News

POST TYPE

PERSPECTIVE

ဂိမ်မာ
10-Feb-2018


ဂိမ်မာဆိုသည်မှာ စွဲစွဲမြဲမြဲဂိမ်းကစားသူဟု အဓိပ္ပာယ်ရမည်ဖြစ်သော အင်္ဂလိပ်စကားလုံး Gamer ကို အသံဖလှယ်ကာ တိုက်ရိုက်ယူသုံးလိုက်သော စာလုံးဖြစ်သည်။ ပို၍လှအောင် မြန်မာမှုပြုရမည်ဆိုလျှင် အရက်သမား၊ ဆေးသမားတို့လိုပင် “ဂိမ်းသမား”ဟု ခေါ်ရမည်ထင်ပါသည်။

ဂိမ်မာကိုရှင်းရန်အတွက် ဂိမ်းကိုရှင်းရလိမ့်မည်။ မူရင်းအနက် “ကစားပွဲ” ဖြစ်သော်လည်း ယခုစာရေးသောခေတ်အရ ဂိမ်းဆိုသည်နှင့် တီဗီဂိမ်း၊ ဖုန်းဂိမ်း၊ ကွန်ပျူတာဂိမ်း စသော အီလက်ထရွန်နစ် ကစားပွဲများကိုသာ ဆိုလိုကြောင်း သိကြပါလိမ့်မည်။

စီးပွားဖြစ်ကြေးစားဂိမ်မာ (Professional Gamer) များ များပြားလာသောခေတ်တွင် လူတစ်ယောက်ကို ဂိမ်မာဟုပြောရန် လွယ်မယောင်နှင့်ခက်လာသည်။ Candy Crush, Angry Bird နေ့တိုင်းကစားနေသူလည်း ဂိမ်မာပင်ဆိုရမည် မဟုတ်လား။ မဟုတ်ဆိုလျှင် ဘယ်လိုလူကို ဂိမ်မာသတ်မှတ်ပါမလဲ။

တိတိကျကျပြောရခက်သော်လည်း ကျွန်တော်ကား ဂိမ်မာတစ်ယောက် ဖြစ်ပါသည်ဟုပင် ပြောလိုက်ပါတော့မည်။ ပရော်ဖက်ရှင်နယ် မဟုတ်သော်လည်း ဂိမ်းများကို မက်မက်စက်စက် စွဲလမ်းပျော်မွေ့တတ်သော ဂိမ်းသမားတစ်ဦးဖြစ်ကြောင်းမှာ သေချာပါသည်။ ဆယ်တန်းအောင်ပြီးကာစ ကောလိပ်ကျောင်းသားဘဝအစတွင် မိမိ၏ဘဝရှေ့ရေးအတွက် ကျွန်တော်စဉ်းစား တွေးတောကြည့်ဖူးသည်။ ဘဝအကြောင်းကို ပထမဆုံးအကြိမ် တွေးဆင်ခြင်ဖူးခြင်းလည်း ဖြစ်လိမ့်မည်။ လေးနက်သော ကျွန်တော်၏ အတွေးစကိုပြောပြလျှင် အံ့အားသင့်ကြမည်လား မဆိုနိုင်။ ဂိမ်းများသာရှိလျှင် ကျွန်တော့်ဘဝမှာ အဓိပ္ပာယ်ရှိနေပြီး အလုံးစုံပြည့်စုံနေသဖြင့် ဂိမ်းကောင်းကောင်း ဆော့နိုင်ရေးသည်သာ ကျွန်တော့်ဘဝရည်မှန်းချက် ဖြစ်သည်အထိ လေးနက်ခဲ့ကြောင်း ဖြစ်သည်။

ယင်းမှာ အတည်ဖြစ်သည်။ ထိုကာလ ခရစ်နှစ် ၂၀၀၀ ဝန်းကျင် တစ်ဝိုက်တွင် အီလက်ထရွန်နစ်ဂိမ်းများမှာ အရှိန်အဟုန်နှင့် ဆန်းသစ် ပေါ်ထွက်လျက်ရှိနေသဖြင့် မယုံကြည်နိုင်လောက်သော စွဲလမ်းမှုကို ပေးစွမ်းနိုင်ကြသည်။ စိတ်ကူးယဉ်ကမ္ဘာကြီးထဲတွင် ကိုယ်ကြိုက်သလို စွမ်းဆောင်ခွင့်ရသည်။ မိမိစိတ်ကြိုက် Mega City မြို့တော်ကြီးကို တည်ဆောက်နိုင်သည်။ ပဒေသရာဇ်ခေတ် ဘုရင်တစ်ပါးအဖြစ် မိမိအင်ပါယာကြီးကို ထူထောင်နိုင်သည်။ ဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ် မိမိ၏စစ်တပ်ကြီးကို စိတ်တိုင်းကျချုပ်ကိုင်ကာ စစ်ကစားနိုင်သည်။ ဂိုဏ်းစတားတစ်ဦးအဖြစ် ဥပဒေပအလုပ်တွေ လုပ်ချင်ရာလုပ်ပြီး ဂေါ့ဖားသား လုပ်လို့ရသည်။ ဘတ်မန်းတို့၊ စပိုက်ဒါမန်းတို့လို ဆူပါဟီးရိုးဖြစ်ချင်လည်း ရသည်။ အတုံးဆက်သော Tetris ဂိမ်းမျိုးနှင့်စပြီး မာရီယို (Mario) တို့၊ အာနိုးရမ်ဘိုခေါ်သော Contra တို့လို ဂိမ်းမျိုးနှင့် လူလားမြောက်လာသော ကျွန်တော်တို့ မျိုးဆက်အတွက်ကား ထိုဂိမ်းများသည် အံ့ဖွယ်အတိပင်။ ယနေ့ခေတ်၏ သူငယ်ကလေးများကတော့ ခံစားနားလည်တတ်မည် မဟုတ်ပေ။

