News

POST TYPE

PERSPECTIVE

အာဇာနည် ခေါင်းဆောင်ကြီးများကို အချိန်မီ မကယ်တင်နိုင်ခဲ့သော ကျွန်ုပ်နှင့် ၁၉ ဇူလိုင်
18-Jul-2016

(တစ်)

(နှစ်လနာရီ၊ ခါရာသီရွေ့ပေမယ့်၊ အာဇာနည်နေ့ကိုဖြင့်၊ မမေ့သင့်ပါသလေ။ ယနေ့ဖြင့် သတိတရားထားဖို့အခြေ၊ (အများပြည်သူတွေ)၂ ။ အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ၊ အလေးပြုပါမယ်လေ)၂ ...

တရစပ် မရပ်မနား လည်ပတ်ရွေ့လျားနေသည့် အချိန်တည်းဟူသော ကာလယန္တရားကြီးကြောင့် မျက်ရည်ဖြိုင် ဘဝင်ညှိုးကာ ရာသက်တိုင် မမေ့နိုင်လေသည့် အာဇာနည်နေ့ကား (၆၉) ကြိမ် တိုင်ပေဦးတော့မည်။ အာဇာနည်နေ့ နီးလာလေလေ လူမသမာတို့၏ လက်ချက်ဖြင့် ရေတိမ်နစ်ခဲ့ရ ရှာလေသည့် အာဇာနည် ခေါင်းဆောင်ကြီးတို့ကို သတိရလွမ်းဆွတ် ရလေလေတည်း။ အထက်က သီချင်းသံမှာ...၊ ကျွန်ုပ်၏ လက်ကိုင်ဖုန်း အတွင်းမှ ကြေကွဲဆွေးမြည့်ဖွယ် ပေါ်ထွက်လာနေခြင်း ဖြစ်၏။

ဇူလိုင်လ ၁၈ ရက် မှောင်ရီပျိုးသောသော ညနေတွင် ဖြစ်လေသည်။ ကျွန်ုပ်သည် တပည့်ကျော် သုံးဦးနှင့်အတူ ယိုးဒယားပြည် ဖူးခက်မြို့ အမ်မခန်အရပ်ရှိ ပန်ဝါရေနက်ဆိပ်ကမ်းသို့ ရောက်ရှိနေခဲ့ကြ၏။ နေလုံးကွယ်၍ မှောင်ရီပျိုးလေပြီ။ ဆြာတပည့်လေးဦးသား ပန်ဝါကမ်းခြေမှသည် ပင်လယ်တွင်းသို့ ထိုးထွက်နေသော ဆိပ်ခံတံတားရှည်ကြီး၏ ကွန်ကရစ် လက်ရန်းပေါ်တွင် တက်ထိုင်ကြရင်း အတွေးကိုယ်စီဖြင့် နှုတ်ဆိတ်နေမိကြလေသည်။

ကျွန်ုပ်တို့နှင့် မလှမ်းမကမ်းတွင် ထိုင်းဘုရင့်တော်ဝင် ရေတပ်ပိုင် သင်္ဘောကြီးတစ်စင်း ကျောက်ချရပ်နားလျက် ရှိနေရာ ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့ဆီက စဥ့်အိုးတန်းဆိပ်ကမ်းမှသည် တရုတ်ပြည် အမွိုင်မြို့သို့ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်လှဖေ (ဗိုလ်လက်ျာ) တို့ ရဲဘော်သုံးကျိပ်၏ ပထမဆုံးအသုတ် အနေနှင့် တိတ်တဆိတ် စီးနင်းလိုက်ပါခဲ့ကြသော ဟိုင်လီအမည်ရှိ သင်္ဘောကြီးကို သတိရစရာ ကောင်းလှပါ၏။

(နှစ်)

“တိုးတိုးသက်သာ ဖွင့်ပါဆြာရယ်။ ဟိုမှာရပ်ထားတာ ထိုင်းစစ်သင်္ဘောကြီးလေ။ ဒီကောင်တွေ ကြားသွားပြီး တပည့်တို့ကို မြန်မာတွေ မှန်းသိသွားကြရင် ဒုက္ခ”

“အေးပါ။ ကပ္ပလီရာ။ ကျဆုံးလေပြီးသော အာဇာနည်ကြီးတွေကို သတိရ လွမ်းဆွတ်တသမိလွန်းလို့ပါကွာ”

