News

POST TYPE

PERSPECTIVE

တိုးမြှင့်ရန် တောင်းဆိုနေသည့် ပညာရေး အသုံးစရိတ်နှင့် လိုငွေပြနေသည့် နိုင်ငံဘတ်ဂျက်
ယခုရက်ပိုင်းကာလသည် ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွက် ပြည်ထောင်စု၏ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းဆွေးနွေးနေကြချိန် ဖြစ်သည်။ ထိုဥပဒေကြမ်းကို ပြီးခဲ့သည့်လ ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး အစိုးရအဖွဲ့မှ တင်သွင်းခဲ့ပြီး ပြည်သူအများ လေ့လာအကြံပြုနိုင်ရန်လည်း နိုင်ငံပိုင်သတင်းစာများတွင် ကြေညာပေးထားသည်။ ထိုသို့ နိုင်ငံ့ဘတ်ဂျက် ခွဲဝေလျာထားမှုအတွက် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနေကြသည့် အချိန်အခါကာလနှင့် တိုက်ဆိုင်စွာပင် ယခုရက်ပိုင်းတွင် တက္ကသိုလ်များမှ ကျောင်းသားများကလည်း ပညာရေးအသုံးစရိတ်များကို တိုးမြှင့်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုနေခဲ့ကြသည်ကို သိကြပြီးဖြစ်မည်ထင်သည်။ ထိုသတင်းနှင့်တစ်ဆက်တည်း ကျစွာပင် ပညာရေးအသုံးစရိတ်တိုးမြှင့်ရန် ဆန္ဒပြတောင်းဆိုကြသော ကျောင်းသူကျောင်းသားများကို ကျောင်းမှ ထုတ်ပယ်သည့်သတင်းများသည်လည်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။

ထိုသို့သောအခြေအနေမျိုးတွင် လက်ရှိနိုင်ငံတော်၏ ပြည်ထောင်စုဘတ်ဂျက်အခြေအနေကို လေ့လာကြည့်သည့်အခါ ယခုအစိုးရသစ်ကာလတွင် စတင်ပြောင်းလဲ ကျင့်သုံးမည့် ဘဏ္ဍာရေးနှစ်အသစ်ဖြစ်သည့် လာမည့် ၂၀၁၈ - ၁၉ ဘဏ္ဍာရေးသို့မသွားနိုင်သေးမီ ယခုကြားဖြတ်ကာလဖြစ်သည့် စပ်ကူးမပ်ကူးကာလ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ အစိုးရက လွှတ်တော်သို့တင်သွင်းသည့် ပြည်ထောင်စုဘတ်ဂျက်တွင် လိုငွေမှာ ကျပ် ၂၁၈၆ ဘီလီယံရှိနေပြီး လိုငွေနှင့် ဂျီဒီပီအချိုးမှာ Accounting Method နှင့် တွက်ချက်မှုအရဆိုလျှင် ၆ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ပြီး Analytical Method နည်းဖြင့် တွက်ချက်မှုအရဆိုလျှင် ၈ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရသည်။ ဘတ်ဂျက်လိုငွေပြမှုကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက်များအရ ဘတ်ဂျက်၏ ၅ ရာခိုင်နှုန်းမကျော်အောင် ထိန်းသိမ်းကြရမည်ဖြစ်ရာ ယခုလိုငွေပြမှုကို ဆန်းစစ်လျှင် လိုငွေအချိုး Deposit Ratio မှာ များစွာမြင့်မားနေကြောင်း တွေ့ရှိရသည်ဟု ကျွမ်းကျင်သူများက ထောက်ပြထားသည်ကို တွေ့ရသည်။

