News

POST TYPE

PERSPECTIVE

ကျောင်းထွက်နှုန်း အဘယ့်ကြောင့် များခဲ့ရသနည်း
20-Jan-2018

ကမ္ဘာ့ကုလသမဂ္ဂ ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ကျောင်းထွက်အများဆုံးစာရင်းထဲတွင် ပါဝင်နေပါသည်။ အာရှတွင် အများဆုံးဖြစ်နေသည်။ ကမ္ဘာတွင် အိန္ဒိယနိုင်ငံက ပထမ၊ အင်ဒိုနီးရှားနှင့် မြန်မာက ၂ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းနှင့် နှိုင်းစာလျှင် ကျောင်းထွက်နှုန်း ၄ ဒသမ အကျော် ဖြစ်နေရာ အများဆုံးဖြစ်နေရခြင်းပင် ဖြစ်သည်။ သူငယ်တန်းတွင် နှစ်စဉ်ကျောင်းသားဦးရေ ၁ သန်းခန့် တိုးနေသည်။ သူငယ်တန်းမှ ဒသမတန်းအထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၁ သန်းရှိရာ လက်တွေ့တွင်မူ ၉ ဒသမ ၁၂ သန်းသာ ရှိ၍ နှစ်စဉ် ၁ သန်း ကျောင်းထွက်နေလေသည်။ ဤသို့ ကျောင်းထွက်များပြားနေရသည့်အကြောင်းများကို ဆန်းစစ်ကြည့်လျှင် -

စီးပွားရေးချွတ်ခြုံကျမှု

နိုင်ငံ့စီးပွားရေး ယိုင်နဲ့သကဲ့သို့ မိသားစု စီးပွားရေးလုပ်ငန်းများ၊ ဝင်ငွေဝင်လမ်းများ လျော့ကျမှု၊ မလောက်ငမှုများကြောင့် ကလေးများသည် မိသားစုလုပ်ငန်းများ (ဝါ) ဝင်ငွေရလမ်းရှိသည့် လုပ်ငန်းများတွင် အများအပြား ဝင်ရောက်နေသည်ကို တွေ့ရ၏။ အချို့မှာ လမ်းမကြီးငယ်ပေါ်တို့တွင် တောင်းရမ်းစားသောက်နေကြရသည်။ အချို့ကလေးငယ်များမှာ အမေအို၊ အဘွားအိုများကို ရှာဖွေကျွေးမွေးနေသကဲ့သို့ မိဘမဲ့ကလေးငယ်များမှာ အခြေမဲ့ဘဝဖြင့် ကျင်လည်နေကြရသည်ကို တွေ့ရ၏။

စာမေးပွဲစနစ်

စာမေးပွဲစနစ်သည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောသကဲ့သို့ပင် အလွတ်ကျက်ပညာရေးကြောင့် ဖြစ်သည်။ အမှတ်များများရဖို့ ယှဉ်ပြိုင်နေသောစနစ်ဖြစ်ရာ ကျောင်းချင်းပြိုင်သည်။ ကျောင်းသားချင်းပြိုင်သည်။ မိဘချင်းပြိုင်ကြသည်။ အမှတ်များများရရှိရေးအတွက် အပြိုင်အဆိုင် ကျူရှင်ထားကြသည်။ နေ့ဂိုက် ညဂိုက်များ ငှားကြသည်။ မိဘအများစုမှာ အခမဲ့ပညာရေးဟုဆိုသော်လည်း ယှဉ်ပြိုင်မှုကြီးမားလှသည့် ပညာရေးလောက၊ ငွေရှိမှ မျက်နှာရနိုင်မည့် လောကကို မယှဉ်နိုင်ကြပေ။ မိဘ၏ ပံ့ပိုးကူညီမှု နည်းသည်နှင့်အမျှ ကလေး၏အခြေအနေမှာ သိသာစွာ တိုးတက်မလာတော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ယှဉ်ပြိုင်မှု အဝန်းအဝိုင်းကို စွန့်ခွာသွားကြလေတော့သည်။

သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ

ကျောင်းတွင်ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းများသည် ကလေးများနှင့် အံဝင်ခွင်ကျမဖြစ်။ ကန့်သတ်ခံထားရသကဲ့သို့ ဖြစ်နေ၏။ ဆိုလိုသည်မှာ သင်ရိုးညွှန်းတမ်းများသည် ဒေသအားလုံးအတွက် ပုံသေတစ်ပြေးညီ မဖြစ်သင့်ပေ။ ဒေသအလိုက် နယ်မြေအလိုက် ကလေးများနှင့် ကိုက်ညီသည့်သင်ခန်းစာများ ထည့်သွင်းသင့်သည်။ ပြင်ပပညာရှင်များ၏ စာပေများကိုပါ လိုအပ်သလို ထည့်သွင်းအသုံးပြုနိုင်သင့်သည်။ သို့ဖြစ်၍လည်း တက္ကသိုလ်စိန်ရတုခန်းမတွင် ကျင်းပသည့် ဘာသာရပ်၊ သင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့များနှင့် တွေ့ဆုံရာတွင် ပညာရေးဝန်ကြီးက “သင်ရိုးညွှန်းတမ်း ရေးဆွဲသူများအနေနှင့် ကျောင်းသုံးဖတ်စာအုပ်များကို ရေးဆွဲရာတွင် မြေပြင်ပေါ်တွင် ကြုံတွေ့နေရသည့် ဆရာ၊ စာသင်ခန်း စာသင်ချိန် စသည်တို့နှင့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း” ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။ လက်ရှိ သင်ရိုးများကို တစ်နှစ်အတွက်ရရှိသည့် စာသင်ရက်နှင့် ကွက်တိတွက်ချက်ကာ ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ သဘာဝအန္တရာယ်ကျရောက်ခြင်း၊ ပွဲလမ်းသဘင်အခမ်းအနားများ ကျင်းပခြင်း စသည်တို့ကြောင့် အချိန်ကုန်ဆုံးသွားရာ ပြဋ္ဌာန်းသင်ခန်းစာများကို တက်သုတ်ရိုက်သင်ကြားသဖြင့် တတ်ကျွမ်းမှု နည်းပါးခဲ့ကြသည်။ လက်တွေ့ဘဝတွင် အချိန်ကာလနှင့် သင်ရိုးမကိုက်ညီမှုသည် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဝင်စားမှု၊ စာလိုက်နိုင်မှုကို လျော့ကျစေနိုင်သကဲ့သို့ စာမေးပွဲစနစ်ကြောင့် အကျအရှုံးများကာ ကျောင်းပြင် ပညာရောက်ရှိနိုင်ပါသည်။ 

ကျောင်းခေါ်ကြိမ်နှင့် IQ

ကျောင်းသားတိုင်းသည် ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း ပြည့်ပြီးမှသာ ဖြေဆိုခွင့်ရှိသည်။ ကျောင်းသား၊ ကျောင်းသူတိုင်း ကျောင်းတက်ချိန် မှန်ကန်မှုသည် မိသားစုအခြေအနေနဲ့ များစွာသက်ဆိုင်သကဲ့သို့ ကလေး၏ ဉာဏ်ရည်ဉာဏ်သွေးနဲ့လည်း များစွာသက်ဆိုင်နေသည်။ ကလေးတိုင်းသည် ဉာဏ်ရည်မြင့်မားကြသူများမဟုတ်၊ အချို့ကျောင်းများဆိုလျှင် အတန်းအဆင့်များကိုပင် ခွဲခြားထားသေး၏။ ဉာဏ်ရည်ချင်း မတူသော်လည်း သင်ကြားရသည့်သင်ခန်းစာ ဖြေဆိုသည့်မေးခွန်းများမှာ အတူတူသာ ဖြစ်သည်။ ဆိုရလျှင် အခြေခံပညာ အထက်ဆင့် နဝမတန်း၊ ဒသမတန်း အဆင့်တွင် သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ ဝိဇ္ဇာတွဲများ ခွဲခြားတက်ရောက်နေကြသကဲ့သို့ ဉာဏ်ရည်မတူကြပေ။ သိပ္ပံဘာသာတွဲယူသူ အများစုမှာ ဉာဏ်ရည်ဉာဏ်သွေး ကောင်းကြ၏။ သင်္ချာဘာသာရပ်မျိုးတွင် အမှတ် ၉၀ ရအောင် ဖြေနိုင်ကြသော်လည်း ဝိဇ္ဇာတွဲ ကျောင်းသား၊ ကျောင်းသူများမှာ ယင်းသို့ ရရန်မလွယ်။ သို့သော် မေးခွန်းမှာ တစ်ပုံစံတည်း ဖြစ်နေလေသည်။ အချို့ဆိုလျှင် အောင်မှတ်ရရန်ပင် မလွယ်ကူလှ။ ဤသို့သောကလေးများ အချိန်ကြာလာသည်နှင့်အမျှ ကျောင်းပြင်ပရောက်ရန်သာ ရှိလေသည်။

