News

POST TYPE

PERSPECTIVE

အမှိုက်မှသည် စွမ်းအင်ဆီသို့​နှင့် ပြည်သူ့ကျန်းမာရေးအတွက် သတိပြုစရာများ
12-Jan-2018


၃။ အမှုန်အမွှား (Particulate matter (PM))

မီးခိုး၌ပါလာသည့် ပြာအမှုန်အမွှားများထဲတွင် ပစ္စည်းမျိုးစုံရောပါလာသည်။ အမှုန်အမွှား၏ အရွယ်အစားမှာလည်း အမျိုးမျိုးဖြစ်၏။ မည်သည့်ပစ္စည်းများ မည်မျှပါလာသနည်း ဆိုသည်မှာ Incineration Plant မှ ထွက်လာသည့်မီးခိုးကို နည်းပညာဖြင့် မည်မျှပြုပြင်ထားသနည်း ဆိုသည့်အပေါ် မူတည်ပါသည်။

အမှုန်အမွှားကို ၎င်း၏ အရွယ်အစားဖြင့်တိုင်း၏။ အမှုန်၏အချင်း ၂.၅ မိုက်ခရိုမီတာ (တစ်မိုက်ခရိုမီတာ = တစ်မီတာ၏ တစ်သန်းပုံ တစ်ပုံ) ကို PM2.5 ၊ အမှုန်၏အချင်း ၁၀ မိုက်ခရိုမီတာကို PM10 ၊ အမှုန်၏အချင်း ၁၅ မိုက်ခရိုမီတာကို PM15 ဟုခေါ်၏။ အသက်ရှူလိုက်သောအခါ အမှုန်အမွှားများ အသက်ရှူလမ်းကြောင်းအတိုင်း ဝင်သွားသည်။ အမှုန်သေးလေလေ ဝင်နိုင်အား ပိုကောင်းလေလေဖြစ်၏။

PM 10 အမှုန်သည် အဆုပ်အထိဝင်နိုင်၏။ PM 2.5 အမှုန်မှာမူ အဆုပ်မှ လေပြွန်ကလေးများအတွင်းထိ ဝင်နိုင်၏။ ထိုအမှုန်ကလေးများကို ကြာရှည်ရှူနေရသူသည် အဆုတ်ရောဂါဖြစ်နိုင်သည်။ လေထဲတွင် အမှုန်ပါနှုန်းကို PSI (Pollutant Standards Index) ဖြင့်တိုင်း၏။ လေထဲတွင် PSI ပါဝင်နှုန်း ၁၀၁ နှင့်အထက်ကို ကျန်းမာရေးအတွက် မသင့်တော်သည့်လေဟု သတ်မှတ်သည်။ လေတွင် အမှုန်အမွှားပါဝင်မှုနှင့် ကျန်းမာရေးအတွက် စင်ကာပူမှ သတ်မှတ်ထားသည်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရှင်းလင်းချက်

စင်ကာပူတွင် လေထဲ၌ အမှုန်အမွှား ပါဝင်နှုန်းကို NEA website ၌ အချိန်နှင့်အမျှ ဖော်ပြထားပါသည်။ အကယ်၍ အမှုန်အမွှား ပါဝင်နှုန်း မြင့်တက်လာပါက သတိထားကြရန် (သို့မဟုတ်) အပြင်ထွက်ခြင်း၊ ပြင်ပ၌ အလုပ်လုပ်ခြင်းများ လျှော့ချရန် အများပြည်သူသို့ ကြေညာပါသည်။ N95 ဖုန်ကာများ ရောင်းချပေးပါသည်။ 

အကယ်၍ Incineration Plant ဆောက်ပြီဆိုပါက ထိုအနီး၌ အမှုန်အမွှားပါဝင်နှုန်း တိုင်းသည့်စက်များ တပ်ဆင်ထားပြီး အများပြည်သူသို့ ထုတ်ပြန်ကြေညာသင့်ပါသည်။ ထိုစက်အနီး နေသူများအားလည်း ပညာပေးအစီအစဉ်များ လုပ်ရပါမည်။ N95 ဖုန်ကာများ အခမဲ့ ဖြန့်ဝေရပါမည်။ 

၎။ နိုက်ထရိုဂျင်အောက်ဆိုဒ်များ (Nitrogen Oxides)

အမှိုက်ကိုမီးရှို့ရာမှ ထွက်လာသည့် မီးခိုးတွင် နိုက်ထရစ်အောက် ဆိုဒ် Nitric oxide (NO) ပါလာသည်။ ၎င်းသည် လေနှင့်ထိတွေ့ပြီး ဓာတ်ပြုကာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် (NO2) ဖြစ်သွားသည်။ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်ကြောင့် ကျန်းမာရေးကို နည်းလမ်းနှစ်သွယ်ဖြင့် ထိခိုက်နိုင်သည်။ 