“တပည့်တို့လည်း လွမ်းသပေါ့ဆြာရယ်။ အခုဟာက သူတစ်ပါးနိုင်ငံမှာ မျက်နှာငယ်ငယ်နဲ့ မြင်မြင်သမျှ ကြောက်နေရတဲ့ဘဝ ဆိုတာလည်း မေ့မနေနဲ့ဦးလေ”

“သြော်... မင်းကပါ ဆြာ့ကို ဟောက်လားဟိန်းလား လုပ်နေပြီပေါ့။ အသံတိုးလိုက်ပါပြီ ငဖေကြည်ရယ်။ သေချာနားစိုက် ထောင်ကြည့်ကြစမ်းပါကွာ။ ဂီတစာဆို ဆရာကြီး ဂီတာတင်အုန်းရဲ့ စာသား အဆိုတော်ကြီး ဒေါ်မေလှမြိုင်ရဲ့ ကြေကွဲဆို့နစ်နေတဲ့ အသံ ဘယ်အချိန်မဆို နားထောင်လိုက်ရင် မင်းတို့ဆြာတော့ အမြဲလိုလို မျက်ရည်စို့မိတာပါပဲကွာ၊ ဟုတ်ဘူးလားလေ မင်းသားရာ”

“သိပ်မှန်တာပေါ့ ဆြာရယ်။ ဒီလိုကြေကွဲစရာ အဖြစ်ဆိုးကို ရှောင်လွဲနိုင်ခဲ့ရင်ဖြင့် ဘယ်လောက်များ ကောင်းလိုက်လေမလဲဆြာ။ ဆြာတို့ ကျွန်တော်တို့လည်း အခုလို သူတစ်ပါးနိုင်ငံမှာ မျက်နှာငယ်လေးတွေနဲ့ တကြောင့်ကြကြ နေနေကြရမှာ မဟုတ်ဘူးဆြာ”

“ဟုတ်ပါ့ကွာ၊ အဲဒီ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်တို့ လုပ်ကြံမခံရခင်တုန်းက ငါတို့နတ်မောက်သား ဗိုလ်မှူးဘုန်းကျော်ဆိုတာ ဗိုလ်ချုပ်ရဲ့ အနီးနေ တပည့်တဲ့ကွ။ သူ နတ်မောက်ကို ခွင့်နဲ့ပြန်သွားတုန်း ဗိုလ်ချုပ်လုပ်ကြံခံရတာမို့ တို့နတ်မောက်သားတွေ အကြီးအကျယ် စိတ်ထိခိုက်ပြီး ဗိုလ်မှူးဘုန်းကျော်ကို အားမလိုအားမရ အပြစ်တင်ခဲ့ကြဖူးသတဲ့ကွာ။ တကယ်လို့ ဆြာသာ အဲဒီခေတ်က လူဖြစ်ခဲ့ရင် ဗိုလ်ချုပ်တို့ လုပ်ကြံမခံရအောင် ဆြာကျွမ်းကျင်လိမ္မာတဲ့ နည်းပေါင်းစုံနဲ့ ကယ်တင်နိုင်မယ် ထင်ပါရဲ့”

“ဝုန်း”

ထိုအခိုက် စူးရှလွန်းလှသော အလင်းတန်းကြီးတစ်ခု ကျွန်ုပ်တို့အပေါ်သို့ တည့်တည့်မတ်မတ် ထိုးကျလာပြီး ဝုန်းဟူသော အသံကြီးနှင့်အတူ ကျွန်ုပ်လောကကြီးနှင့် အဆက်အသွယ် ပြတ်သွားခဲ့လေသည်။

(သုံး)