ကျွန်တော့်အသက် ၆ နှစ်သားတွင် တီဗီဂိမ်းဟု ထိုစဉ်ကခေါ်သော လက်ကိုင်ဂိမ်းစက်ငယ်ကို စမြင်ဖူး၏။ ဂဏန်းပေါင်းစက်ကဲ့သို့ မျက်နှာပြင်ပေါ်တွင် တစ်ဖက်လျှင် ၅ ယောက် လူရုပ်ကလေးများနှင့် ဘောလုံးကန်သော သဘောမျိုး ရုပ်သေဂိမ်းစက် Handy Game ကလေးဖြစ်သည်။ မုံရွာမြို့လယ် စတိုးဆိုင်တစ်ခု၏ မှန်ဗီရိုထဲတွင်ဖြစ်၏။ ဈေးအလွန်ကြီးပါသည်။ ကျွန်တော်ပူဆာအပ်သော ကစားစရာမဟုတ်မှန်းလည်း သိသည်။ ထိုဂိမ်းစက်ငယ်ကို လပေါင်းများစွာ အိပ်မက်မက်ခဲ့ဖူးသည်။

အသက် ၁၀ နှစ်တွင် အတုံးဆက်သော Tetris ဂိမ်းစက်ကလေး တစ်ခုအပိုင်ရသည်။ ၁၃ နှစ်တွင် တီဗီနှင့်ချိတ်ကစားသော ခေတ်သစ် အီလက်ထရွန်နစ်ဂိမ်းကို စဆော့ခဲ့သည်။ အလွန်သဘောကျပြီး စွဲလမ်းတော့သည်။ ယင်းမှာ Family Game ဟု ခေါ်ကြသော ယနေ့အခါ VCD/DVD Player များတွင် အပိုအနေနှင့် အလကားထောက်ပံ့ ထည့်သွင်းပေးထားသည့် ဂိမ်းများဖြစ်သည်။ ထိုစဉ်ကတော့ Family ဂိမ်းစက်တွင် ကော်နှင့်လုပ်ထားသည့် 4 in 1/8 in 1 ဂိမ်းခွေများကို အပေါ်မှထောင်ကာ ဖိထိုးစိုက်ပြီး ကစားကြရသည်။

ကျွန်တော်နှင့် ကျွန်တော့်အဖေသည် ညစဉ်ညတိုင်း အလုပ်ပြီးချိန် စာကျက်ပြီးချိန်ဆိုလျှင် တီဗီရှေ့ရောက်သည်။ အာနိုးရမ်ဘိုပစ်သည်။ အမေကဆူမှ အိပ်ရာဝင်ကြ၏။ အိပ်မက်ထဲတွင် မနိုင်သေးသော အခန်းများကို ဆက်တိုက်ကြသည်။ ကျွန်တော်၏ ဆယ်ကျော်သက်ငယ်ငယ်ကား သေနတ်ပစ်ဂိမ်းများနှင့် မာရီယိုတို့ဖြင့် ကုန်လွန်လေသည်။ ဆယ်ကျော်သက်ကြီးကြီးသို့ ရောက်သော် ဗီဒီယိုဂိမ်းဆိုသည် ပေါ်လာ၏။ Nintendo ကုမ္ပဏီမှထုတ်သော စက်အသစ်နှင့် အခွေအသစ်ဖြစ်သည်။ သိသာလောက်အောင် ဂိမ်းလောကအဆင့်တစ်ခုသို့ တိုးတက်ပြောင်းလဲခြင်းလည်း ဖြစ်၏။ ယနေ့ Wii Game, Pokemon, Nintendo Switch, 3Ds တို့၏ ပိုင်ရှင်ဖြစ်သော Nintendo မှာ ဂိမ်းလောက၏ ပြောင်းလဲတိုးတက်ခြင်း ဖြစ်စဉ်များတွင် ချန်ထားမရလောက်အောင် အရေးပါသူဖြစ်ပါသည်။ ၉ တန်း ရောက်သော် ကျွန်တော်လည်း Nintendo ဂိမ်းစက်နှင့် ဖြစ်နေတော့သည်။ ဂိမ်းများသည် ကစားရ အလွန်ချောမွေ့လာကြသည်။ ဂိမ်းလက်ကိုင်တွင် လက်ညှိုးခလုတ်နှစ်ဖက်လည်း စပါလာသည်။