ပထမနည်းမှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို တိုက်ရိုက်ရှူသွင်းမိခြင်းဖြစ်၏။ ဒုတိယနည်းမှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်သည် လေထဲမှ အိုဇုန်းနှင့်ဓာတ်ပြုခြင်းဖြစ်၏။ ဤဒုတိယနည်းက နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်ကို တိုက်ရိုက်ရှူမိခြင်းထက် အသက်ရှူလမ်းကြောင်းကို ပိုမိုဒုက္ခပေးနိုင်သည်။ 

နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်သည် ရေ၌ ပျော်ဝင်နိုင်၏။ အသက် ရှူသွင်း၍ အဆုတ်တွင်း ဝင်သွားသောအခါ အဆုတ်တွင်း လေပြွန်များရှိ ရေနှင့်ဓာတ်ပြုကာ နိုက်ထရပ်အက်စစ် (HNO2) နှင့် နိုက်ထရစ်အက်စစ် (HNO3) များဖြစ်သွားသည်။ ထိုအက်စစ်များသည် အဆုတ်ရောဂါများကို ဖြစ်စေ၏။ အထူးသဖြင့် ထိုမီးခိုးကို ကြာရှည်ရှူနေရသည့် ကလေးငယ်များတွင် ပို၍အဖြစ်များသည်။

၅။ ဟိုက်ဒရိုဂျင် ကလိုရိုဒ် - Hydrogen Chloride (HCL)

မီးခိုးတွင်ပါလာသည့် ဟိုက်ဒရိုဂျင်ကလိုရိုဒ်က လူ၏ကျန်းမာရေးကို ဆိုးရွားစွာ ဒုက္ခပေးနိုင်သည်။ လေထဲတွင် HCL ပါဝင်နှုန်း 5 ppm (ppm = parts per million) မျှပါလျှင်ပင် မျက်စိများယားယံခြင်း၊ လည်ချောင်းယားခြင်း စသည်တို့ ဖြစ်နိုင်သည်။ အကယ်၍ ပါဝင်နှုန်းသည် 50 - 100 ppm ထိရှိလာလျှင် နှာခေါင်းသွေးယိုခြင်း၊ နှာခေါင်း၊ ပါးစပ်၊ အာခေါင် စသည်တို့၌ ပြည်တည်နာများဖြစ်ခြင်း စသည်တို့ ဖြစ်နိုင်သည်။ ထို့ပြင် HCL နှင့် ကြာရှည်ထိတွေ့ရပါက သွားများပဲ့ခြင်း၊ စားသွားခြင်း စသည်တို့လည်း ဖြစ်တတ်သည်။ 

၆။ ကာဗွန်မိုနောက်ဆိုဒ် (CO)

အမှိုက်များကို အားလုံးလောင်ကျွမ်းသွားလျှင် (Complete Combustion) ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ (CO2) ထွက်သည်။ မီးခိုးများမှာ များသောအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ ဖြစ်၏။

သို့သော် အမှိုက်များကို မီးရှို့ရာ၌ အားလုံး လောင်ကျွမ်းသွားသည် မဟုတ်။ အပြည့်အဝ မီးလောင်မသွားသည့် အစိတ်အပိုင်းများလည်း ကျန်ခဲ့သည်။ ထိုကဲ့သို့ အပြည့်အဝ မီးမလောင်ခြင်း (Imcomplete Combustion) ကြောင့် မီးခိုးထဲတွင် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့များ ပါလာသည်။ 

သွေးထဲရှိ ဟေမိုဂလိုဘင်နှင့် ပေါင်းစပ်ရာတွင် ကာဗွန်မိုနောက်ဆိုဒ်က အောက်ဆီဂျင်ထက် အဆ ၂၀ဝ သာသည်။ ထို့ပြင် ကာဗွန်မိုနောက်ဆိုဒ်နှင့်ပေါင်းမိသွားသော ဟေမိုဂလိုဘင်ကို သန့်စင်သော ဟေမိုဂလိုဘင်အဖြစ် လုံးဝ ပြန်မရနိုင်တော့။ ဤဖြစ်စဉ်က သွေး၏ အောက်ဆီဂျင် သယ်ပို့နိုင်သည့်စွမ်းရည်ကို ကျဆင်းစေသည်။ 