ယခု ခြောက်လတာကာလအတွက် အစိုးရဘက်က တင်ပြလာသည့် အသုံးစရိတ်များအပေါ် ဌာနများနှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုကဏ္ဍ အမျိုးအစားများအပေါ် ပါဝင်မှုအချိုးအစားရာခိုင်နှုန်းကို လေ့လာကြည့်လျှင် အများဆုံးမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာနမှဖြစ်ပြီး သူ၏ အသုံးစရိတ်လျာထားမှုမှာ ၂၇ ရာခိုင်နှုန်းကျော်သည်။ ဒုတိယအများဆုံးမှာ လျှပ်စစ်နှင့် စွမ်းအင်ဌာနဖြစ်ပြီး ၂၂ ရာခိုင်နှုန်းခန့် ရှိသည်။ တတိယအများဆုံးမှာ ကာကွယ်ရေးဖြစ်ပြီး ၁၂ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိကာ ပညာရေးအသုံးစရိတ်မှာ ၇ ဒသမ ၅ ရာခိုင်နှုန်းဖြင့် စတုထ္ထနေရာက လိုက်သည်ဟု ဘတ်ဂျက်ကို စိစစ်ကြသည့် လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝိုင်းက သိရသည်။

လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံ့ဘဏ္ဍာမှ ခွဲဝေပေးသည့် ပညာရေးအသုံးစရိတ်သည် ယခင် ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်ကာလများထက်စာလျှင် အနည်းငယ်ပိုလာသည်ကို တွေ့ရသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်ပင် နည်းပါးလျက်ရှိနေသေးသည်။ ထိုပညာရေးအသုံးစရိတ်များနှင့်ပတ်သက်ပြီး ၂၀၁၅ ခုနှစ် မေလတွင် ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ပညာရေးညီလာခံမှ နိုင်ငံအသီးသီးသည် ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ သုံးစွဲရန် သဘောတူညီထားခဲ့ကြသည်ဟုလည်း ကြားသိရသည်။ ထိုသဘောတူညီချက်ကို လက်ရှိအစိုးရနှင့် ပညာရေးဝန်ကြီးဌာနတို့ကလည်း ပါဝင်သဘောတူညီ လက်ခံထားပြီးဖြစ်သည်ဟုလည်း သတင်းများတွင် တွေ့ရသည်။ သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးအသုံးစရိတ်မှာမူ ၇ ရာခိုင်နှုန်းကျော်သာ ရှိသေးကြောင်း တွေ့ကြရမည်လည်း ဖြစ်သည်။

၂၀၁၅ ခုနှစ်က ဖြစ်ပေါ်ခဲ့ဖူးသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအတွက် ကျောင်းသားများက တောင်းဆိုဆန္ဒပြကြသည့်ကိစ္စတွင် ထိုနှစ် ဖေဖော်ဝါရီလတွင် အစိုးရလွှတ်တော်နှင့် ထိုကျောင်းသားများ ပြုလုပ်ခဲ့ကြသည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ၌ ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ ချက်တွင် ပညာရေးအသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ပါဝင်ခဲ့ဖူးသည်ဟုလည်း ဆိုသည်။ သို့ရာတွင် ပညာရေး ကဏ္ဍပြုပြင်ပြောင်းလဲရန်နှင့် ဘဏ္ဍာငွေရင်းနှီးမြှုပ်နှံမှုမှာ မျက်ကွယ်ပြုခံထားရဆဲဖြစ်ကြောင်း နိုင်ငံ့အရေးလေ့လာသူများက ထောက်ပြထားသည်။

လက်ရှိပညာရေးစနစ်တွင် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် ၄၁ ဖြင့် ပြဋ္ဌာန်းပေးခဲ့သည့် အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်လျက်ရှိပြီး ပညာရေးစနစ်ကို ၂၀၁၅ ခုနှစ် ပညာသင်နှစ်မှ စတင်ထားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ KG ပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိပြီး ယခုဆိုလျှင် KG ပထမတန်းပင် စာမေးပွဲဖြေဆိုချိန် နီးပြီဖြစ်ပြီး လာမည့်နှစ်တွင် KG ဒုတိယတန်းမှ စတင်ကာ ထိုပညာရေးစနစ် ပြောင်းလဲမှုသည် နောင် ၈ နှစ်အကြာတွင်မှ စနစ်တစ်ခုလုံးကို ပြောင်းလဲနိုင်မည်လည်း ဖြစ်သည်။ သို့အတွက် ပညာရေးစနစ်တစ်ခုမှတစ်ခုသို့ ပြောင်းလျှင် ဆယ်စုနှစ်တစ်ခု အချိန်ယူကြရသည်ကို မြင်ရမည်ဖြစ်သည်။ ထိုဥပဒေအရ အမျိုးသားပညာရေး ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ကာ ယနေ့အချိန်တွင် အခမဲ့မူလတန်းစနစ်မှ အလယ်တန်းစနစ်၊ အထက်တန်းစနစ်သို့ တဖြည်းဖြည်း ကူးပြောင်းနေချိန်ဖြစ်သည်ကိုလည်း မြင်ရသည်။