ကောလိပ်စတက်သော် ယနေ့ခေတ်ပေါ် ဂိမ်းစက်များ၏ ပထမဆုံးမျိုးဆက်ဖြစ်သော CD disc ထည့်ရသည့် စီဒီဂိမ်းခေါ် Sony ကုမ္ပဏီ၏ Play Station 1 စက်များ အရှိန်အဟုန်နှင့် ပေါ်ထွက်လာသည်။ ဂိမ်းဆိုင်များမှာလည်း ကွမ်းယာဆိုင်လိုအဆင့်မှသည် လက်ဖက်ရည်ဆိုင် အဆင့်မျိုးသို့ တိုးတက်လာပြီး အရည်အသွေးရော အရေအတွက်ပါ တစ်မုဟုတ်ချင်း ပြောင်းလဲကြသည်။ တစ်ချိန်တည်းတွင် အီလက်ထရွန်နစ်ဂိမ်းများကို မက်မက်စက်စက်စွဲလမ်းသော လူငယ်မျိုးဆက်တစ်ခု ကမ္ဘာကြီးနှင့်တစ်ပြေးညီ မြန်မာပြည်တွင် ပေါ်ပေါက်လာခဲ့သည်။ ကျွန်တော်မှာ ယင်းမျိုးဆက်ဝင်ဖြစ်၏။

ဂိမ်းလောကသည် စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးမှစကာ ဘာသာရေးအထိပင် နယ်ပယ်အသီးသီးတွင် လူရာဝင်လောက်အောင် စည်စည်ပင်ပင် ဖြစ်တည်လာသည်။ ဂိမ်းလောက၏ စိန်ခေါ်သံများလည်း ဆူညံလာသည်။ ကိုရင်တိတ်က ဦးဇင်းဉာဏ်ကို ဂိမ်းဖိုးရှင်းကြေး ဘောကန်ဖို့ စိန်ခေါ်သည်။ ပိစိက ဦးဇော်ကို လက်ဖက်ရည်ကြေး မြေခွေးကားမောင်းဖို့ စိန်ခေါ်သည်။ Sony ကုမ္ပဏီကြီးကိုလည်း Microsoft အပါအဝင် အခြားသောကုမ္ပဏီများက စိန်ခေါ်လာကြသည်။

ဘောလုံးကန်သောဂိမ်းများမှာ လူများစွာကို ဖမ်းစားခဲ့သည်။ ဘောလုံးသမားတစ်ဦးစီကို ပုံဖော်ပေးသည်အထိ အသေးစိတ်ကျလာသည်။ နပန်းသတ်ပွဲ တိုက်ခိုက်ရေးပွဲများမှာလည်း ပိုပြည့်စုံပြီး သဘာဝကျလာသည်။ အင်ပါယာထူထောင်သော စစ်ဘုရင်လို ဗျူဟာ (Strategy) ဂိမ်းများလည်း စပေါ်ပေါက်လာသည်။ Harvest Moon က မိန်းကလေးများကိုပါ ဂိမ်းစွဲစေသည်။ ကျွန်တော်တို့လည်း အဖျားရှိန် မြင့်တက်လာကြတော့သည်။

ရေနံဂိမ်း ခေါ်ကြသော EA ၏ Red Alert/command & Conquer ဂိမ်းကို ကျွန်တော်တို့ စွဲကြသည်။ ကိုယ့်စခန်းနှင့် စစ်တပ်ကို ထူထောင်ပြီး ကိုယ့်ဘာသာငွေရှာကာ အခြားတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားရသော ဂိမ်းမျိုးဖြစ်သည်။ RTS (Real Time Strategy)Game များ၏ ပထမဆုံးမျိုးဆက် ဘိုးအေကြီးဖြစ်လေသည်။ သူ၏ တီတွတ်များကား ယနေ့ခေတ်၏  COC (Clash of Clan) တို့လို ဂိမ်းများဖြစ်ကြ၏။ စီဒီခေတ်တွင် ကျွန်တော်တို့ Command ဂိမ်းစွဲခဲ့ကြပုံမှာ အမှတ်တရရှိလှသည်။