အချိန်မည်မျှ ကြာညောင်းသွားခဲ့သည်မသိ။ ကျွန်ုပ် သတိကောင်းစွာ ပြန်ဝင်လာပြီး ပတ်ဝန်းကျင် ဘေးဘီဝဲယာကို အကဲခတ်လိုက်မိသည့်အခါ ကျွန်ုပ်သည် တစ်ခုသော ဆိပ်ခံဗောတံတားငယ်ပေါ်တွင် မတ်တတ်ရပ်လျက်သား ဖြစ်နေသည်ကို တွေ့ရလေ၏။ ကျွန်ုပ်၏ လက်စွဲတော် တပည့်ကျော်တို့၏ အရိပ်အယောင်မျှကိုပင် မတွေ့ရချေ။ အချိန်ကား နံနက် ခြောက်နာရီခန့်သာ ရှိသေးသည်ဖြစ်၍ အဆိုပါ ဆိပ်ခံတံတားငယ်ပေါ်တွင် လူသူခြောက်ကပ်လျက်ပင် ရှိသေး၏။ ကျီးကန်းတောင်းမှောက်တောင် ကြည့်မြောက်ကြည့်နှင့် အူတူတူ ဖြစ်နေသော ကျွန်ုပ်သည် လူစည်ကားမည်ဟု ထင်ရသော အရပ်ဆီသို့ ဦးတည်လျှောက်ခဲ့၏။ အဆောက်အအုံ၊ လမ်း၊ ဈေးဆိုင်များ၏ ဆိုင်းဘုတ်အများစုမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးထားကြပြီး အချို့မှာ မြန်မာဘာသာနှင့် ဖြစ်၏။

(Strand Road, Phongyee Street, Godwin Street) ဟူသော လမ်းအမည်တို့ကို ကျွန်ုပ်တွေ့လတ်သော်...၊ ဘုရားတရင်း ရန်ကုန်မြို့ပေ တကားဟု တအံ့တသြ ဖြစ်ရလေသည်။ လမ်းတွင်တွေ့မိသော ဖြတ်သွားဖြတ်လာလူ အများစုမှာ မြန်မာစကားကိုပင် ပြောဆိုကြလျက် အချို့မှာမူ အိန္ဒိယစကားဖြင့် ကျယ်လောင်ကျယ်လောင် အော်ဟစ်နေကြလေသည်။ နံငယ်ပိုင်းသာသာမျှ ရှိသော ဒိုတီဝတ်စုံဖြင့် လံချားဆွဲနေကြသည့် အိန္ဒိယနွယ်ဖွားတို့သည်လည်း ပျားပန်းခပ်သကဲ့သို့ ရှိလေသည်။ Addidas တံဆိပ် ကွာတားဘောင်းဘီနှင့် U.S-Polo-Assn. တံဆိပ် စပို့ရှပ်ဝတ် ဆင်ထားသောကျွန်ုပ်အား လမ်းသွားလမ်းလာ တချို့က လူထူးလူဆန်းသဖွယ် မသိမသာ အကဲခတ်လျက် ရှိကြ၏။ တစ်စုံတစ်ခုဖြင့် အကြီးအကျယ် မှားယွင်းနေလေပြီတကား။

လွန်စွာ လူကင်းပါးသူ စာရင်းဝင်၍ အများထင်သလောက် ဒုံးမဝေးလှသော ကျွန်ုပ်သည် လမ်းဘေးပလက်ဖောင်း တစ်လျှောက် အော်ဟစ်ရောင်းချနေသော ဗမာ့ခေတ် အမည်ရှိ သတင်းစာတစ်စောင်ကို ဝယ်ယူပြီး ရက်စွဲကို သေချာဖတ်ရှုလိုက်ရာ... ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်ဟူသော စာတန်းကို ထင်ရှားစွာ တွေ့ရလေသည်။

၂၀ ရာစု၏ စိတ်ကူးယဉ်ဝတ္ထု ရုပ်ရှင်များတွင် ဖတ်ရှုမြင်တွေ့ခဲ့ရဖူးသည့် ကာလယန္တရားကြီး၏ ချွတ်ချော်မှု (Time Slip) ဟူသောခြင်းရာကို ကျွန်ုပ်ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ကြုံနေရလေပြီ တကား။

(လေး)

