ထောင်စုနေ့မှာ ညစာစားပွဲ၊ ကပွဲခုန်ပွဲတွေကိုကျော်ပြီး ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးအထိ ထည့်သွင်းစဉ်းစားကြဖို့ လိုနေပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

ထက်အောင်ကျော်