သောကြာနေ့ နေ့လယ်ထမင်းစားပြီးသည်နှင့် ကျောင်းပြေးပြီး ဂိမ်းဆိုင်ရောက်တော့သည်။ ဆိုင်တွင် ကြာကြာထိုင်နိုင်မည့် နေရာကောင်းရွေးပြီးလျှင် တီဗီနှစ်လုံးကို ကြိုးနှင့်ဆက်ရသည်။ တစ်ယောက်တီဗီကို တစ်ယောက်မမြင်ရအောင် အလယ်တွင် ပုဆိုးတို့၊ ဖျာတို့ကိုဖြန့်ကာ ကာထားရသည်။ ကွန်ပျူတာဂိမ်းများ မပေါ်သေးသောခေတ်၏ ရင်ခုန်စရာများလည်း ဖြစ်ပါ၏။ သောကြာညနေမှ စလိုက်သော သူငယ်ချင်းနှစ်ယောက်၏ ရေနံ Command တိုက်ပွဲများမှာ စနေတစ်နေ့လုံးကို ကျော်ဖြတ်ပြီးနောက် တနင်္ဂနွေညတိုင်မှ အဆုံးသို့ရောက်လေသည်။ ကျွန်တော်တို့၏ နာရီကား ဂိမ်းဆိုင်ရှေ့မှ မုန့်ဟင်းခါးဆိုင်နှင့် ဝက်သားတုတ်ထိုးဆိုင်ဖြစ်သည်။ ဆိုင်ရှေ့လှမ်းကြည့်လိုက်၍ မုန့်ဟင်းခါးသည်ကိုမြင်လျှင် မနက်ဖြစ်၏။ မုန့်ဟင်းခါး ၂ ပွဲလောက် မှာစားလိုက်မည်။ ကြောဆန့်ရင်း ဆိုင်ရှေ့ကြည့်မိချိန် တုတ်ထိုးဆိုင်ဖွင့်နေပြီဆိုလျှင် ညနေဖြစ်၏။ တုတ်ထိုးနှင့်ထမင်းကြော် မှာစားမည်။ ထိုသံသရာ နှစ်ပတ်လည်ပြီဆိုလျှင် တနင်္ဂနွေညဖြစ်၏။ “နက်ဖြန်ကျောင်းတက်ရမယ်... တော်စို့ ...ပြန်စို့” တစ်ယောက်ကိုတစ်ယောက် ပြောကာ ထဖို့ကြိုးစားရသည်။ “တော်စို့ ... ပြန်စို့” ခုနစ်ခါလောက်ပြောပြီးလျှင် နောက်ဆုံးပွဲကို တိုက်၏။ တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ အဆောင်သို့ ပြန်ရသည်။ လမ်းတွင် လဲမှာစိုးသောကြောင့် ဖြစ်၏။

ထိုကာလများ အဆုံးသတ်သွားပုံမှာလည်း အမှတ်တရပင်ဖြစ်သည်။ တစ်နေ့တွင် သူငယ်ချင်းလုပ်သူက ရန်ကုန်မြို့ထဲမှပြန်အလာ သတင်းတစ်ခု သယ်လာသည်။ “ကွန်မန်းဂိမ်းက ကွန်ပျူတာမှာဆော့တာ ထွက်နေပြီ။ မြို့ထဲက အင်တာနက်ကဖီးတွေမှာ ဆော့လို့ရနေပြီ။ တအားမိုက်တာပဲ။ အရုပ်လေးတွေက သေးသေးလေးတွေနဲ့ အသေးစိတ်ကို ကြည်လင်နေရော။ ဂတ်တလင်းဂန်းဆိုတဲ့ စက်သေနတ်က လေယာဉ်တွေကိုပစ်ချတာ ဒက်ဒက်ဒက်ဒက်နဲ့။ ဗီတူးဒုံးပျံကြီးက ပစ်လိုက်ရင် မီးခိုးတွေထွက်ပြီး ရွှီဆို ရန်သူ့စခန်းထဲကို ကျသွားတာ ဒါမျိုး”။ . . .

နောက်တစ်နေ့မှစ၍ ကျွန်တော်တို့ ဂိမ်းပလက်ဖောင်း ပြောင်းလေသည်။ ဆေးလိပ်နံ့၊ ချွေးနံ့နံသော ပူအိုက်သည့် ဂိမ်းဆိုင်များကိုထားခဲ့ကာ အဲကွန်းနှင့် ယမ်ယမ်ခေါက်ဆွဲပြုတ်ရသော အင်တာနက်နှင့် ကွန်ပျူတာဂိမ်းခန်းများသို့ တစ်ကွေ့ချိုး လမ်းပြောင်းမောင်းကြ၏။ ပလက်ဖောင်းအသစ်မှာ ကွာလတီကောင်းသလောက် ဈေးလည်းကောင်းသည်။ မှတ်မှတ်ရရ ၁ နာရီ ၂၀၀၀ ကျပ်ဖြစ်သည်။ နယ်မှကျောင်းသားတစ်ယောက်၏ တစ်လစာမုန့်ဖိုး သုံးသောင်း၊ လေးသောင်းနှင့် အနားကပ်ရန် ခက်လှပါသည်။ နာရီဝက်ဆော့ရန်အတွက် ဘတ်စ်ကားတစ်နာရီကျော်ကို ခြေတောင့်ခံ စီးရသည်။ အဲကွန်းနံ့သင်းသော ကွန်ပျူတာဂိမ်းခန်းများမှာ တစ်နည်း အိပ်မက်ဆန်သည်။

