News

POST TYPE

PERSPECTIVE

ရင်လေးနေရဦးမည့် မောင်တောအနာဂတ် သို့မဟုတ် မောင်တောနာ
12-Jan-2018

ဇန်နဝါရီလ ၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခန့်က မြန်မာ့တပ်မတော် GE တပ်ကားတစ်စီးကို ARSA အကြမ်းဖက်အဖွဲ့မှ ဆွဲမိုင်းနှင့် လုပ်ကြံတိုက်ခိုက်ခဲ့သည်။ အနောက်တံခါး လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသော မြန်မာ့တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ ၂၀၁၇ ခုနှစ်က “အကြမ်းဖက်တိုက်ခိုက်ခြင်းများကို ရပ်နားဦးမည်”ဟု အားမနာစတမ်း ထုတ်ပြန်ခဲ့သော ARSA အဖွဲ့၏ ဒုတိယအကြိမ် အကြမ်းဖက်မှုများ တစ်ကျော့ပြန်ရောက်လာခြင်းဟု ဆိုနိုင်သည်။ 

ဘင်္ဂါလီကိစ္စများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အနောက်တံခါး (မောင်တောခရိုင်ဒေသ) သည် ဆေးယဉ်ပါးနာဖြစ်နေသော လူမမာတစ်ဦးနှင့် တူသည်။ နှစ်ပေါင်းများစွာတိုင်အောင် အတွင်းလှိုက် တိုက်စားနေခဲ့သောအနာသည် မောင်တောဒေသကို ရောဂါရင့်နေခဲ့ပြီဟု ဆိုနိုင်၏။ ဆေးလောကသားများ၏ လက်သုံးစကားဖြစ်သော “အနာသိလျှင် ဆေးရှိသည်”ဆိုသောစကားမှာ အချိန်မရွေး ရောဂါဖောက်လာနိုင်သော မောင်တောဒေသအတွက် စဉ်းစားစရာပင် ဖြစ်၏။ 

(တစ်)

လွန်ခဲ့သော ၂၀၁၇ နှစ် ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်တွင် ဘင်္ဂါလီအကြမ်းဖက်သမားများသည် မောင်တောခရိုင်ဒေသအတွင်းရှိ ရခိုင်လူမျိုး၊ ရခိုင်မျိုးနွယ်စုများ၊ ဟိန္ဒူလူမျိုးများနှင့် အစိုးရဝန်ထမ်းအကုန်လုံးကို အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့ကြသည်။ ထိုအကြမ်းဖက်မှုများတွင် တိုင်းရင်းသားကျေးရွာများအားလုံး ပျက်စီးခဲ့ရသည်။ ၂ ရာခိုင်နှုန်းခန့်မျှသာရှိသော ဒေသခံတိုင်းရင်းသားများအားလုံးလည်း နေရပ်စွန့်ခွာခဲ့ကြရသည်။ ထိုအကြမ်းဖက်တိုက်ခိုက်ခြင်းများအား ARSA အကြမ်းဖက် အဖွဲ့အစည်း၏ လုပ်ရပ်ဖြစ်ကြောင်း အစိုးရက အချိန်မီကြေညာချက်ထုတ်ပြန်ပြီး နယ်မြေရှင်းရေးလုပ်ဆောင်ခဲ့သည်။ ဩဂုတ်လ ၃၀ ရက်နေ့အထိ အကြမ်းဖက်သမားအသေ ၃၇၀ နှင့် အရှင် ၉ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ 

အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုဖြစ်စဉ်များကို သုံးသပ်ကြည့်လျှင် အခြေခံကျသော အချက်နှစ်ချက်ကို တွေ့မြင်နိုင်မည်ဖြစ်၏။ နယ်မြေစောင့်ရဲကင်းများအား ဝိုင်းဝန်းတိုက်ခိုက်ခြင်းသည် မောင်တောခရိုင်ဒေသ၌ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားသွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ တိုင်းရင်းသားကျေးရွာများကို တိုက်ခိုက်ခြင်းမှာ မောင်တောခရိုင် ဒေသအတွင်း၌ တိုင်းရင်းသားကျေးရွာများ အပြီးအပိုင်ကွယ်ပျောက်သွားစေရန်နှင့် မွတ်ဆလင်ဘင်္ဂါလီ သီးသန့်နယ်မြေ ဖန်တီးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ 