မိကွဲ ဖကွဲနှင့် စစ်ပွဲ

ကလေးများ ကျောင်းနေခွင့်ဆုံးရှုံးရသည့် အချက်များတွင် မိဘများ၏ အိမ်ထောင်ရေး အဆင်မပြေမှုများ၊ စစ်ပွဲများသည်လည်း အကြောင်းတစ်ချက်ဖြစ်သည်။ အများအားဖြင့် မိသားစုအဆင်မပြေသော ကလေးများတွင် စိတ်ဓာတ်လုံခြုံမှု မရှိပေ။ မိသားစုစုံလင်သောကလေးများ၊ ဥစ္စာဓန ပြည့်စုံသောမိသားစုများနှင့် တွေ့ရသောအခါတိုင်း ယင်းကလေးများအဖို့ ကျောင်းသည်ပင် စိတ်ဝင်စားဖွယ် ကင်းမဲ့လှပါသည်။ ထို့အတူပင် လွတ်လပ်ရေးရသည်မှ ယနေ့တိုင် ပြည်တွင်းစစ် မငြိမ်းအေးနိုင်သေးပါ။ စစ်ဘေးရှောင်စခန်းများတွင် ကျောင်းနေခွင့်ဆုံးရှုံးနေသော ကလေးများစွာ ရှိနေဆဲပင်ဖြစ်သည်။ အချို့ဒေသများတွင် လူ့အသိုက်အဝန်းကြား ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အပြည့်အဝ ကျောင်းမတက်နိုင်သည့် အနေအထားများ ဖြစ်ပေါ်နေလေသည်။

လမ်းပန်းဆက်သွယ်ရေး

မြန်မာနိုင်ငံတွင် အခြေခံပညာ မူလတန်းကျောင်းအများစုမှာ ကျေးလက်ဒေသတွင်သာ အများဆုံးရှိနေသည်။ နှစ်စဉ် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးနေသည်။ သို့သော်လည်း အချို့ဒေသများနှင့် ဝေးလံသီခေါင်လှသည့်ဒေသများတွင် ဆက်သွယ်သွားလာရန် ဝေးနေသေး၏။ ကျောင်းအဆောက်အအုံနှင့် ဆရာ၊ ဆရာမ လိုအပ်ချက်များ အားကိုးအားထားပြုဖွယ်ရာ အနေအထားမျိုး မတွေ့ရသေးပေ။ အထူးသဖြင့် ဆရာလိုအပ်ချက်များ မဖြည့်ဆည်းပေးနိုင်သေးပေ။

သုတေသနပြုခြင်း

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စံချိန်ဝင်ကျောင်းထွက်နှုန်း မြင့်မားနေချိန်တွင် အဘယ်ကြောင့် ကလေးများ ကျောင်းထွက်နှုန်း မြင့်မားနေရခြင်းနှင့် ပတ်သက်၍ စနစ်တကျ သုတေသနပြုခြင်း၊ စစ်တမ်းထုတ်ပြန်ခြင်း၊ ပြန်လည်ကုစားမည့် အစီအမံများရှာဖွေခြင်း စသည်တို့ဘက်တွင် အားနည်းလွန်းလှသည်။ သို့ဖြစ်ရာ ပြန်လည်ကုစားနိုင်မည့်နည်းလမ်းများ နည်းပါးလွန်းသေး၍ ကျောင်းထွက်နှုန်းများပြားလာနေခြင်း၊ ကျောင်းနေအရွယ်ဖြစ်သော်လည်း ကျောင်းနေနိုင်ခွင့်ဆုံးရှုံးမှုများ ကြုံတွေ့ရဦးမည်ဖြစ်သည်။

အကြံပြုချက်များ

နိုင်ငံစီးပွားရေး တိုးတက်လာစေရန်နှင့် အထူးသဖြင့် တစ်ဦးချင်းဝင်ငွေ မြင့်မားရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထို့အတူ တစ်နေ့တခြား မြင့်တက်နေသည့် ကုန်ဈေးနှုန်းများကိုလည်း ထိန်းညှိပေးဖို့လိုသည်။ အကြောင်းမဲ့ ဈေးနှုန်းများ မြှင့်တင်ရောင်းချနေသည့် ဝိသမစီးပွားရေးသမားများကို နှိမ်နင်းဖို့လိုသည်။ ထို့အတူ ကလေးသူငယ် အခွင့်အရေးကာကွယ်ပေးမှုများ၊ ကလေးငယ်များအား တရားမဝင် အလုပ်ခိုင်းစေမှုများကိုလည်း တားဆီးပေးနိုင်ဖို့လိုသည်။ ကလေးငယ်များအား မူလတန်းဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် စသည့် အဆင့်အသီးသီးမှ ကျောင်းထွက်နေရမှုများရှိရာ ယင်းအဆင့်အလိုက် ကလေးများအနေနှင့် တစ်ပိုင်တစ်နိုင် လုပ်နိုင်မည့် T.H.S ကဲ့သို့သော အသက်မွေးဝမ်းကျောင်း သင်တန်းများကို ကလေးများနှင့် လက်လှမ်းမီနိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်ဆင့်တွင် ဖွင့်လှစ်နိုင်ဖို့လိုသကဲ့သို့ အိမ်တွင်းမှုသင်တန်းကျောင်းများကိုလည်း ဒေသအနှံ့ ဖွင့်လှစ်နိုင်ဖို့ လိုပါသည်။