ဆေးတက္ကသိုလ် (၂) ၏ လေးထပ်ဆောင်အသစ် အပေါ်ဆုံးတွင် တက္ကသိုလ်စာကြည့်တိုက် ရှိ၏။ အများသုံးရန်အတွက် ကွန်ပျူတာ အနည်းငယ်ရှိသည်။ ဂိုဏ်းတူ အတန်းကြီးစီနီယာများက ဂိမ်းခိုးသွင်းထားကြသည်။ စာကြည့်တိုက်မှူးဝေးဝေးမှာ ဂိမ်းခိုးဆော့ရ၏။ အနားသို့လာလျှင် ဆေးစာအုပ်တွေ ဖတ်ချင်ယောင်ဆောင်ရသည်။ ၁ နာရီ ၂၀၀၀ မတတ်နိုင်သော ကျွန်တော်တို့လို ငမွဲများမှာ စာကြည့်တိုက်ကတ် ပြေးလုပ်ပြီး ဆေးစာအုပ် အထူကြီးတွေငှားကာ စာကြည့်တိုက်မှူးကို အယုံသွင်းရသည်။ စာအုပ်အထူကြီးများ ခေါင်းပေါ်ရွက်ပြီး လေးထပ်တိုက်ကို အတက်အဆင်းလုပ်ကာ လျှာထွက်နေလျက်က စီနီယာနောင်တော်များကို ဖားရသည်။ အခန့်သင့်သော နေ့များတွင် နာရီဝက် တစ်နာရီ ဆော့ခွင့်ရတတ်ပါသည်။

ကွန်ပျူတာနှင့် အင်တာနက်ဂိမ်း ဈေးများကျစေရန် ကျွန်တော်တို့ ဆုတောင်းကြသည်။ အလွန်လျင်မြန်သော အိုင်တီခေတ်၏ ကောင်းကွက်တစ်ခုမှာ အပြောင်းအလဲ အလွန်မြန်ခြင်းဖြစ်သည်။ မြန်လွန်းသဖြင့် ပြင်ဆင်ချိန်မရသူများ ပြင်ဆင်ရန် အားမထုတ်သူများ ကျရှုံးကြသည်။ ကွန်ပျူတာဂိမ်းများ၏ တစ်နာရီဈေးမှာ မှန်မှန်ကျဆင်းသည်။ ကျဆင်းနေစဉ်တွင်ပင် ပလက်ဖောင်းအသစ် တစ်ခုက ထပ်ပေါ်လာပြန်သည်။ P2 ဟုခေါ်သော Sony ၏ Game Console စက်သစ် Play Station 2 ပေါ်ထွက်လာခြင်းဖြစ်သည်။ မြန်ဆန်လွန်းသော အိုင်တီခေတ်ရေစီးကို မီအောင်မကူးခတ်နိုင်သူများကြားတွင် Play Station 2 သည် ကမ္ဘာလုံးချီအောင်မြင်မှု ရယူနိုင်ခဲ့သည်။

P2 ၏ စွမ်းဆောင်ရည်သည် Hardware နှင့် Software နှစ်မျိုးစလုံးတွင် ယနေ့ခေတ်၏ နောက်ဆုံးမျိုးဆက် ဂိမ်းများကို စိန်ခေါ်နိုင်ဆဲဖြစ်သည်။ ယနေ့တွင် X box နှင့် Wii စသော ကိုယ်ပိုင် ဂိမ်းသီးသန့်စက်များသည် လည်းကောင်း၊ တစ်ပါးသူ၏ OS ပေါ်တွင် တည်ဆောက်ယူသော ဖုန်းဂိမ်းကွန်ပျူတာ ဂိမ်းများသည်လည်းကောင်း Sony ကိုယ်တိုင်၏ 4 အထိရှိလာပြီဖြစ်သော Play Station နောက်မျိုးဆက်များသည် လည်းကောင်း P2 ၏ ပြောင်းလဲမှုထက် ပိုမိုသိသာထင်ရှားသော တော်လှန်ဖောက်ထွက်မှုမျိုး မလုပ်နိုင်သေးပေ။ Nintendo ၏ Wii သည် ဖောက်ထွက်ပြောင်းလဲမှု အသစ်အတွက် ကြိုးစားချက်ဖြစ်သည်။ ဂိမ်းဆော့ခြင်းသည် ထိုင်နေရပြီး ကျန်းမာရေးကို ထိခိုက်စေသည်ဆိုသော ပေးချက်ကို ပြောင်းပြန်လှန်ရန်အထိ ကြိုးစားသည်။ တစ်ကိုယ်လုံးလှုပ်ရှားစေပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဂိမ်းများကို မိတ်ဆက်ပေးသည်။ ဂုဏ်သိက္ခာအရ အောင်မြင်ကောင်း အောင်မြင်မည်ဖြစ်သော်လည်း ဂိမ်းလောကတစ်ခုလုံးကို တစ်ဆစ်ချိုး မကွေ့နိုင်ခဲ့ပါ။