ပေါက်သည့်နဖူး မထူးတော့ပြီမို့ ကျွန်ုပ် မမွေးခင်ခေတ် ကာလနှင့် အရပ်ဒေသကို ကြုံတောင့်ကြုံခဲ ရောက်ရသည်ဟုသာ သဘောပိုက်လျက် (Dalhousie Street) ဒါလဟိုစီလမ်းမကြီးအတိုင်း ဆူးလေစေတီတော် ရှိရာသို့ ဦးတည်၍ လျှောက်ခဲ့ပြန်သည်။ ယခုခေတ်သိမ်ကြီးဈေး တည်ရှိရာ နေရာတွင် (Rangoon Bazaar) နှင့် (Surati Bazaar) တို့ကို မျက်နှာချင်းဆိုင်လျက် တွေ့ရ၏။ ဒုတိယကမ္ဘာစစ်ကြီး ပြီးစဖြစ်၍ ရန်ကုန်မြို့သည် စစ်ဒဏ်အငွေ့အသက်တို့ မကုန်သေးသော်ငြား ယခုခေတ်ကာလလောက် လမ်းဘေးဈေးသည် မများလှချေ။ အတော်ပင် သန့်ရှင်းသပ်ရပ်သည်ဟု ဆိုနိုင်သည်။ ထူးခြားချက် တစ်ရပ်ကား ကျွန်ုပ်၏ အိတ်ကပ်အတွင်းတွင် ပါလာသည့် ယိုးဒယားဘတ်ငွေများကို သုံးစွဲနိုင်ခြင်း ဖြစ်၏။ ပေါက်ဈေးမူ နည်းလှ၏။ သို့သော် သတင်းစာဈေးနှုန်းကို ထောက်ရှုလျှင် ဈေးနှုန်းချိုလှသည် ဖြစ်၍ မထောင်းတာလှချေ။

ဤသို့လျှင် (Mongul Street) မဂိုလမ်း (ရွှေဘုံသာလမ်း) သို့ရောက်၏။ မနီးမဝေးရှိ လူစည်ကားလှသော စားသောက်ဆိုင်တစ်ခု အတွင်းမှ မဆလာနံ့သင်းသင်းသည် လေသင့်ရာ မွှေးလေသဖြင့် ကျွန်ုပ်၏ ဝမ်းဗိုက်သည် တကြုတ်ကြုတ် အသံပြုလာသောကြောင့် ယင်းဆိုင်တွင်းသို့ ဝင်ကာ ဆိတ်သားခါးပတ် နှစ်ပွဲ၊ ကာကာရည် နှစ်ခွက်ဖြင့် ဟာနေသော ဝမ်းကို ဖြည့်တင်းရ၏။ ကျွန်ုပ်အငမ်းမရ ငတ်ကြီးကျနေသည့် ဟန်ပန်ကို ကောင်တာမှ ဆိုင်ရှင်ဖြစ်ဟန်တူသော ဘာဘူကြီးက မသိမသာ အကဲခတ်လျက် ရှိလေသည်။ ဗိုက်တင်းပြီဖြစ်၍ ကောင်တာတွင် ငွေရှင်းလျက် ကော့လန်ကော့လန်နှင့် ကျွန်ုပ်ဆိုင်ပြင်သို့ ထွက်လာပြီး သကာလ၊ လမ်းဘေးဆိုင်မှ ကွမ်းတစ်ယာကို ပါးစောင်တွင် ညှပ်၏။ Captain တံဆိပ် စီးကရက်ကို မီးညှိလျက် ဓာတ်ရှင်မင်းသားစတိုင် ဖွာရှိုက်၏။ မိုးဖွဲဖွဲ ရွာလာသည်မို့ ထီးတစ်ချောင်းဝယ်ကာ တောင်ငေးမြောက်ငေးနှင့် တစ်လမ်းဝင် တစ်လမ်းထွက် ခြေဆန့်၏။

ကျွန်ုပ်တွင် ငွေအပြည့် ပါလာသည်မို့ မည်သည့်ခေတ်ကာလ၊ မည်သည့်အရပ်ဒေသသို့ ရောက်နေသည်ဖြစ်စေ ပူပန်စရာ မရှိလေသဖြင့် ရန်ကုန်မြို့လယ်တစ်ခွင် ပြဲပြဲစင်အောင် ကိုးကုန်းကိုးကျင်း ခြေဦးတည့်ရာ လျှောက်နေသည်မှာ ဆယ်နာရီတိုင်ခဲ့ပြီ ဖြစ်၍ ပလေဒီယံရုံ ရှိရာသို့ ခြေဦးလှည့်ကာ ကျွန်ုပ် အလွန်နှစ်သက်သော ခေတ်ဟောင်း အင်္ဂလိပ်ဇာတ်ကားကို ကြည့်ပေအံ့ဟု ဆုံးဖြတ်လိုက်၏။ ပလေဒီယံရုံရှေ့သို့ ရောက်လေသော် အစောဆုံး ရုပ်ရှင်ပြချိန်မှာ ၁၂ နာရီခွဲဖြစ်၍ ရုပ်ရှင်ရုံရှေ့ရှိ တန်းလျားတစ်ခုပေါ်တွင် ထိုင်ရင်း အချိန်ဖြုန်းသည့် အနေနှင့် လက်ထဲမှ ဗမာ့ခေတ် သတင်းစာကို လှန်လှောဖတ်ရှုနေမိ၏။