သို့သော်လည်း ပညာရေးစနစ်သာ ပြောင်းသော်လည်း လက်ရှိတွင် တစ်နိုင်ငံလုံးရှိကျောင်းများတွင် ပြောင်းလဲသင်ကြားသည့် KG စနစ်နှင့် ညီမျှသည့် ဂီတ၊ စက်မှု၊ ပန်းချီနှင့် ကျန်အားကစားပစ္စည်းနှင့် အခြား သင်ထောက်ကူပစ္စည်းများကိုမူ ပညာရေးဘတ်ဂျက်မြှင့်ပြီး လုံလောက်အောင် အခြားနိုင်ငံများကဲ့သို့ မစီစဉ်နိုင်သေးပေ။ KG စနစ်နှင့်ညီမျှသည့် ပညာသင်ရန် ကျောင်းအဆောင်များလည်း လုံလောက်မှုမရှိသေးသည့်အပြင် ဆရာ၊ ဆရာမများ၏ အရည်အသွေးများလည်း မြှင့်တင်ရန် လိုအပ်နေသေးသည်။ ထိုဆရာ၊ ဆရာမများအတွက် သူ့ဂုဏ်သူ့အဆင့်အတန်းနှင့် ညီမျှသည့်လစာပေးရန်လည်း အလှမ်းဝေးနေဆဲဖြစ်နေသေးသည်။

အချို့ကျောင်းအတော်များများတွင် ကျောင်းသားဦးရေနှင့် လျော်ညီသော စာသင်ခန်းများလိုအပ်ခြင်း၊ မြို့ပြဆင်ခြေဖုံးနှင့် ကျေးလက်တောရွာများတွင် စာသင်ကျောင်းမလုံလောက်ခြင်းနှင့် ပြုပြင်မွမ်းမံရန် လိုအပ်ခြင်း၊ ကျောင်းသားများ သွားလာရေး လွယ်ကူအောင် ဆောင်ရွက်ပေးရန် လိုအပ်ခြင်း၊ ရပ်ဝေးမှ ကျောင်းသူ ကျောင်းသားများအတွက် ကျောင်းဆောင်များ လိုအပ်ခြင်း၊ ကျောင်းဆောင်နှင့် စာသင်ခန်းများ လုံလောက်သော်လည်း အဆင့်အတန်းမီသည့် အိမ်သာများ၊ သန့်စင်ခန်းများနှင့် ကျောင်းတွင်းလမ်းများ၊ စာသင်ခုံများမှာ အလွန်လိုအပ်နေသေးဆဲပင် ရှိနေသေးသည်မှာ ငြင်းမရနိုင်ပေ။