(နှစ်)

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ဒေသသည် ဘင်္ဂါလီတို့၏ နှစ်ပေါင်းများစွာ စနစ်တကျစီစဉ်ထားသော စီမံကိန်းနယ်မြေတစ်ခုဟု ဆိုနိုင်သည်။ မောင်တောဒေသထဲမှ ဘင်္ဂါလီများသည် ရခိုင်လူမျိုးတို့၏ သမိုင်းကို လိမ်လည်ဖန်တီးခြင်း၊ ကမ္ဘာ့အင်အားကြီးမီဒီယာနှင့် အင်အားကြီးနိုင်ငံများဆီသို့ ချဉ်းကပ်ကာ မြန်မာနိုင်ငံကို ဖိအားပေးခြင်း၊ ဘာသာရေး၊ လူ့အခွင့်အရေးနှင့် ငွေကြေးတို့ကိုအသုံးချကာ ယာရှင်ကိုမျောက်က တောနှင်ရန် ကြံဆောင်ခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လာခဲ့ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များမှာ လက်ရှိအချိန်တွင် အတော်ပင် ခရီးပေါက်သွားခဲ့ပြီဟု ဆိုနိုင်သည်။

ရခိုင့်သမိုင်းနှင့် မြန်မာ့သမိုင်းတွင်မရှိသော သမိုင်းလိမ် အမည်နာမတစ်ခုကို ကမ္ဘာ့ဟစ်တိုင်ပေါ်မှ တွင်တွင်ကျယ်ကျယ် ဟစ်အော်နိုင်ရုံမျှမက လူသမုတ်သဖြင့် သစ်ငုတ်ကြီးလည်း ကျားအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီးဖြစ်သည်။ သမိုင်းစဉ်အဆက်ဆက်တွင် ရခိုင်လူမျိုးတို့ ပိုင်ဆိုင်ခဲ့သော မောင်တောခရိုင်ဒေသသည်လည်း အချုပ်အခြာအာဏာပိုင် မြန်မာ့နယ်မြေဟု ခေါ်တွင်နိုင်စရာမရှိလောက်အောင်အထိ ဘင်္ဂါလီတို့က လူဦးရေနှင့် ဝါးမျိုသွားနိုင်ခဲ့ပြီး ဖြစ်သည်။ 

(သုံး)

၁၈၈၆ - ၈၇ ခုနှစ် စာရင်းဇယားအရ နတ်မြစ်ဝှမ်း၏ လူနေသိပ်သည်းဆသည် တစ်စတုရန်းမိုင်လျှင် ၂၃၇ ယောက်ရှိပြီး ကုလားတန်မြစ်ဝှမ်းတွင် ၁၄၂ ယောက်ရှိကြောင်း ဆိုသည်။ လူမျိုးအမည်အလိုက် ခွဲခြားရေတွက်ကြည့်သောအခါ နတ်မြစ်ဝှမ်း၌ ရခိုင်/မြန်မာ ၁၅,၂၆၆ ဦး၊ မြို ၇၀၈ ဦးနှင့် ဘင်္ဂါလီ ၃၁,၆၉၅ ဦးရှိကြောင်း ဆိုသည်။ ကုလားတန်မြစ်ဝှမ်းတွင် နေထိုင်ကြသူအရေအတွက်မှာ ရခိုင်/မြန်မာ ၆၉,၇၉၇ ဦး၊ ချင်းလူမျိုး ၁၉၆၉ ဦး၊ မြို ၁၄၂၀ ဦးနဲ့ ဘင်္ဂါလီ ၆၉၇၆ ဦး ရှိသည်။ ၁၉၀၅ ခုနှစ်တွင် မယူဒေသတွင်း၌ ဘင်္ဂါလီကျေးရွာ ၁၁ ရွာသာ ရှိခဲ့သော်လည်း ၁၉၄၂ ခုနှစ်သို့ ရောက်တဲ့အခါ ဘင်္ဂါလီကျေးရွာ ၈၈ ရွာအထိ ရှိလာခဲ့ပြီး လူဦးရေလည်း ၁၇၈,၄၆၇ ဦးအထိ တိုးပွားသွားခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြသည်။ 

၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းအရ ဘူးသီးတောင်မြို့နယ်ထဲတွင် ကျေးရွာပေါင်း ၉၄ ရွာ၊ အိမ်ခြေ ၆၄,၃၀၀ အိမ်၊ လူဦးရေ ၇၈,၉၄၇ ဦးရှိကြောင်း ဖော်ပြသည်။ ထိုဇယားထဲတွင် ဗုဒ္ဓဘာသာဦးရေ ၂၉,၅၄၉ ဦး ရှိနေပြီး ဘင်္ဂါလီဦးရေ ၄၂,၈၅၄ ဦး ရှိကြောင်း ဖော်ပြသည်။ ဘူးသီးတောင်မြို့တွင် ဒုတိယကမ္ဘာစစ်ကြိုအချိန်က ဘင်္ဂါလီပမာဏ ၅၃ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ကြောင်းဆိုသည်။ ထိုဘင်္ဂါလီဦးရေထဲတွင် ပြည်ပမှ အလုပ်လုပ်ကိုင်ရန် လာရောက်ကြသူ အများအပြား ပါဝင်သည်။ သို့သော် ယခုလက်ရှိအချိန်၌ ရခိုင်ပြည်နယ် အနောက်တံခါးသည် ဘင်္ဂါလီဦးရေ ၉၀ ရာခိုင်နှုန်းကျော်ဖြင့် စံချိန်တင်နေခဲ့ပြီဖြစ်၏။ 

(လေး)

ရခိုင်ပြည်နယ် သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်၏ လူဝင်လူထွက်ပြဿနာသည် မြန်မာအစိုးရအဆက်ဆက်ကို ခေါင်းခဲစေခဲ့သော ရောဂါတစ်ခုဖြစ်ခဲ့သည်။ ၁၇ - ၃ - ၁၉၇၈ ခုနှစ်တွင် မြန်မာအစိုးရသည် ဘူးသီးတောင်မြို့နယ်ထဲမှ ကျေးရွာပေါင်း ၈၃ ရွာကို နဂါးမင်းစီမံချက်ဖြင့် ခိုးဝင်ဘင်္ဂါလီဦးရေကို စစ်ဆေးခဲ့သော်လည်း အိမ်ထောင်စုပေါင်း ၆၅၉၄ အိမ်နှင့် လူဦးရေ ၃၅,၅၉၆ ဦးက အစစ်မခံဘဲ ဘင်္ဂလားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း ဆိုသည်။ မောင်တောမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်သူဦးရေ ၈၅,၇၀၅ ဦးနှင့် စွန့်ပစ်အိမ်ခြေ ၁၂,၅၂၂ အိမ်ရှိခဲ့သည်။ 

ဟင်္သာစီမံချက်ကို ဆက်လက်ဆောင်ရွက်သောအခါ မောင်တောမြို့တွင် လူဦးရေ ၇၉,၈၂၃ ဦးနှင့် အိမ်ထောင်စုပေါင်း ၁၂,၄၆၉ အိမ်၊ ဘူးသီးတောင်တွင် လူဦးရေပေါင်း ၅၃,၂၅၄ ဦးနှင့် အိမ်ထောင်စုပေါင်း ၉၀၁၆ အိမ်၊ ရသေ့တောင်မြို့နယ်တွင် လူဦးရေပေါင်း ၁၃,၉၇၈ ဦးနှင့် အိမ်ထောင်စုပေါင်း ၂၂၄၈ အိမ်၊ စစ်တွေတွင် လူဦးရေ ၅၀၅၃ နှင့် အိမ်ထောင်စု ၉၀၀၊ ပေါက်တောတွင် လူဦးရေ ၂၃၂၂ ဦးနှင့် အိမ်ထောင်စု ၈၃၂ အိမ်၊ ကျောက်တော်တွင် လူဦးရေ ၁၂၆၁ ဦးနှင့် အိမ်ထောင်စု ၂၃၆ အိမ်၊ မြောက်ဦးတွင် လူဦးရေ ၃၄၇ ဦးနှင့် အိမ်ထောင်စု ၇၃ အိမ်၊ မင်းပြားတွင် လူဦးရေ ၅၉၂ ဦးနှင့် အိမ်ထောင်စု ၁၃၀၊ စုစုပေါင်း ၁၅၆,၆၃၀ ဦးရေအထိ ဘင်္ဂလားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း ဆိုသည်။ သို့သော် စီမံချက်ပြီးစီးသွားသောအခါ ထွက်ပြေးတိမ်းရှောင်ခဲ့သော ဘင်္ဂါလီဦးရေထက် အဆပေါင်းများစွာ ပြန်လည်ခိုဝင်လာခဲ့ကြမည်မှာ မလွဲ။