ဗိုလ်ချုပ်နှင့် အမှုဆောင်ကောင်စီဝန်ကြီးအဖွဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အထူးအစည်းအဝေး ယနေ့ကျင်းပမည်...။

“အလိုလေး။ မြတ်စွာဘုရား ကယ်တော်မူပါ”

(ငါး)

ထိတ်လန့်တုန်လှုပ် လွန်းသဖြင့် ကျွန်ုပ်တစ်ကိုယ်လုံး သွေးလေမလျှောက်တော့သလို ခံစားသွားရလေသည်။ ‘ငါသာ အဲဒီခေတ်အခါက သက်ရှိထင်ရှား ရှိခဲ့ရင် ဗိုလ်ချုပ်တို့ လုပ်ကြံမခံရလေအောင် ကယ်တင်ချင်လှချည်ရဲ့’ ဟူသော ကျွန်ုပ်၏ လေလုံးထွားမှုကို အလုပ်ဖြင့် သက်သေထူနိုင်ရန် အလို့ငှာ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များက ဤနေရာသို့ အချိန်ကိုက် ပို့ဆောင်ပေးလိုက်ခြင်းပါတကား။ ကျွန်ုပ် ဦးစွာပထမ ရောက်ရှိခဲ့ရာ နေရာမှာ ဗိုလ်ချုပ်တို့ အမွိုင်မြို့သို့ ခရီးစတင် ထွက်ခွာခဲ့ရာ စဥ့်အိုးတန်း ဆိပ်ကမ်းပါတကား။ ကျွန်ုပ် ဗိုက်ဝင်ဖြည့်ခဲ့သည့် မဂိုလမ်းမှ စားသောက်ဆိုင်မှာ ဗိုလ်ချုပ် ဗိုက်ဆာလွန်းသဖြင့် သူ့အပါးတော်မြဲ ဗိုလ်ထွန်းလှက ဗိုလ်ချုပ်အား ထိုဆိုင်သို့ ခေါ်ယူကျွေးမွေးပြီးခါမှ ငွေတစ်ပြားမှ မပါရှိလေသောကြောင့် ကျသင့်ငွေကို နောက်နေ့မှ ယူပါရန် ဆိုင်ရှင်ကို တောင်းပန်ခဲ့လေသည့် ဆိုင်ပေတကား။ ယခု ကျွန်ုပ်ဇိမ်ကျကျ အပန်းဖြေရန် ရောက်ရှိနေသော ပလေဒီယံ ရုပ်ရှင်ရုံမှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တစ်မတ်တန်းမှ ရုပ်ရှင်ကြည့်ခဲ့သော ရုံပေတကား။

“ညံ့လိုက်တဲ့ငါ။ အရှည်မတွေးတတ်တဲ့ငါ။ အစားအသောက်နဲ့ အပျော်အပါးကိုသာ မက်တဲ့ငါ” စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ယူကျုံးမရ အပြစ်တင်ရင်း ကျွန်ုပ်တစ်ကိုယ်လုံး နတ်ကျသကဲ့သို့ တဆတ်ဆတ် တုန်နေလေသည်။ အချိန်ကား နံနက်ဆယ်နာရီ စွန်းပေပြီ။

ကျွန်ုပ် ဘာလုပ်ရမည်နည်း။ နီးစပ်ရာ ရဲဌာနတစ်ခုခုသို့ ဝင်လျက် နောက်နာရီဝက်အတွင်း ဗိုလ်ချုပ်တို့ လုပ်ကြံခံရတော့မည်ဟု သတင်းပေး တိုင်ချက်ဖွင့်ရလေမည်လော။ မဖြစ်သေး။ ဘယ်စခန်းကမှ ယုံကြမည်မဟုတ်။ ယုံသည်ထားဦး။ ပထမ သတင်းပေးချက်ရေး မပြီးမီမှာပင် ဗိုလ်ချုပ်နှင့် အာဇာနည်တို့ အသက်ပျောက်ရပေတော့မည်။