ထို အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် ပညာရေးအသုံးစရိတ်များ မြှင့်တင်ရန် အလွန်လိုအပ်ကြောင်းကိုလည်း ပြည်သူများနှင့် ပညာရေးနှင့် သက်ဆိုင်သူများအားလုံးကလည်း သိကြသည်ဟု ဆိုနေကြလေသည်။ ပညာရေးအသုံးစရိတ်တိုးမြှင့်ရန် တောင်းဆိုချက်သည် လက်ရှိ ပြောင်းလဲသင်ကြား ကျင့်သုံးနေသည့် အမျိုးသားပညာရေးစနစ်အရ တရားမျှတသည်ဟုလည်း ထိုတောင်းဆိုကြသူ ကျောင်းသားများနှင့် မိဘဆရာအသိုင်းအဝိုင်းက အခိုင်အမာ ယုံကြည်နေကြကြောင်း၊ ပညာရေးအသုံးစရိတ် တိုးမြှင့်ရန်တောင်းဆိုသော ကျောင်းသားများကို ကျောင်းမှ ထုတ်ပယ်ခြင်းသည် တရားမျှတမှုရှိပါသလား၊ “ကျောင်းစည်းကမ်းဖောက် ဖျက်သောကြောင့် အရေးယူသည်”ဟု တက္ကသိုလ်အာဏာပိုင်များက အကြောင်းပြပါက အဆိုပါတက္ကသိုလ်စည်းကမ်း၏ တရားမျှတမှုကို ဆန်းစစ်ဖို့လိုကြောင်း၊ စည်းကမ်းများကို အုပ်ချုပ်သူ အာဏာပိုင်တို့က တစ်ဖက်သတ်ရေးဆွဲထားခြင်းမျိုး မဖြစ်ရန်နှင့် စည်းကမ်းလိုက်နာရမည့် ကျောင်းသားကျောင်းသူများသည် စည်းကမ်းများချမှတ်ရာတွင် ပါဝင်ဆွေးနွေး အကြံပြုခွင့်နှင့် ဆုံးဖြတ်ခွင့်များရှိသင့်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မည်ဟု ကြွေးကြော်ထားသော်လည်း ဆုံးဖြတ်ချက်အသီးသီးတွင် သက်ဆိုင်သူတို့၏ ပါဝင်ခွင့်များကို ကန့်သတ်ထားဆဲဖြစ်ကြောင်း ဒေါက်တာသိန်းလွင် (NNER) က ဆိုထားသည်ကိုလည်း သတင်းများတွင် တွေ့ရသည်။

သို့အတွက် အချုပ်အားဖြင့် တင်ပြရလျှင် ယခုလပိုင်း ရက်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးနေသည့် အဆိုပါ ဘတ်ဂျက်ဥပဒေကို အတည်ပြုပြဋ္ဌာန်းတော့မည်ဖြစ်ရာ ထိုကာလနှင့် အချိန်တိုက်ဆိုင်စွာ တောင်းဆိုနေကြသည့် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးဆိုသည်ကိုလည်း အစိုးရနှင့် လွှတ်တော်အပိုင်းမှ တာဝန်ရှိ ပြည်သူ့ကိုယ်စားလှယ်များက အလေးပေး စဉ်းစားတွက်ချက်ချင့်ချိန် ထိုးဆနှိုင်းယှဉ်ကာ တိုးပေးသင့်သည်များကို တိုးပေးခြင်း၊ ခြောက်လတာကာလ ဖြစ်သည့်အတွက် မိုးရာသီအတွင်း တည်ဆောက်ကြမည့် ဘတ်ဂျက်ရာခိုင်နှုန်းများပြားသည့် စီမံကိန်းလုပ်ငန်းများကို ရာသီဥတုနှင့် အချိန်ကာလ တိုတောင်းမှုကို မျှော်တွေးကာ လျှော့ချခြင်း၊ ဘတ်ဂျက်လိုငွေ ရာခိုင်နှုန်းများနေမှုကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ဖြစ်စေရန် တတ်နိုင်သမျှ လျှော့ချခြင်း၊ တင်ဒါခေါ်ယူမှုလုပ်ငန်းစဉ်များနှင့် ပစ္စည်းဝယ်ယူမှုများအချိန်ကို တွက်ဆပြီး တင်ဒါဆိုင်ရာ ညွှန်ကြားချက်များနှင့် မကိုက်ညီသည်များကို လျှော့ချဖြတ်တောက်ခြင်း၊ ငွေလုံးငွေရင်းများပြားပြီး နိုင်ငံခြားသုံးငွေ ဒေါ်လာဖြင့် နိုင်ငံခြားက ဝယ်ယူမှာယူ တင်သွင်းတပ်ဆင်ကြရမည့် ICT ပစ္စည်းများကို လျှော့ချခြင်းများ ဆောင်ရွက်ကြရမည်သာဖြစ်ပြီး ပြည်သူများနှင့် အနာဂတ်ကလေးငယ်များ အသိဉာဏ်မြင့်မားရေးနှင့် ပညာရေးအဆင့်အတန်းမြင့်မားရေးဘက်ကိုသာ မျှော်တွေးပြီး တိုးမြှင့်သင့်သည့် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်ပေးသွားကြစေလိုပါကြောင်း စိတ်ကောင်းစေတနာဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်ဗျား။

အောင်ဇေယျ