နောက်တစ်ချက်မှာ ကျောင်းများသည် ကျောင်းနှင့်တူဖို့လိုသည်။ ကျောင်းတစ်ကျောင်းသည် ရှိသင့်သည့် ဥပဓိရုပ်ရှိရမည်။ ဆရာ၊ ဆရာမ ပြည့်စုံရမည်။ နာမည်ကြီး အရိုက်ကြမ်း၊ အပြောကြမ်းသော ဆရာများကို သင်တန်းများပေး၍ Mind Set များ ပြောင်းလဲရမည်။ ဆရာ၊ ဆရာမများကိုလည်း မိမိတို့၏ ရပ်ရွာနှင့် နီးစပ်သည့်ဒေသများတွင်သာ အလုပ်တာဝန်ပေးနိုင်ဖို့လိုသည်။ သို့ဖြစ်၍ ဝေးလံခေါင်သီသည့်ဒေသများတွင် အမှုထမ်းဆောင်ရန် ဒေသခံများကို မွေးထုတ်နိုင်ဖို့လိုပါသည်။ သို့မှသာ ကလေးငယ်များနှင့် သဘာဝတူ စရိုက်တူ အလေ့အထတူ၍ ပျော်ရွှင်စရာ ကျောင်းသင်ခန်းအဖြစ် ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ထို့အတူ ဆရာ၊ ဆရာမများ၏ နည်းပါးလှသည့် လစာနှုန်းထားများကိုလည်း အထူးစဉ်းစားဆောင်ရွက်ဖို့ လိုပါသည်။

နောက်ဆုံးအချက်အဖြစ် တင်ပြရလျှင် ပြည်တွင်းစစ်မီးနှင့် ပဋိပက္ခချုပ်ငြိမ်းရေးပင် ဖြစ်သည်။ ယင်းတို့သည် သဘာဝတရားကြီးကပေးသည့် အကျပ်အတည်းများ မဟုတ်ကြပါ။ လူသားအချင်းချင်း ဖန်တီးဖြစ်ပေါ်လာသော မငြိမ်းအေးမှုများပင် ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မယုံကြည်မှုများ၊ သံသယစိတ်များ၊ စိုးရိမ်စိတ်များကြောင့် ပေါင်းစည်းညီညွတ်နိုင်မှုအား လျော့ကျနေခြင်းသာဖြစ်သည်။ စင်စစ်နိုင်ငံကို တည်ဆောက် ကြရမည့် အနာဂတ်ကလေးငယ်များစွာ ယနေ့တိုင် ကျောင်းပြင်ပရောက်နေရသည်မှာ နိုင်ငံ၏အနာဂတ်အရေးကို လျစ်လျူရှုထားခံနေရဆဲပင်ဖြစ်သည်။ စစ်ခေါင်းဆောင် မိုရှေဒါယန်က ပြောခဲ့သည်။ “ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်ချင်တယ်ဆိုရင် မိတ်ဆွေတွေနဲ့ စကားမပြောပါနဲ့ ရန်သူနဲ့စကားပြောကြပါ”ဟု ဆိုသည်။ မာသာထရီဇာကတော့ “ယုံကြည်ခြင်း၏ အသီးအပွင့်သည်ကား ချစ်ခြင်းမေတ္တာသာတည်း (The Fruit of  Faith is Love) ဟု ဆိုခဲ့သည်။ စာရေးသူတို့နိုင်ငံတွင် စိန်ခေါ်မှုများစွာ ကြုံနေရရာ စစ်ဘုရင်နပိုလီယံဆိုသကဲ့သို့ပင် “တောင်မြင့်တာက သူတို့အလုပ်၊ ကျော်ဖြတ်ဖို့က ကိုယ့်အလုပ်” ဆိုသကဲ့သို့ပင် ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းကို ရှာကြရမည်သာဖြစ်၏။ ကဲ ... ဘာလုပ်ကြမည်နည်း။

ခင်မောင်ဌေး (ပညာရေး)