P2 မှာ သူ့ခေတ်တွင် ဂိမ်းလောကတစ်ခုလုံးကို ချိုးကွေ့စေခဲ့သူဖြစ်သည်။ P1 နှင့် Nintendo ဂိမ်းစက်များကို လွှင့်ပစ်စေသည်။ ဘောလုံးကန်သော ဂိမ်းများသည် ပြင်ပလောကနှင့် တစ်ထပ်တည်းနီးပါး ဖြစ်လာသည်။ ဂိမ်းဆော့ရခြင်းသည် အနုပညာဆန်လောက်အောင် ချောမွေ့ညင်သာလာသည်။ GTA လိုဂိမ်းများသည် စိတ်ကူးယဉ်လောကအတုကို ပီပီပြင်ပြင် တည်ဆောက်နိုင်လာသည်။ လက်မနှင့်ပွတ်ထိန်းရသော Orientation ခလုတ်ပေါ်ပေါက်လာပြီး တုန်ခါမှုပါဝင်လာသည်။ အာရုံ ၃ ပါးမှသည် အာရုံ ၄ပါးအထိ ကပ်ငြိအောင် စွမ်းဆောင်နိုင်လာသည်။ ဈေးနှုန်းမှာလည်း ထိုခေတ်ကွန်ပျူတာများထက် များစွာသက်သာသဖြင့် ဂိမ်းဈေးကွက်ကြီး တစ်ခုလုံးနီးပါးကို သိမ်းပိုက်ခဲ့သည်။

ထိုအချိန်တွင် မိုဘိုင်းလ်စမတ်ဖုန်းများ မပေါ်သေးပါ။ P2 နှင့် ကွန်ပျူတာအင်တာနက်ဟူ၍ ဂိမ်းပလက်ဖောင်းကြီး ၂ ခုတွင် ဂိမ်မာများပြည့်နေသည်။ အင်တာနက်ဆိုင်များ ၁ နာရီ ၇၀၀ ကျပ်အထိ ဈေးကျလာသည်။ ကျွန်တော်တို့လည်း ပျော်သည်။ အင်တာနက်ဆိုင်များ မှိုလိုပေါက်လာသည်။ အိုင်တီခေတ်ကြီးသည် ဘတ်စ်ကားမစီးရတော့ဘဲ အဆောင်လမ်းထိပ်အထိ ရောက်လာသည်။ Red Alert ၏ Yuri's Revange တွင် စီးမျောကြသည်။ နည်းနည်းညောင်းလာလျှင်  Counter Strike ပစ်မည်။ တစ်ခါသော် Counter ပစ်နေစဉ်  Ping Gyi ဆိုသူကို ဝိုင်းဆဲကြသည်၊ ဘယ်သူမှန်းတော့မသိ။ “ဘယ်သူလဲကွ ပင်ကြီး ပစ်ပါတော့လားကွ”၊ “ပိန်ကြီး အခြောက်လားကွ ပုန်းမနေနဲ့”၊ “ငိုးမ ပိန်ကြီး ငကြောက်”။ ကစားပွဲကြီးပြီးသောအခါ ဆိုင်ထောင့်ချောင်ကလေးမှ ထလာသော ကျောင်းမှ Demonstrator ဆရာပိုင်ကြီးကို တွေ့ကြသည်။ ဟာ ဆရာကန်တော့ ကန်တော့ဟုဆိုကာ လက်အုပ်ချီကန်တော့ကြရ၏။ ဆရာက “ငါ ပုန်းနေတာ မဟုတ်ပါဘူးကွာ”ဟု ပြုံးစိစိနှင့်ဆိုသည်။ အတန်းမတူ၊ အသက်မတူသော်လည်း ဂိမ်မာချင်းတူလျှင် သူငယ်ချင်းဖြစ်သည်။...

မြို့ထဲတွင် တိုက်ခန်းရှိသော သူငယ်ချင်းကို မျက်နှာလုပ်ပြီး ကပ်ပေါင်းရသည်။ မြို့ထဲရှိ အင်တာနက်ဆိုင်များက ဈေးသက်သာပြီး ကွာလတီကလည်း ပိုကောင်းသောကြောင့် ငွေစုလူစုပြီးလျှင် ၂ ညအိပ် ၃ ညအိပ် တိုက်ပွဲဝင်ဖို့ချီတက်ကြသည်။ မောင်ခိုင်လမ်းသည် ကျွန်တော်တို့ စားကျက်ဖြစ်၏။ အတန်းကြီးလာသည်နှင့်အမျှ ဂိမ်းလောကတွင် ဆရာကြီးဖြစ်လာပြီး ကျောင်းတက်ချိန်နည်းကာ ဂိမ်းဆိုင်ထိုင်ချိန် များလာသည်။ အလုပ်သင်ဆရာဝန်နှင့် ဘွဲ့ရပြီးချိန်များတွင် အချိန်နှင့်ငွေ ပိုလျှံလာရာ လူကိုပို၍ ဂိမ်မာပီသစေတော့သည်။