(ငါး) 

မောင်တောခရိုင်ဒေသအတွင်းရှိ ဘင်္ဂါလီများသည် ဒေသခံ ရခိုင်လူမျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စုတို့အား လူဦးရေကို လူဦးရေနှင့် တွန်းတိုက်ဝါးမျိုခြင်း၊ မြန်မာ့အချုပ်အခြာအာဏာကို ကမ္ဘာ့ပါဝါဖြင့် တွန်းတိုက်ခြင်းများကို ပြုလုပ်လာခဲ့ကြရုံမျှမက ယခုအခါ လက်နက်ကို လက်နက်ချင်း တိုက်ခိုက်သောအခြေအနေထိ အဆင့်တိုးလာခဲ့ကြပြီးဖြစ်၏။ ထိုသို့ ဘင်္ဂါလီတို့၏ လုပ်ရပ်များ အဆင့်တက်လာသည်နှင့်အမျှ မောင်တောခရိုင်ဒေသထဲမှ ရခိုင်လူမျိုးများသည် တစ်စတစ်စနှင့် နေရပ်စွန့်ခွာလာခဲ့ကြရာ လက်ရှိအချိန်တွင် မောင်တောခရိုင်၌ တိုင်းရင်းသားနယ်မြေများ မကျန်ရစ်တော့မည်ကိုပင် စိုးရိမ်စရာအခြေအနေဖြစ်၏။ 

စက်တင်ဘာလ ၄ ရက်နေ့က အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေးကော်မတီ (ယာယီ) ကို သမိုင်းပညာရှင် ဒေါက်တာအေးချမ်းဦးဆောင်ကာ ဖွဲ့စည်းလိုက်ကြောင်း သတင်းတစ်ပုဒ် ဖတ်ခဲ့ရသည်။ မြန်မာ့အချုပ်အခြာအာဏာတည်မြဲရာ မောင်တောခရိုင်ဒေသထဲ၌ မြန်မာအမျိုးသားများ ပိုင်ဆိုင်သောနယ်မြေများ ပိုမိုကျယ်ပြန့်လာရန် လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သမိုင်းပညာရှင် ဒေါက်တာအေးချမ်းဦးဆောင်သော ထိုအဖွဲ့သည်လည်း ထင်သလောက် အထမြောက်ပုံမရချေ။ ပူးပေါင်းပါဝင်သူ၊ ငွေကြေးအင်အား၊ လုံခြုံရေးအာမခံချက် စသဖြင့် အရာရာ အားနည်းပုံရသည်။

လက်ရှိအချိန်တွင် ၂၀၁၈ ခုနှစ်၏ အဖွင့်နိဒါန်းသည် တစ်ကျော့ပြန် အကြမ်းဖက်မှုများနှင့် စတင်လာခဲ့ပြန်ပြီဖြစ်သည်။ ဆေးယဉ်ပါးနာ ဖြစ်နေသော မောင်တောခရိုင်ဒေသတစ်ခုလုံးကို မည်သို့ ဆက်လက်ကိုင်တွယ် ကုသမည်ဆိုသည်က အဖြေမရှိသော မေးခွန်းတစ်ခုဖြစ်နေရဆဲ။ ဆေးလောကသားများ ပြောကြသကဲ့သို့ အနာသိလျှင် ဆေးရှိသည်ဆိုပါက မောင်တောနာကို မည်သည့်ဆေးနှင့် ကုသရမည်ဖြစ်ကြောင်းကို သိသင့်ချိန်တန်နေပြီ ဖြစ်ပါသည်။ ။

ရက္ခ