ခေါင်းမီးတောက်အောင် နည်းလမ်းမျိုးစုံ စဉ်းစားပြီးမှ ကျွန်ုပ် အကြံရသည်ကား အစောင့်လုံခြုံရေး မရှိသော ဗိုလ်ချုပ်တို့ အစည်းအဝေး ကျင်းပရာ ခန်းမအတွင်းသို့ ကျွန်ုပ် ဇွတ်အတင်းဝင်လျက် ဖြစ်လာလတ္တံ့ခြင်းရာ ကုန်စင်ကို ဖွင့်ပြောပေအံ့။ ကျွန်ုပ်အား အရူးဟု ထင်ကြလျက် မယုံကြည်သည့်တိုင် လူသတ်သမားတို့ကို လှေကားရင်းဆီမှ ကျွန်ုပ်ရင်ကိုကော့လျက် ဆီးကြိုကာ “မင်းတို့အကြံကို ငါအကုန်သိထားပြီ။ ငါ့ကို အရင်သေအောင်ပစ်မှ မင်းတို့လုပ်ချင်ရာ လုပ်နိုင်မယ်မှတ်” ဟု အော်ဟစ်တားဆီးရန်တည်း။ သင်းတို့ ကျွန်ုပ်ကို ပစ်ခတ်နေဆဲမှာပင် ဗိုလ်ချုပ်တို့ တစ်နည်းနည်းဖြင့် လွတ်လမ်းရှာနိုင်လေမည်။

ကျွန်ုပ်သည် လက်ထဲကထီးနှင့် သတင်းစာကို မြေကြီးပေါ်သို့ လွှတ်ချလျက် လံချားတစ်စီးကို ဇွတ်တား၍စီးရင်း ဖရေဇာလမ်းအတိုင်း ဆူးလေဘုရားလမ်းသို့ လက်ညှိုးညွန်ကာ...၊ ဂျောင်း ဂျောင်း ဂျောင်းဟူ၍ အရူးတစ်ယောက်လို အော်ဟစ်နေမိလေသည်။ သည်အချိန် ဆိုလျှင်ဖြင့် ဦးစော၏ လက်ပါးစေများ ဖြစ်ကြသော စိန်ကြီး၊ မှုန်ကြီး၊ ခင်မောင်ရင်၊ သက်နှင်း၊ သုခ၊ မောင်စိုး ဟူသည့် လက်မရွံ့ သေနတ်သမားတို့သည် သူတို့ဆရာ၏ စေခိုင်းချက်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့အား လုပ်ကြံသတ်ဖြတ်ရန် အင်းလျားလမ်းစုရပ် နေအိမ်မှ ထွက်ခွာလာနေကြလောက်ပေပြီ။

(ခြောက်)

အရေးထဲအရာ ပေါ်ဆိုသလို ဆူးလေဘုရားလမ်းကို လွန်သည်နှင့် လံချားကုလားမှာ လျှာထွက်လျက် အမောဖောက်လေပြန်ရာ ကျွန်ုပ်သည် ဖရေဇာလမ်းမကြီးအတိုင်း အတွင်းဝန်များရုံး ရှိရာသို့ ခြေကုန်သုတ်ရပြန်သည်။ အားကုန်စိုက်၍ ပြေးနေဆဲမှာပင် ‘ငါ့နှယ်... မနက်အစောကြီး ကတည်းက အချိန်ရပါလျက်နဲ့’ ဟူသော အတွေးဖြင့် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲပြစ်တင်နေမိ၏။ ပြေးနေရင်း သေလျှင်သေပါစေတော့ ဟူသော စိတ်ဖြင့် အားကုန်သွန်ခဲ့ရာ အတွင်းဝန်ရုံး အဝင်ဝဂိတ်သို့ ရောက်လတ်သော်... အဆိုပါ ရုံးဝင်းအတွင်းမှ နာရီစင်ကြီးသည် နံနက်ဆယ်နာရီ သုံးဆယ်မိနစ် တိတိကို ပြလျက်ရှိလေပြီ။ ဘုရားဘုရား ခွေးမသားတွေ ရောက်နေလောက်ပြီ။