စွဲလမ်းခဲ့ရသော ဂိမ်းများမှာလည်း ကျွန်တော်တို့နှင့်အတူ အသက်ကြီးလာသည် ဖြစ်သောကြောင့် ပို၍ ပြည့်စုံကောင်းမွန်လာကြသည်။ EA ၏ ကွန်မန်းဂိမ်းသည် နောက်ပိုင်းတွင် General ဟူသော နာမည်ကျော် ဂိမ်းတစ်ခု ဖြစ်လာသည်။ ပကတိစစ်မြေပြင်အတိုင်း စစ်ပွဲများကို ဖြတ်သန်းရသည်။ ကျွန်တော်တို့ကား မခွဲချေ။

ဂိမ်းကြိုက်သော ကျွန်တော်သည် Play Station Portable ဆိုသော သယ်သွားလို့ရသည့် ဂိမ်းစက်ငယ်ကို ဝယ်ခဲ့သည်။ ဆေးရုံသွားလျှင် ဂိမ်းစက်ကလေးပါသည်။ ဆေးခန်းထိုင်လျှင်လည်း ဂိမ်းစက်ကလေးပါသည်။ ယင်းမှာ စမတ်ဖုန်း မပေါ်သေးသောခေတ်တွင် ဖုန်းပြောမရသည်မှလွဲလျှင် ယခုခေတ် စမတ်ဖုန်းအတိုင်းသာ ဖြစ်၏။ နယ်ဝေးသို့ တာဝန်ကျသောအခါ ထိုဂိမ်းစက်ကလေးသည် ကျွန်တော့်ဘဝ နေ့ရက်များစွာကို စိုပြေကာ အဓိပ္ပာယ်ရှိစေခဲ့ဖူးသည်။

နယ်မြို့လေးတစ်မြို့တွင် တာဝန်ကျစဉ်က ဆေးရုံတစ်ရုံလုံးတွင် အမျိုးသားဆရာဝန် ၂ ဦးသာရှိရာ ကျန်တစ်ဦးမှာ ဦးလေးအရွယ် မေ့ဆေးအထူးကု ဆရာဝန်ဖြစ်သည်။ ၂ ဦးတည်းသာ အဖော်လုပ်နေရသဖြင့် အလွန်ပျင်းဖွယ်ကောင်းသောအခါ ဂိမ်းအတူဆော့ရန် ကျွန်တော်က ဆရာကြီးကို ဆွယ်လေသည်။ ကျွန်တော်က ဂိမ်းများအကြောင်း တမျိုးပြီးတမျိုး ပြောပြရာ ဆရာကြီးမှာ သိလည်းမသိ၊ ဝါသနာလည်းမပါ။

“ဆရာတို့အရွယ်ကျ အသက်ကြီးသွားတော့ ဂိမ်းတွေကို သိပ် စိတ်မလှုပ်ရှား မခံစားရတော့ဘူး ထင်တယ်နော်”ဟု တစ်ခါတွင်ဆိုမိရာ ထိုစဉ်က ဆရာကြီးပြန်ပြောသော စကားများကို ကျွန်တော်နားစွဲမိသည်။

“ဒါပေါ့။ ဘဝကြီးတစ်ခုလုံးက ဂိမ်းကြီးဖြစ်နေမှတော့ဗျာ၊ အိမ်က သားသမီးကိစ္စ၊ စီးပွားရေးကိစ္စတွေနဲ့တင် ခင်ဗျားဂိမ်းထက်သာနေပြီ။ ခင်ဗျားဂိမ်းက ရှုံးလို့ဖြစ်တယ်၊ ဟိုဟာတွေက ရှုံးလို့မဖြစ်ဘူးလေ။ ခင်ဗျားဂိမ်းကို ဘယ်မှာ စိတ်ဝင်စားနိုင်မလဲ။ ခင်ဗျားလည်း ငယ်သေးလို့ပါ၊ ကြီးလာရင် တကယ့်ဂိမ်းကြီးတွေနဲ့ တွေ့တဲ့အခါ ဒီဂိမ်းတွေ မဆော့နိုင်တော့ပါဘူး”ဟု ဆိုခဲ့သည်။

ထိုအချိန်မှစ၍ မိမိဘာသာ သဘောတကျနှင့် လက်ခံထားခဲ့သော ဂိမ်မာဆိုသည့် စကားလုံးကို ကျွန်တော် ပြန်တွေးဆင်ခြင်မိပါသည်။ လူတိုင်းသည်ပင် ဆိုင်ရာပွဲများကိုယ်စီ ဆင်နွှဲနေကြသော ဂိမ်မာများ ဖြစ်နိုင်ကြပါသလား။ အီလက်ထရွန်နစ်ဂိမ်း စွဲလမ်းသူများမှာ တကယ့်လောကကြီးထဲမှ ဘဝဂိမ်းများကို ရှောင်ဖယ်နေကြသူများ ဖြစ်ပါသလား။ အရေးကြီးသော ဘဝကစားပွဲကို အနိုင်တိုက်ရမည့် အဖိုးတန်အချိန်များကို ဉာဏ်တိမ်တိမ်နှင့် ဖြုန်းတီးနေသူများ ဖြစ်ကြသလား။ . . .

