News

POST TYPE

PERSPECTIVE

ဒုတိယတန်းကျောင်းသားမျက်နှာဆိတ်ဆွဲသည့် ဆရာမကို ရာထူးချပြီး ကျောင်းပြောင်း
ကလေး၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ နယ်တွင် ဒုတိယတန်းကျောင်းသား မျက်နှာ ကို လက်သည်းဖြင့် ဆိတ်ဆွဲခဲ့သည့် ဆရာမကို မူလရာထူးမှ ရာထူးလျှော့ချကာ ကျောင်းပြောင်းရွှေ့ခဲ့ကြောင်း အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း (အထက်တန်းကျောင်းခွဲ) မှ တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းလှိုင်က ပြောကြားသည်။ 

ကျောင်းသားမျက်နှာကို ဆိတ်ဆွဲခဲ့သည့် ဆရာမ ဒေါ်မန်ရှန်းလွန် ၃၃ နှစ်ကို အလယ်တန်းပြရာထူးမှ မူလတန်းပြအဖြစ် ရာထူးလျှော့ချခဲ့ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ကလေးမြို့နယ် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း (အထက်တန်းကျောင်း ခွဲ) မှ ကလေးမြို့နယ် ကျောင်းတိုက်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သို့ ပြောင်းလဲတာဝန် ထမ်းဆောင်ရန် ဇန်နဝါရီလ ၉ ရက်နေ့က ညွန်ကြားချက် ရရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ ကျောင်းကိုတော့ စွန့်လွှတ်ကြောင်း ဒီနေ့ပဲ လာတင်သွားပြီ”ဟု ဆရာကြီး ဦးဇော်ဝင်းလှိုင်က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့က ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်ရှိ အသက်ရှစ်နှစ်အရွယ် ကျောင်းသား နေအိမ်တွင် ယင်းဆရာမသည် မြန်မာစာ သင်ကြားပေးစဉ် ကလေး၏မျက်နှာကို လက်သည်းဖြင့် ဆိတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျောင်းသား၏ အတန်းပိုင်မှူးက ကျောင်းအတွင်း စာသင်ကြားချိန် ကျောင်းသား၏မျက်နှာမှ ဒဏ်ရာများကိုမြင်ပြီး ကျောင်းအုပ် ဆရာကြီးထံ အကြောင်းကြားရာမှ စုံစမ်းစစ်ဆေးခဲ့ကာ တွေ့ရှိချက်များကို မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် စစ်ကိုင်းတိုင်း ပညာရေးမှူးရုံးသို့ တင်ပြခဲ့ရာမှ အထက်ပါအတိုင်း ညွန်ကြားခဲ့ခြင်း ဖြစ်သည်။

R-20