ကျွန်ုပ်တို့သည် အောက်ဆီဂျင်ဖြင့် အသက်ရှင်နေရခြင်းဖြစ်၏။ လူ့ဦးနှောက်သည် အောက်ဆီဂျင်မရတော့ပါက ၃ မိနစ်အတွင်း မေ့မြောနိုင်သည်။ ၅ မိနစ်ကြာလျှင် သေဖို့ ခြေလှမ်းစပြင်နေပြီဖြစ်၏။ ၁၀ မိနစ်ကြာသည့်အခါ ဦးနှောက်သည် အလုပ် လုပ်နေသည့်တိုင် မေ့မြောသွားလိမ့်မည်။ အကယ်၍သာ ဦးနှောက်သည် ၁၅ မိနစ်ကြာ အောက်ဆီဂျင် ပြတ်လပ်သွားပါက အသက်ရှင်ဖို့ရာ မလွယ်တော့ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ဦးနှောက်အတွက် အောက်ဆီဂျင်သည် အလွန် အရေးကြီးလေသည်။

အကယ်၍ လူသည် ကာဗွန်မိုနောက်ဆိုဒ် 25 ppm ပါသည့်လေကို ရှူသွင်းမိလျှင် Carboxyhemoglobin (COHb) ပါဝင်နှုန်း ၅ ရာခိုင်နှုန်းကိုဖြစ်စေသည်။ ထိုအခြေအနေတွင် အသက်ရှူလမ်းကြောင်း ပြဿနာများဖြစ်နိုင်သလို ကလေးရရန် ခဲယဉ်းသွားပေတော့မည်။ COHb ပါဝင်နှုန်း ၅၀ ရာခိုင်နှုန်းတွင် အဆုတ်နှင့် ဦးနှောက်၌ အကြီးစား ပျက်စီးမှုများ ဖြစ်လာမည်။ အကယ်၍ ဤပါဝင်နှုန်း ၇၀ ရာခိုင်နှုန်းထိ မြင့်တက်လာပါက အသက်ဆုံးရှုံးမည်။ 

ကာဗွန်မိုနောက်ဆိုဒ် 35 ppm ပါသည့်လေထဲတွင် ၆ နာရီမှ ၈ နာရီ ကြာနေထိုင်ရပါက COHb ပါဝင်နှုန်း ၅ ရာခိုင်နှုန်းဖြစ်ဖို့ သေချာသလောက် ဖြစ်သည်ဟု စစ်တမ်းများက ဖော်ပြထား၏။ 

ပတ်ဝန်းကျင်လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ်များ ရောက်မသွားစေဖို့ Waste-To-Energy စက်ရုံများတွင် အမှိုက်များကို မီးကောင်းကောင်းရှို့ပေးရန် လိုပေသည်။

၇။ ကက်ဒ်မီယမ်

အမှိုက်ကိုရှို့လိုက်ရာမှ ထွက်လာသော မီးခိုးထဲတွင် သတ္တုမှုန်များလည်း ပါလာသည်ဖြစ်ရာ ထိုသတ္တုမှုန်များကြောင့် လူ၏ကျန်းမာရေးကို ထိခိုက်ခြင်းအကြောင်း အကျဉ်းမျှ တင်ပြပါဦးမည်။

လေထဲတွင် ကက်ဒ်မီယမ်သတ္တုမှုန် 1.8 × 10−3 per µg/m3 ခန့် ပါလာပါက သွေးအားနည်းရောဂါ ဖြစ်နိုင်သည်။ ပမာဏ သိပ်မများလျှင် ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်နာ စသည်တို့ ဖြစ်တတ်သည်။

၈။ ခဲ (Lead)

ခဲဓာတ်ပါသည့်လေကိုရှူမိလျှင် ခဲဆိပ်သင့်မည်။ ခဲဆိပ်သင့်ပါက အစားအသောက် ပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ပင်ပန်းခြင်း၊ မှတ်ဉာဏ်နည်းခြင်း၊ အားနည်းခြင်း၊ ခြေလက်တို့ နာကျင်ခြင်း စသည်တို့ ဖြစ်တတ်သည်။

၉။ ပြဒါး (Mercury)

ပြဒါးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အများပြည်သူ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ထိပ်ဆုံး ဓာတုပစ္စည်း ၁၀ မျိုးတွင် တစ်မျိုး အပါအဝင်ဖြစ်သည်ဟု သတ်မှတ်ထားသည်။ 

ပြဒါးပါသည့် လေကိုရှူမိလျှင် အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်းများကို ဖြစ်စေသည်သာမက နာ့ဗ်ကြောစနစ်၊ အစာချေ အဖွဲ့အစည်း၊ အဆုတ်၊ ကျောက်ကပ်နှင့် ခန္ဓာကိုယ်ရောပြီးစနစ်များကို ထိခိုက်စေနိုင်သည်ဟု WHO ၏ Mercury and Health စာမျက်နှာတွင် ဖော်ပြထားသည်။