ဂိမ်းဆန့်ကျင်သူများ ထောက်ပြကြသည့်အတိုင်း ကျန်းမာရေးကိုစတေးပြီး ချိုမြိန်သောအသက်အရွယ်ကို လွှင့်ပစ်သူများဆိုသည်မှာ မှန်နိုင်ပါသလား။

Dota ခေတ်သို့ရောက်သောအခါ ဘဝတိုက်ပွဲများတွင်နစ်မြုပ်ရင်း ကျွန်တော်၏ ဂိမ်းမာပီသသောနာရီများ ပါးလျလာကြောင်း သတိပြုမိပါသည်။ စမတ်ဖုန်းကလေးထဲရှိ ဂိမ်းများနှင့်အတူ ဘဝတိုက်ပွဲနွံများမှ ခေါင်းဖော်နိုင်ချိန်တွင် မေးခွန်းများကိုဖြေရန် ကြိုးစားသည်။ အချို့မေးခွန်းများကို မဖြေနိုင်သေးသော်လည်း အချို့အတွက် ပေးချက်အသစ်များကို ရှာဖွေနိုင်ခဲ့သည်။ 

ဂိမ်မာများသည် ဆုံးဖြတ်ချက်ချရန် ကျင့်သားရနေသူများဖြစ်သည်။ တိုက်ပွဲတစ်ခုအပေါ် မိမိနိုင်နိုင်ခြေ ရှုံးနိုင်ခြေကို ကောင်းစွာ ကြိုတွေးခန့်မှန်းနိုင်သည်။ ဇွဲကောင်းဖို့လိုသည့်အခါ ပြောင်မြောက်စွာ ဇွဲကောင်းရသည်။ ဉာဏ်တိမ်သူများ ဂိမ်မာမဖြစ်နိုင်။ ယခုစာရေးနေချိန် ကျွန်တော့်ထံတွင် ပြည့်စုံကောင်းမွန်သော စွမ်းဆောင်ရည်မြင့် လက်ပ်တော့ကွန်ပျူတာတစ်လုံး ရှိနေသည်။ မဆော့ဖြစ်တော့သော Play Station Portable ဂိမ်းစက်ကလေး ရှိသည်။ ဂိမ်းဆော့ရန်အတွက် အဆင်ပြေသော မျက်နှာပြင်ကျယ်ကျယ်နှင့် စမတ်ဖုန်းတစ်လုံးလည်း ရှိသည်။ ကျွန်တော့်ဖုန်းထဲတွင် ယနေ့ခေတ်၏ နောက်ဆုံးပေါ် ဂိမ်းအချို့ရှိနေမည်ဖြစ်ကြောင်း ကျွန်တော်မပြောသော်လည်း သိနိုင်ပါလိမ့်မည်။ ငယ်စဉ်ကတည်းက စွဲလမ်းခဲ့သောဂိမ်းများ၏ မျိုးဆက်သစ် မြေးမြစ်များလည်း ပါကြသည်။ ညအိပ်ရာမဝင်မီ လုပ်ဆောင်ရန်ရှိသည်များ မမေ့မလျော့ လုပ်ဆောင်ရပါသည်။ အိပ်ရာနိုးလျှင် မျက်နှာမသစ်မီ ဂိမ်းများမှ ပြုဖွယ်ရှိသည်များကို ဦးစားပေးဆောင်ရွက်ရသည်။

ဂိမ်းဆော့ခြင်းမှာ ဘုရားဝတ်ပြုသကဲ့သို့ပင် ကျွန်တော်၏ နေ့စဉ် ပြုဖွယ်ဆောင်တာတစ်ခု ဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီဖြစ်သည်။ ဘဝဂိမ်းများအကြောင်း ရှင်းပြခဲ့ဖူးသော ဆရာကြီးအရွယ်နားသို့ ကပ်လာပြီဖြစ်သော်လည်း ကျွန်တော်ကား မရင့်ကျက်သေးပေ။ ဂိမ်းများသည် ကျွန်တော့်ကို စိတ်လှုပ်ရှားစေလျက်ပင် ရှိသေးသည်။ ချိုမြိန်သောအရွယ်များ ကုန်လွန်စပြုလာသော်လည်း စတေး၍ မတင်းတိမ်နိုင်သေးဘဲ ရှိလျက်ပင်။

ဘဝ၏တိုက်ပွဲများကို မရှောင်လွှဲသော်လည်း တစ်ချိန်တည်းတွင် ဖုန်းမျက်နှာပြင်ပေါ်မှ တိုက်ပွဲများကိုလည်း အနိုင်တိုက်ရန် စိတ်အားထက်သန်လျက်ပင် ရှိသေးသည်။ ဂိမ်းများသည် ကျွန်တော့်ကို မောင်းနှင်နေဆဲပင်ဖြစ်၏။ ဤကား “ဂိမ်မာ” ပင် ဖြစ်ပါတော့သတည်း။ ဉာဏ်ကောင်းဖို့တော့ လိုသည်။ 

(ယက္ခ) ရဲကြီး