ဂိတ်ဝမှ အစောင့်ရဲဘော်တို့ကို ဂရုမထားနိုင်တော့ဘဲ ဇွတ်အတင်း ဖြတ်ကျော်ပြေးလွှားရင်း ဗိုလ်ချုပ်တို့ အစည်းအဝေး ကျင်းပနေသည့် ခန်းမတည်နေရာကို ကျွန်ုပ် ဖတ်ရှုခဲ့ဖူးသည့် နိုင်ငံတော်လုပ်ကြံမှု စာအုပ်များတွင် ဖော်ပြထားသော အချက်အလက်များနှင့် ဆက်စပ်စဉ်းစားရပြန်သည်။ ဤသို့လျှင် စမ်းတဝါးဝါးနှင့် ဧရာမရုံးဝင်း အကျယ်ကြီးအတွင်း ချွေးဒီးဒီးကျအောင် တောင်ပြေးမြောက်ပြေး လုပ်နေဆဲမှာပင် တစ်ခုသော အဆောက်အအုံ၏ အပေါ်ထပ် အခန်းတစ်ခုဆီမှ ဆူညံလှသော သေနတ်သံတို့သည် ကျွန်ုပ်၏ နားတွင်းသို့ ကျက်သရေ ကင်းမဲ့စွာ ဝင်ရောက်လာခဲ့လေတော့သည်။

ကျွန်ုပ်၏ ရင်ဝတွင် ဧရာမ အပူလုံးကြီး ဆို့လျက်ပင် အဆိုပါ သေနတ်သံများ ထွက်ပေါ်လာရာဆီသို့ အပြေးတစ်ပိုင်းဖြင့် သုတ်ခြေတင်ခဲ့ပြန်ရာ ခြင်္သေ့တံဆိပ်တပ် စစ်ယူနီဖောင်းဝတ် တော်မီဂန်း ကိုယ်စီကိုင်ဆောင်ထားသော လူမသမာတို့သည် အသင့်ရပ်ထားသော ဂျစ်ကားပေါ်သို့ ကသုတ်ကရက်တက်ရင်း ဝူးခနဲနေအောင် လီဗာကို အားကုန်နင်းလျက် မောင်းနှင်ထွက်ခွာသွားကို ကျွန်ုပ် မလှမ်းမကမ်းမှ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပေတော့သည်။ လူမသမာတို့ စီးနင်းအသုံးပြုသည့် ဂျစ်ကားအမှတ်မှာ သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည့်အတိုင်း... RC–1814။ ဗိုလ်ချုပ်တို့ ရေတိမ်နစ်ခဲ့ရလေပြီ။

အခင်းဖြစ်ပွားရာ အဆောက်အအုံ၏ လှေကားရင်းတွင် ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးသည် သေနတ်ဒဏ်ရာဖြင့် ပီဘိကလေးငယ်တစ်ဦး အပြစ်မဲ့စွာ အိပ်စက်နေသည်သို့ ခွေခွေကလေး လဲကာ အသက်ပျောက်နေရှာ၏။ အပေါ်ထပ်ရှိ အစည်းအဝေးခန်းတွင်းသို့ ကျွန်ုပ်ရောက်ရှိချိန်တွင် ယမ်းနံ့တို့ မပြယ်သေးချေ။ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည ခေါင်းဆောင်ကြီးတို့ကား သွေးအိုင်ထဲတွင် မမြင်ရက် မရှုရက်စရာ လွတ်လပ်ရေး ဒီမိုကရေစီရေးတို့အတွက် အသက်ပေးလှူသွားခဲ့ကြလေပြီ တကား။ တံခါးဝတွင် ကျွန်ုပ် ငူငူကြီးရပ်ရင်း ယူကျုံးမရသည့်စိတ်ကြောင့် ကျွန်ုပ်၏ မျက်လုံးအိမ်မှ မျက်ရည်တို့ ဆည်ကျိုးသကဲ့သို့ ဒလဟော ကျဆင်းလာသည့်အပြင် ငိုသံပါကြီးနှင့် အရူးသွေးတမ်းအော် ဟစ်မိလိုက်၏။

“ဖြစ်မှဖြစ်ရလေခြင်း ဗိုလ်ချုပ်တို့ရယ်။ အဖြစ်ဆိုးလိုက်လေခြင်း၊ ရင်နာစရာ ကောင်းလိုက်လေခြင်း”

(ခုနစ်)