၁၀။ ခရိုမီယမ် (Chromium)

ခရိုမီယမ်သည် ရင်ကျပ်ပန်းနာ၊ လည်ချောင်းနာ၊ အာသီးရောင်ခြင်းတို့ကို ဖြစ်စေ၏။ ခရိုမီယမ် အများအပြား ပါသည့်လေကို ရှူရှိုက်မိပါက အဆုတ်ကင်ဆာကိုပင် ဖြစ်စေနိုင်သည်။ 

၁၁။ အာဆင်းနစ် (Arsenic)

အာဆင်းနစ်ကို ကင်ဆာဖြစ်စေနိုင်သောပစ္စည်းဖြစ်သည်ဟု သတ် မှတ်ထားသဖြင့် လူတို့ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိသော ဓာတ် ပစ္စည်းဟု မှတ်ယူထားရမည်။ အာဆင်းနစ်အများအပြားရှူမိ၊ စားမိပါက ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်းတို့ဖြစ်ပြီး သေသည်ထိ ဖြစ် တတ်သည်။

အာဆင်းနစ်ပါသည့်လေကို ကြာရှည်ရှူနေရပါက နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အဆုတ်ကင်ဆာတို့ ဖြစ်စေနိုင်သည်။ မွေးလာမည့် သန္ဓေသားကို ထိခိုက်နိုင်သည်။ အရေပြားများ ကျွဲပခုံးထလာမည်။ အရေပြားကင်ဆာ ဖြစ်တတ်သည်။ 

၁၂။ ဘေရီလီယမ် (Beryllium)

ဘေရီလီယမ်သည်လည်း ကင်ဆာဖြစ်စေနိုင်သောပစ္စည်း ဖြစ်ပါသည်။ အဓိကအားဖြင့် အဆုတ်ကိုဒုက္ခပေးသည်။ ခန္ဓာကိုယ်အတွင်းသို့ ဘေရီ လီယမ် ဝင်သွားသည့်အခါ အချို့ ပရိုတိန်းများဖြင့်ဓာတ်ပြုပြီး အဆိပ်များထုတ်သည်။ ထိုအဆိပ်များသည် သွေးမှတစ်ဆင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများဆီ ရောက်သွားပြီး အရေပြား၊ အသည်း၊ ကျောက်ကပ်၊ နာ့ဗ်ကြောစနစ်များကိုပါ ထိခိုက်စေသည်။

ဘေရီလီယမ်ကြောင့်ဖြစ်သော ရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ အသက်ရှူမဝခြင်း၊ ညဘက်ချွေး အများအပြား ထွက်ခြင်း၊ ချောင်းဆိုးခြင်း၊ ခန္ဓာကိုယ် အလေးချိန်ကျခြင်းတို့ ဖြစ်သည်။ သို့သော် ကာလကြာရှည်စွာ ရောဂါလက္ခဏာ မပြဘဲလည်း နေတတ်သည်။

၁၃။ ဒိုင်အောက်ဇင်စ်နှင့် ဖျူရမ်များ (Dioxins and Furans)

ထိုပစ္စည်းများသည်လည်း ကင်ဆာဖြစ်စေနိုင်သည်။ ကြာရှည်ထိတွေ့ရလျှင် မျိုးပွားအင်္ဂါစနစ်၊ ခန္ဓာကိုယ် ရောဂါပြီး စနစ်များကိုပါ ထိခိုက်စေနိုင်၏။ 

ခန္ဓာကိုယ်အတွင်းသို့ ဒိုင်အောက်ဇင်းဝင်သွားပါက ၇ နှစ်မှ ၁၁ နှစ်ကြာထိ တည်ရှိနေနိုင်သည်။ ဒိုင်အောက်ဇင်းကြောင့် အရေပြားဆိုင်ရာ ရောဂါများ၊ အသည်းရောဂါများ၊ နာ့ဗ်ကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်သည်။

နိဂုံး

ယခု ကျွန်တော် အမှိုက်မှသည်စွမ်းအင်ဆီသို့ (WTE = Waste-To-Energy) စက်ရုံများမှ ထွက်သော မီးခိုးတွင်ပါသည့် ဓာတ်ပစ္စည်းများနှင့် ထိုဓာတ်ပစ္စည်းများကြောင့် အများပြည်သူ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အကြောင်းများ ရေးသားဖော်ပြခဲ့ပါသည်။