“ဟာ...။ ဆြာ သတိရလာပြီ။ ဆြာ မျက်လုံးဖွင့်ကြည့်ပါဦး။ ဆြာ့ တပည့်တွေလေ။ တစ်ညလုံး မေ့မြောနေလို့ စိတ်ပူလိုက်ရတာ ဆြာရယ်။ မနေ့ညနေက တပည့်တို့ ဆြာတပည့်တစ်သိုက် ထိုင်နေခဲ့တဲ့ ဆိပ်ခံတံတား လက်ရန်းတိုင်တွေဆီကို ထိုင်းရေတပ်သင်္ဘောကနေ မီးမောင်းဆလိုက်ကြီးနဲ့ လှမ်းထိုးလိုက်တော့ ဆြာလန့်ပြီး ရေထဲပြုတ်ကျသွားတာ ဆြာရဲ့။ တပည့်တို့ အချိန်မီ ဆယ်လိုက်နိုင်ပေလို့သာပေါ့။ မသေကောင်း မပျောက်ကောင်း ဆြာရယ်”

ကျွန်ုပ်ကောင်းစွာ သတိပြန်လည်လာခဲ့ပြီ ဖြစ်သော်ငြား မျက်လုံးအစုံကို မဖွင့်သေးပဲ မှိန်းလျက်ပင် တပည့်များ မှတ်သားသင့်သည့် ဆုံးမစကား တို့ကို တစ်ခွန်းချင်း ပြောမိ၏။
“ငါ့တပည့်တို့။ အာဇာနည် ခေါင်းဆောင်ကြီးတွေကို မဆုံးရှုံးစေချင်ရင်ဖြင့်... အစားမက်တာ၊ အပျော်အပါး မက်တာတွေ လျှော့ကြပါကွာ။ ဘယ်သောအခါမှ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေကြပါလေနဲ့။ သတိတစ်ချက်လွတ်တာနဲ့ တစ်တိုင်းပြည်လုံး ရေစုန်မျောသွားနိုင်တာကို သတိမြဲမြဲချပ်ကြပါကွာ”

“သြော်၊ လက်စသတ်တော့ ဆြာက အာဇာနည်နေ့ကို စိတ်စွဲနေတာကိုး။ တိုက်ဆိုင်လိုက်တာ ဆြာရယ်၊ အခု ဇူလိုင်လ ၁၉ ရက်နေ့၊ မနက် ဆယ်နာရီ သုံးဆယ့်ခုနစ်မိနစ်တိတိ ဆြာရဲ့။ တပည့်တို့ အသင့်ပြင်ထားတဲ့ အာဇာနည်နေ့ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် ဥသြသံလေးကို တယ်လီဖုန်းထဲကနေ တိုက်ရိုက်နားထောင်လိုက်ပါဦး ဆြာ”

လွမ်းဆွတ်တသ ယူကျုံးမရ ခံစားရသည့် ဥသြသံရှည်ကြီးကို ကျွန်ုပ် နားစိုက်ရင်း အိပ်ရာထက်မှ ပက်လက်အနေအထားဖြင့်ပင် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးကို စိတ်မှရည်မှန်း တမ်းတဦးညွတ်ရပါ၏။ ဥသြသံ အဆုံးတွင်မူ... ဤနေ့ ဤကာလသို့ ရောက်လေတိုင်း ကြားရစမြဲ ဖြစ်သည့် သီချင်းသံသည် နောက်ဆက်တွဲအဖြစ် ဆို့နင့်ဖွယ်အသံဖြင့် ထွက်ပေါ်လာပြန်ပါလေသည်။

“စနစ်အခြေ ပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းများတော့ ဖြေသော်မပြေ၊ လွမ်းမျက်ရည်မြေခပြီမို့၊ ဆွေးတသသ၊ တွေးဆမရွှင်ပေ၊ ရွှေရင်ဆူကဲ၊ ကြေကွဲဝမ်းနည်းရပုံတွေ၊ ယနေ့ထက်တိုင် အခြေ၊ သြော်..၊ မမေ့ရက်နိုင်ပါသလေ၊ (အာဇာနည် ခေါင်းဆောင်ကြီးတွေ)၂၊ ကောင်းရာသုဂတိ ရောက်ရှိကြပါစေ၊ တေးကဗျာ အနုစာခွေ၊ ရေးကာတေးပြု၊ အလေးပြုပါတယ်လေ”

မင်းဒင်