နောက်ထပ်လည်း WTE စက်ရုံများ ထပ်ဆောက်ပါလိမ့်ဦးမည်။ ထိုစက်ရုံများဆောက်ခြင်းကို ကြိုဆိုရမည်ဖြစ်ပါသည်။ သို့သော် စက်ရုံ ဆောက်ခြင်းနှင့်အတူ အများပြည်သူ ကျန်းမာရေးမထိခိုက်အောင် တစ်ပါတည်း ထည့်သွင်းစီမံထားဖို့ လိုပါလိမ့်မည်။ ထည့်သွင်းစီမံကြလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။ မစီမံရသေးဆိုလျှင်လည်း စက်ရုံမလည်မီ အဆောတလျင် စီမံကြဖို့ တိုက်တွန်းပါသည်။ 

စင်ကာပူတွင် ရေထု၊ လေထု၊ မြေထု မညစ်ညမ်းအောင် တာဝန်ယူထားသည့်အဖွဲ့မှာ NEA (National Environment Agency) ဖြစ်ပါသည်။ သူတို့က ရေထု၊ လေထု၊ မြေထု ညစ်ညမ်းစေမည့်ကိစ္စရပ်များကို ထိန်းချုပ်နိုင်ရန် အဆင့်မြင့် နည်းပညာများသုံးလျက် မပြတ်စောင့်ကြည့်နေပါသည်။ ဥပဒေများလည်း ပြဋ္ဌာန်းထားပါသည်။ ပြဋ္ဌာန်းထားသည်တို့ကို မလိုက်နာပါကလည်း ပြတ်ပြတ်သားသား အရေးယူ အပြစ်ပေးပါသည်။

ဤသည်မှာ တရားဥပဒေစိုးမိုးမှ ဖြစ်သည်။ မြန်မာပြည်မှ တရားဥပဒေ စိုးမိုးမှုမှာ ယခုထိ မေးခွန်းထုတ်စရာ ဖြစ်နေသေးသည်။ လေထုကိုတိုင်းတာဖို့ဆိုတာ၊ တိုင်းတာ၍ရသည့် ရလဒ်များကို အင်တာနက်နှင့်ချိတ်ထားပြီး မပြတ်စောင့်ကြည့်နေဖို့ဆိုတာ မြန်မာနိုင်ငံ လက်ရှိ အနေအထားအရ ဖြစ်နိုင်ပါဦးမည်လား။ လက်တွေ့တွင်မှာတော့ မိုးရွာလို့ရေလျှံပြီး အိမ်သာကျင်းများထဲမှ ထွက်လာသည့်ရေများထဲတွင်ပင် လူများသည်အတိုင်း သွားလာနေကြရသေးသည်။ 

ဆေးရုံမှထွက်လာသည့် အမှိုက်များကို မည်သို့ပစ်ကြသနည်း။ ဆေးရုံ ဆေးခန်းများမှ ခွဲစိတ်ပြီး ဆေးကြောလိုက်သည့်ရေများကို မည်သည့်နေရာတွင် သွန်ကြသနည်း။ ဓာတုအမှိုက်များကို မည်ကဲ့သို့ စီမံကြသနည်း။

မည်သို့မှ မစီမံပါ။ သည်အတိုင်း ပစ်လိုက်ကြသည်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ကား ရောဂါပိုးပေါင်းစုံပြည့်နေသည့် ပတ်ဝန်းကျင်တွင် နေထိုင်ကြရကုန်၏။ မဖြစ်သင့်သော ရောဂါများသည်လည်း ဖြစ်ကြကုန်၏။ မသေသင့်ဘဲလည်း စောစီးစွာ ပျော်ပျော်ကြီး သေကြကုန်၏။

အသက်ဉာဏ်စောင့် ဟူသောစကားသည် ရှိ၏။ ဉာဏ်ဖြင့်စောင့်ဖို့ရာ ထိုက်သင့်အားလျော်သော အသိပညာ၊ ဗဟုသုတရှိမှ ဖြစ်မည်။ သို့မဟုတ်ပါက အဘယ်ကဲ့သို့ စောင့်မည်နည်း။

ကောင်းမွန်သော စနစ်တစ်ခုကို ချမှတ်ကျင့်သုံးကြသူများ ဖြစ်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသတည်း။

အေးငြိမ်း (လေးမျက်နှာ)
၅ ဇန်နဝါရီ၊ ၂၀၁၈
ရည်ညွှန်းအင်တာနက်စာမျက်နှာများ
https://www.ncbi.nlm.nih.gov/
http://www.nea.gov.sg/
http://www.who.int/mediacentre/
https://www.ccohs.ca/oshanswers/